စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုကို ဘယ်လိုမြှင့်တင်မလဲ ?

စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုဆိုသည်မှာ သင့်စိတ်ခံစားမှုတွေကို စီမံခန့်ခွဲဖို့နဲ့ စိတ်ခံစားမှုတို့ကို နားလည်စေဖို့ ချုပ်တည်းမှုရှိခြင်းကို ဆိုလိုပါတယ်။ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်သူတစ်ယောက်အနေနဲ့ စိတ်ခံစားမှုကို အားနည်းချက်အဖြစ် မရှုမြင်ပါဘူး။ အဲ့ဒီအစား စိတ်ခံစားမှုကို တန်ဖိုးထားပါတယ်။ ဖုံးကွယ်ဖို့ မကြိုးစားပါဘူး။ သင့်ရဲ့ခံစားချက်တွေကို အသိအမှတ်ပြုပြီး အတိတ်က အတွေ့အကြုံတွေကနေ သင်ယူပါ။ အတိတ်က အတွေ့အကြုံတွေကို စွန့်လွှတ်ဖို့ ရုန်းကန်နေရင်တောင် သင့်မှာ စွန့်လွှတ်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးရှိခြင်းကို စိတ်ပိုင်းဆိုင်ရာရင့်ကျက်မှု ရှိတယ်လို့ ဆိုလိုပါတယ်။ အသက်ကြီးလာတာနဲ့အမျှ သင့်စိတ်ခံစားချက်တွေကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်လာပါတယ်။ ဥပမာ သင်က ကလေးဘဝမှာ ဝုန်းဒိုင်းကြဲခြင်းတို့လို စိတ်ပိုင်းဆိုင်ရာတုံ့ပြန်မှုများမှ သင့်ကိုယ်သင် စကားလုံးများနဲ့ ပုံဖော်ကာ ဆယ်ကျော်သက်အရွယ်က သင့်လုပ်ရပ်တွေကို ပြန်လည်သုံးသပ်စဉ်းစားချင့်ချိန်နိုင်စွမ်း ရှိနိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုမရှိသူတွေရဲ့ စရိုက်လက္ခဏာတွေဟာ

စိတ်ခံစားချက်တွေကို ဖော်ပြနိုင်စွမ်းမရှိခြင်း။

သင့်ခံစားချက်များကို ဖော်ပြဖို့ ဒါမှမဟုတ် အပျက်သဘောဆောင်တဲ့ အတွေ့အကြုံတွေကို လက်ခံဖို့ ခက်ခဲနေပါက သင်က စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုမရှိသူ ဖြစ်နိုင်ပါတယ်။

သူများကို အပြစ်တင်ခြင်း။

တစ်ခုခုမှားသွားပြီဆိုရင် မင်းရဲ့ပထမဆုံးဗီဇက တခြားသူတွေကို အပြစ်တင်တယ်။ မင်းရဲ့အမှားလို့ သိနေရင်တောင် မင်းရဲ့လုပ်ရပ်တွေအတွက် ကိုယ့်ကိုယ်ကိုယ်တာဝန်မယူဖို့ အလိုအလျောက်တွေးနေတာ။ ဒါဟာ မရင့်ကျက်ခြင်းရဲ့ လက္ခဏာတစ်ခုပါ။

အကူအညီမတောင်းလိုခြင်း။

သင် လိုအပ်နေချိန်မှာပင် အကူအညီတောင်းဖို့ မစဉ်းစားဘဲ မနိုင်ဝန်ထမ်းဖို့ ကြိုးစားခြင်းကလည်း မရင့်ကျက်မှုကို ညွှန်ပြနိုင်ပါတယ်။ သင်ဟာ မလုပ်နိုင်တဲ့သူတစ်ယောက် ဒါမှမဟုတ် အားနည်းတဲ့သူလို့ သူတစ်ပါးထင်မှာကို အလွန်ကြောက်တာကြောင့် လုပ်ဖော်ကိုင်ဖက်တစ်ဦးထံ လမ်းညွှန်မှုတောင်းခြင်း ဒါမှမဟုတ် အလုပ်မှာ ပင်ပန်းနွမ်းနယ်နေကြောင်း ပြောပြပြီး အကူညီတောင်းခြင်းမျိုး မလုပ်ခြင်းဟာလည်း မရင့်ကျက်ခြင်းရဲ့ လက္ခဏာတစ်ခုပါ။

