" Gap Inc အဝတ်အထည်လုပ်ငန်းစုရဲ့ စီမံခန့်ခွဲမှုမဟာဗျူဟာများ "

အမေရိကန်အခြေစိုက် အဝတ်အထည်လုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Gap အမှတ်တံဆိပ်ကတော့ ချီနိုပိတ်သားနဲ့ ချုပ်လုပ်ထားတဲ့ စတိုင်ဘောင်းဘီတွေ၊ ချည်သားအေးအေးလေးနဲ့ ချုပ်လုပ်ထားတဲ့ ဗြောင်တီရှပ်တွေကို ထုတ်လုပ်တဲ့နေရာမှာ နာမည်ကြီး ကုန်အမှတ်တံဆိပ်တစ်ခု ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်း ဒီဇိုင်းတွေကို ဦးစားပေးထုတ်လုပ်ပေမယ့် တစ်နှစ်ထက်တစ်နှစ် မတူညီတဲ့ ဖက်ရှင် ရေစီးကြောင်းပေါ်မှာ လူငယ်တွေကို ဆွဲဆောင်နိုင်မယ့် ဒီဇိုင်းတွေကိုလည်း ဖန်တီးနေတာဖြစ်ပါတယ်။

Gap ကုန်အမှတ်တံဆိပ် စတင်ဖြစ်ပေါ်လာတာကတော့ လူငယ်အကြိုက် ဂျင်းဘောင်းဘီတွေရောင်းချတဲ့ ဆိုင်လေးကို ဆန်ဖရန်စစ္စကိုမြို့မှာ ဖွင့်လှစ်ရာကနေ စတင်ခဲ့တာဖြစ်ပါတယ်။ Gap ရဲ့ တည်ထောင်သူ ဒေါ်နယ်ဖစ်ရှာ (Donald Fisher) က သူဝယ်ယူခဲ့တဲ့ Levi’s အမှတ်တံဆိပ်ဘောင်းဘီက တစ်လက်မကျော် လောက်တိုနေပြီး အတိုင်းမှာ ကိုက်ညီမှုမရှိတာကြောင့် ကုန်တိုက်မှာ သွားရောက်လဲလှယ်ရာကနေ ဆိုဒ်မျိုးစုံရနိုင်တဲ့ အဝတ်အထည်ထုတ်လုပ်ရောင်းချမှုမှာ ဈေးကွက်အခြေအနေရှိသေးတာကို တွေ့ရှိ သွားပြီး စတင်ဖြစ်ခဲ့တာဖြစ်ပါတယ်။ ၁၉၆၉ ခုနှစ်မှာတော့ Gap ရဲ့ ပထမဆုံးဆိုင်ကို စတင်ဖွင့်လှစ် ခဲ့ပါတယ်။ ၁၉၇၀ ပြည့်နှစ်မှာတော့ ကယ်လီဖိုးနီးယားမှာ (၆) ဆိုင် ဖွင့်လှစ်ထားရှိပြီးဖြစ်ပြီး ၁၉၇၆ ခုနှစ်မှာတော့ အများပြည်သူပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲခဲ့ပြီး ရှယ်ယာတွေကို ရောင်းချခဲ့ပါတယ်။