စိတ်ခံစားမှုကို မျှဝေမှုမရှိခြင်း။

စိတ်ခံစားချက်တွေကို မထုတ်ဖော်ဘဲနေခြင်းက စိတ်ဖိစီးမှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ စိတ်ခံစားမှုကို မျိုသိပ်ထားခြင်းက စိတ်ဖိစီးမှုနဲ့ ဆက်နွှယ်တဲ့ တုံ့ပြန်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ ဥပမာ အလွန်အကျွံအိပ်စက်ခြင်းနဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းတို့လို စိတ်ဖိစီးမှုဆိုင်ရာ တုံ့ပြန်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုဟာ ပြဿနာတွေကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်များ ချမှတ်နိုင်စေဖို့ ကူညီပေးတဲ့အပြင် စိတ်ခံစားမှုက သင့်ကို မလွှမ်းမိုးစေဖို့ ကူညီပေးပါတယ်။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုကို မြှင့်တင်ဖို့အတွက် လိုအပ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာရင့်ကျက်မှုကို မြှင့်တင်ဖို့ ကူညီပေးမယ့် အကြံပြုချက်ငါးချက်ကို အောက်မှာဖော်ပြထားပါတယ်။

၁။ ကြီးပွားတိုးတက်တဲ့ စိတ်ထားကို မွေးမြူပါ။

တိုးတက်မှုအတွက် လိုအပ်တဲ့ သင်ယူမှုနဲ့ ပန်းတိုင်များချမှတ်ပြီး အောင်မြင်အောင် လုပ်ဆောင်နေချိန်မှာ တိုးတက်အောင်မြင်လိုတဲ့ စိတ်ထားရှိဖို့က အရေးကြီးပါတယ်။ ရှုံးနိမ့်မှုနဲ့ ချို့ယွင်းချက်များကို နောင်တရနေ ခြင်းထက် စဉ်ဆက်မပြတ် မိမိကိုယ်ကိုယ် တိုးတက်မှုအပေါ် အာရုံစိုက်ပါ။

၂။ မိမိစိတ်ခံစားချက်ကို ထိခိုက်စေတဲ့အရာများကို ဘောင်သတ်မှတ်ပါ။

သင့်သူငယ်ချင်းများနဲ့ မိသားစုများဟာ သင့်ကို စိတ်မသက်မသာဖြစ်စေတဲ့ အလေ့အထရှိနိုင်ပေမယ့် လည်း ဒါကို သင်ကန့်သတ်နိုင်ပါတယ်။ တခြားသူကြောင့် သင့်စိတ်ခံစားချက်ကို အထိခိုက်မခံပါနဲ့။ တခြား သူတွေရဲ့ခံစားချက်နဲ့ ‌အတွေးအမြင်တွေကို အမြဲလိုက်တွေးပေးဖို့ မလိုပါဘူး။ အဲ့ဒီလိုနေနိုင်ခြင်းက စိတ်ပိုင်း ဆိုင်ရာရင့်ကျက်မှုကို တိုးတက်စေနိုင်တဲ့ လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။

၃။ သင့်ခံစားချက်တွေကို နားလည်ပါ။

စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်ဖို့အတွက် သင့်ခံစားချက်တွေကို နားလည်ဖို့ လိုအပ်ပါတယ်။ သင့်ကို စိတ်ဆိုးခြင်း၊ ဝမ်းနည်းခြင်း ဒါမှမဟုတ် စိတ်လှုပ်ရှားခြင်းကိုဖြစ်စေတဲ့ အရာတွေကို နားလည်တဲ့အခါ ဒါကို သင့်အားသာချက်အတွက် အသုံးပြုနိုင်ပါတယ်။ ဘယ်အရာက သင့်ကို ရူးသွပ်စေသလဲ၊ သင့်ကိုစိတ်မသက် မသာဖြစ်စေတဲ့အကြောင်းရင်းကို သင့်ကိုယ်သင် မေးကြည့်ပါ။ သင့်ကိုပျော်ရွှင်စေတဲ့ ‌အရာတွေကို လုပ်ဆောင်ပြီး သင့်ကို စိတ်မသက်မသာဖြစ်စေတဲ့ အရာတွေကို ရှောင်ကြဥ်ပါ။

၄။ သင့်ရဲ့အမှားတွေကို သင်ကိုယ်တိုင်လက်ခံပါ။

ရံဖန်ရံခါ အမှားတွေ လုပ်မိလိမ့်မယ်။ ဒါပေမဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာရင့်ကျက်ဖို့ ကြိုးစားနေချိန်မှာ အရေးကြီးဆုံးက အဲဒီအမှားတွေကို တာဝန်ယူမှုပါပဲ။ နောက်တစ်ကြိမ် အမှားလုပ်မိရင် ကိုယ့်အတွက် အကြောင်းပြချက်မပေးဘဲ ကိုယ့်အမှားအတွက် တောင်းပန်ပါ။

၅။ စံနမူနာပြတစ်ဦးကို ရှာဖွေပါ။

သင့်စံနမူနာပြဖြစ်စေဖို့ တခြားချစ်ရသူတစ်ဦး၊ လုပ်ဖော်ကိုင်ဖက် ဒါမှမဟုတ် ယုံကြည်ရတဲ့ သူငယ်ချင်းတစ်ဦးကို စဉ်းစားကြည့်ပါ။ အဲ့ဒီလူက သင့်စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုကို မြှင့်တင်ပေးခြင်းဖြင့် သင့်အတွက် လမ်းညွှန်ပေးသူ ဖြစ်လာနိုင်ပါတယ်။ သူတို့ရဲ့ စိန်ခေါ်မှုအခြေအနေများကို ကိုင်တွယ်ဖြေရှင်းပြီး စိတ်ခံစားချက်တွေကို ဘယ်လိုထိန်းချုပ်လဲဆိုတာ လေ့လာကြည့်ရှုပါ။ ဒါက သင့်ကို ပိုမိုကောင်းမွန်တဲ့ အလေ့အထများ ဖန်တီးဖို့နဲ့ သင့်ရဲ့ရင့်ကျက်မှုကို တိုးတက်စေပြီး ဆက်လက်လုပ်ဆောင်ဖို့အတွက် လှုံ့ဆော်ပေးနိုင်ပါတယ်။

အသက်အရွယ်တစ်ခုရောက်တာနဲ့ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုက အလိုအလျောက်ဖြစ်မလာပါဘူး။ စိတ်ပိုင်းဆိုင်ရာရင့်ကျက်မှုကို သင်ကိုယ်တိုင်မြှင့်တင်ဖို့ လိုအပ်ပါတယ်။ သင်ဘယ်လိုခံစားရလဲဆိုတာကို လက်ခံရဖို့ ဘယ်တော့မှမရှက်မိဖို့ သိထားပါ။ သင့်ရဲ့စိတ်ခံစားမှုတွေက မှန်ကန်ပြီး သင်ရင့်ကျက်လာတာနဲ့အမျှ ကိုယ့်ကိုယ်ကိုယ် လက်ခံနိုင်မှု ပိုများလေပါပဲ။ စိတ်ပိုင်းဆိုင်ရာရင့်ကျက်မှုက သင့်ကို တခြားသူတွေနဲ့ ပိုမိုကောင်းမွန်စွာ ပြောဆိုဆက်ဆံဖို့နဲ့ သင့်ကိုယ်သင် ရှင်းရှင်းလင်းလင်း သိလာစေဖို့ ကူညီပါလိမ့်မယ်။

ဒီဆောင်းပါးကို Elizabeth Perry ရေးသားထားတဲ့ Learning How To Improve Emotional Maturity ခေါင်းစဥ်ကို ‌ဒေါ်နှင်းနုအောင်မှ ဆီလျော်အောင် ကောက်နုတ်ဘာသာပြန်ဆိုထားခြင်းပဲ ဖြစ်ပါတယ်။

Daw Hnin Nu Aung

B.Com (Q), M.Com (MEUE)