ဒါပေမဲ့ သူတို့ရှယ်ယာတွေ စတင်ရောင်းချတဲ့နှစ်မှာပဲ စျေးနှုန်းပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပြီး သူတို့ရဲ့ အမြတ်များလျော့နည်းလာကာ ရှယ်ယာတော်တော်များများကို ဈေးလျှော့ရောင်းဖို့အတွက် တွန်းအား များရှိလာခဲ့ပါတယ်။ Gap အနေနဲ့ အမြဲတမ်းဈေးနှိမ်ခံရတဲ့အခြေအနေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ၁၉၈၃ ခုနှစ်မှာတော့ တည်ထောင်သူ ဒေါ်နယ်ဖစ်ရှာဟာ နယူးယောက် လက်လီရောင်းချမှုနယ်ပယ်မှာ အသက်ငယ်ပေမယ့် ထူးချွန်တဲ့လူငယ်တစ်ဦးဖြစ်တဲ့ မစ်ကီဒရွက်စလာ (Mickey Drexler) ကို ခန့်အပ်ကာ တာဝန်ပေးခဲ့ပါတယ်။ ဒရွက်စလာရဲ့အမြင်ကတော့ တစ်ခုတည်းမှာပဲ အာရုံစိုက်လေ့ရှိပြီး အကြီးတန်းအရာရှိတွေနဲ့ ပြုလုပ်တဲ့ အစည်းအဝေးမှာလည်း “Simplify” ဆိုတဲ့ စကားလုံးတစ်လုံးကိုသာ ညွှန်ကြားခဲ့ပါတယ်။ သူတို့ အာရုံစူးစိုက်မှုက “essentials” ဆိုတဲ့ အပေါ်မှာမူတည်ပြီး အရည်အသွေးကောင်းမွန်တဲ့ဂျင်းနဲ့ တီရှပ်များ ကိုသာ ဆိုဒ်စုံ၊ အရောင်စုံ ဒီဇိုင်းဆွဲကာ ထုတ်လုပ်ပြီး Gap ထုတ်ကုန်တွေရဲ့ အရည်အသွေးကို တိုးမြှင့်ခဲ့ကာ တစ်ပြိုင်တည်းမှာပဲ ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ချနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဒရွက်စလာအနေနဲ့ Gap ရဲ့ အရောင်းဆိုင်တွေကိုလည်း ပြန်ပြီးဒီဇိုင်းလုပ်ခဲ့ပါတယ်။ အဓိက အနေနဲ့ အလင်းရောင် (Lighting) နဲ့ ကျယ်ကျယ်ဝန်းဝန်းပုံစံ ခံစားရစေဖို့ ပြန်လည်ပုံဖော်ခဲ့ပါတယ်။ Gap ရဲ့ အထင်ကရအမှတ်အသားလို့တောင် ပြောလို့ရတဲ့ အဝတ်စင်တွေ၊ သစ်သားကြမ်းခင်း၊ နံရံအဖြူတွေနဲ့ ဆိုင်တိုင်းကို ပြောင်းလဲခဲ့ပါတယ်။ ဆိုင်ရဲ့အလယ်မှာလည်း စားပွဲပုံစံတစ်ခု ပြုလုပ်ထားပြီး အဲ့အပေါ်မှာလည်း highlight လုပ်ချင်တဲ့ ဒီဇိုင်းအဝတ်အထည်တွေကို ပြသထားကာ ဝယ်သူတွေအနေနဲ့ အလွယ်တကူ ကောက်ပြီး ဝတ်ကြည့်လို့ရအောင် ပြင်ဆင်ပေးထားပါတယ်။

Gap က ဝန်ထမ်းတွေအတွက်လည်း Gap employee’s bible လို့တောင်ခေါ်တဲ့ ဝန်ထမ်းများအတွက် guideline ထုတ်ပေးထားတဲ့ “What You Should Know About Working at Gap Inc” ဆိုတဲ့ စာအုပ်ပါ ထုတ်လုပ်ပေးထားပါတယ်။ Gap မှာ အလုပ်လုပ်ဖို့ အရေးအကြီးဆုံး အရည်အချင်းတစ်ခုအနေနဲ့ မရှိမဖြစ်လိုအပ်တာကတော့ အဝတ်အထည်တွေကို ချက်ချင်းပြန်ပြီး ခေါက်နိုင်ဖို့ ဖြစ်ပါတယ်။ ဒရွက်စလာအနေနဲ့လည်း Gap ရဲ့ ဆိုင်တွေကို သူကိုယ်တိုင် လှည့်ပတ်ကြည့်ရှုကာ သူ့ရဲ့ ဝန်ထမ်းတွေက သူချမှတ်ထားတဲ့ SOP တွေကို ဘယ်လောက်ထိမှတ်မိလဲဆိုတာ စစ်ဆေးလေ့ရှိပါတယ်။

ကြော်ငြာတဲ့နေရာမှာလည်း သူတို့ရဲ့ ကနဦးထုတ်ကုန်တွေကိုပဲ ပိုပြီး တန်ဖိုးမြှင့်တဲ့အသွင်ဆောင်တဲ့ ကြော်ငြာတွေကိုသုံးခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာတော့ “Individuals of style” လို့ခေါ်တဲ့ ကမ်ပိန်းကို ပြုလုပ်ခဲ့ပြီး သူတို့ဒီဇိုင်းထဲက အဖြူနဲ့အမည်းအရောင်တွေကိုပဲသုံးသွားပြီး အနုပညာရှင်တွေကို ဝတ်ဆင်ပေးခဲ့တာ ဖြစ်ပါတယ်။ Gap အနေနဲ့ သူတို့ brand အတွက် အနုပညာရှင်ရွေးချယ်တာကိုလည်း သေချာရွေးချယ်ခဲ့ပြီး mass-market ကို ရောင်းချနေတဲ့ အဝတ်အထည်တွေကို တစ်ဦးချင်း သီးသန့် အနေနဲ့ ခံစားရစေဖို့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

၁၉၉၀ ခုနှစ်မှာတော့ Gap အနေနဲ့ ဆိုင်ခွဲပေါင်း (၉၆၅) ဆိုင်ရှိခဲ့ပြီဖြစ်ပြီး GapKids, BabyGap နဲ့ Banana Republic စတဲ့ အမှတ်တံဆိပ်အခွဲတွေကိုပါ ထုတ်လုပ်ခဲ့ပြီး အမေရိကန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံး အဝတ်အထည် လက်လီအရောင်းလုပ်ငန်း ဖြစ်လာခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာတော့ Gap ရဲ့ ဒီဇိုင်းတွေက ပျင်းဖို့ကောင်းတယ်ဆိုတဲ့ ဝယ်သူတွေရဲ့ complaint တွေကို တုံ့ပြန်ဖို့ ပိုပြီးဖက်ရှင်ကျတဲ့ product line တစ်ခုကို အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပြီး ပြိုင်ဘက်တွေထဲက သူတို့ရဲ့ ပင်တိုင်ဒီဇိုင်းများအား အတုခိုးတဲ့သူတွေကို ကာကွယ်ခဲ့ပါတယ်။

၁၉၉၄ ခုနှစ်မှာတော့ Gap အနေနဲ့ နောက်ထပ် အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Old Navy အမှတ်တံဆိပ်ကို တိုးချဲ့ထုတ်လုပ်ခဲ့ပြန်ပါတယ်။ ဒရွက်စလာအနေနဲ့ သူ့ရဲ့ပထမ မဟာဗျူဟာအတိုင်းပဲ ရိုးရှင်းတဲ့ ချည်သား classic ဒီဇိုင်းတွေနဲ့ လုပ်ငန်းခွင်မှာ ဝတ်ဆင်နိုင်မယ့် ရိုးရှင်းတဲ့ဒီဇိုင်းတွေကို ထုတ်လုပ်ခဲ့ ပါတယ်။ Old Navy ရဲ့ ပထမ (၄) နှစ်အတွင်း ရောင်းအားက အမေရိကန် ဒေါ်လာ (၁) ဘီလီယံအထိ ရှိခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ဒရွက်စလာရဲ့ အမြင်တစ်ခုတည်းမှာပဲ အာရုံစိုက်လေ့ရှိတဲ့ လမ်းညွှန်မှုတွေက ကုမ္ပဏီအတွက် အံဝင်ခွင်ကျသိပ်မဖြစ်တော့ဘဲ risk များလာခဲ့ပါတယ်။ Gap အနေနဲ့လည်း ဆိုင်ခွဲပေါင်း (၄၀၀၀) လောက် ဖြစ်လာခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်နဲ့ ၂၀၀၁ ခုနှစ်မှာတော့ ဒရွက်စလာကိုယ်တိုင် ပြောလာတဲ့ အခက်ခဲဆုံးအချိန်ကို ရောက်လာခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာ အမြတ် ဒေါ်လာ (၈၇၇) မီလီယံ နီးပါး ရှာဖွေနိုင်ခဲ့ပေမယ့် ၂၀၀၁ ခုနှစ်အစပိုင်းမှာပဲ ဒေါ်လာ (၈) မီလီယံလောက် အရှုံးပေါ်နေပါ သေးတယ်။ အဲ့ဒီနောက်တော့ ကုမ္ပဏီအနေနဲ့ ဒရွက်စလာရဲ့ လုပ်ကိုင်မှုအပေါ် ယုံကြည်မှု ကျဆင်းခဲ့ပြီး သူ့အနေနဲ့လည်း ရာထူးမှ ကျဆင်းခဲ့ပါတယ်။

လက်ရှိမှာတော့ Gap Inc အနေနဲ့ လုပ်ကိုင်နေပြီး ဝန်ထမ်းပေါင်း (၉၅,၀၀၀) ကျော်ဖြင့် ဆိုင်ခွဲပေါင်း (၃၃၀၀) ကျော်အပြင် online ကလည်း ရောင်းချမှု မြင့်မားနေတာဖြစ်ပါတယ်။ အုပ်ချုပ်သူတွေအနေနဲ့ တည်ထောင်သူ ဒေါ်နယ်ဖစ်ရှာရဲ့သား ရောဘတ်(ဂျေ)ဖစ်ရှာက ဥက္ကဌအဖြစ် လုပ်ကိုင်ဆောင်ရွက် နေတယ်လို့ ဖော်ပြထားပါတယ်။ ၂၀၂၂ ခုနှစ်ရဲ့ ဒေတာများအရ အမြတ်ငွေ (၁၅.၆) ဘီလီယံရရှိနေတဲ့ လုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။

Ref: https://www.gapinc.com/en-us

Ref: 100 Great Business and the Minds Behind Them by Emily Ross and Angus Holland

 

Daw May Thet Hnin

MBA (Heriot-Watt University)