"လုပ်ငန်းခွင်မှာ ဦးဆောင်ရာ ချစ် ကြောက် ရိုသေ တစ်ခုရွေးပါလေ"

ကျွန်ုပ်တို့အနေနဲ့ ချစ်ကြောက်ရိုသေဆိုတဲ့ စကားကို ငယ်စဉ်တည်းက အကျွမ်းတ၀င်ရှိခဲ့ကြတာ မှန်ပေမယ့်လည်း တိကျသေချာတဲ့ သဘောတရား၊ အတိမ်အနက်၊ ခြားနားခြင်းအဖွယ်ဖွယ်တို့ကိုတော့ နက်နက်ရှိုင်းရှိုင်း တိတိပပ သိခဲ့ကြမှာမဟုတ်ဘူးလို့ ‌ယူဆရရင် မှားမယ်မထင်ပါဘူး။ ကျောင်းသားဘ၀မှစကာ လုပ်ငန်းခွင်၀င်တဲ့အထိ ကာလပတ်တစ်ခုလုံး ကြုံတွေ့ခဲ့ရတဲ့ ပုဂ္ဂိုလ်အသီးသီးအပေါ်မှာ မိမိတို့ကိုယ်တိုင် ချစ်ကြောက်ရိုသေမှု ရှိခြင်းကလည်း ကျွန်ုပ်တို့ရဲ့ ယဉ်ကျေးမှုနဲ့တကွ စိတ်စေသဏ္ဍာန်မှာ အမြစ်တွယ်လျက်ရှိပါတယ်။

အဲ့လိုနဲ့ တစ်ချိန်မှာ ကျွန်ုပ်တို့ကိုယ်တိုင် လူကြီးအရာ ရောက်တဲ့အခါမှာ တစ်ချိန်က တွေ့ကြုံဆက်ဆံခဲ့ရတဲ့ အတိုင်း ချစ်ကြောက်ရိုသေ ဒီသုံးခုကို ရရှိအောင်လုပ်မယ်၊ ဒါမှမဟုတ် တစ်ခုတည်းကိုပဲ ရွေးချယ်ရမလား ဆိတာ ဒွိဟ‌ဖြစ်ဖွယ်ရာ မေးခွန်းပဲဖြစ်ပါတယ်။ ဒါကြောင့် "ချစ်ကြောက်ရိုသေ" စကားစုက “ချစ်၊ ကြောက်၊ ရိုသေ” ဆိုတဲ့ ဂုဏ်ရည်ပြနာမဝိသေဿန သုံးခုနဲ့ တည်ဆောက်ထားလေရာ တစ်ခုစီရဲ့ အနက်ကို ရှင်းပြပေးလိုပါတယ်။

ဦးစွာပထမ ချစ်ခြင်းဆိုသည်မှာ ဘာလဲ ?

တရုတ်အတွေးအခေါ်ပညာရှင် လောင်ဇူးက ချစ်ခြင်းကို နှစ်ပိုင်းခွဲပြီး ရှင်းပြထားပါတယ်။ ပထမတစ်ခုမှာ တစ်စုံတစ်ဦးကိုချစ်ခြင်းနဲ့ ဒုတိယတစ်ခုမှာ တစ်စုံတစ်ဦးရဲ့ ချစ်ခြင်းကို ခံရခြင်းပဲ ဖြစ်ပါတယ်။ တစ်စုံတစ်ဦးကို ချစ်ခြင်းက လူတို့ရဲ့စိတ်ကို ရဲစွမ်းသတ္တိနဲ့ ပြည့်စုံစေပြီး တစ်ဦးတစ်ယောက်ထံမှ ချစ်ခြင်းကိုခံရတဲ့အခါမှာ ခွန်အားဖြစ်စေပါတယ်။ လူတို့ကို ဦးဆောင်ရတဲ့ အကြီးအကဲအရာကို ရယူထားတဲ့အချိန်မှာ မိမိရဲ့ နောက်လိုက် နောက်ပါများက မိမိကိုချစ်ကြပါတယ်လို့ ခံစားယုံကြည်မိခြင်းက ရှေ့တစ်လျှောက် ဆက်လက်ဆောင်ရွက်မယ့် ကိစ္စအားလုံးအတွက် ခွန်အားကိုဖြစ်စေပါတယ်။ ‌နောက်ပြီး ကိစ္စကြီးငယ်အသွယ်သွယ်ကို မျက်စိတစ်မှိတ် အတွင်း ကျော်လွှားနိုင်ပြီး ရည်မှန်းချက်များကို ရရှိအောင်မြင်နိုင်စေပါတယ်။

ကြောက်ခြင်း ဆိုသည်မှာ ဘယ်လိုအဓိပ္ပာယ်ရှိပါသလဲ ?

အီတလီနိုင်ငံရေးသိပ္ပံ အတွေးအခေါ်ပညာရှင် မာခီရာဗယ်လီက ကြောက်ရွံအောင်လုပ်ခြင်း ဒါမှမဟုတ် အကြောက်ခံရခြင်းက ခေါင်းဆောင်အကြီးအကဲတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အရည်အချင်းတစ်ခုလို့ ငြင်းဆိုချက်ထုတ်ထားပါတယ်။ ဒါက မှန်ပါသလား။ သူ့ရဲ့အဆိုအရ လူတို့ဟာ မယုံရတဲ့သဘောရှိပေရာ ‌ခေါင်းဆောင်တို့အပေါ် ကြောက်ရွံ့ခြင်းက လုပ်ငန်းဆောင်တာများကို ပိုမိုစည်းစနစ်ကျတဲ့၊ ပြတ်သားတဲ့၊ အခြေအနေတစ်ခုကို တွန်းပို့တာကြောင့် အခက်အခဲတွေကို အောင်မြင်စွာကျော်လွှားနိုင်ပြီး တစ်သွေးတစ်သံ တစ်မိန့်နဲ့ အောင်မြင်မှုအပေါင်းကို ရရှိနိုင်စေတယ်လို့ ဆိုပါတယ်။

ဒီအချင်းအရာနှစ်ခုကို ရရှိပိုင်ဆိုင်ထားသူမှသာ ရိုသေခံရခြင်းဆိုတဲ့အဆင့်ကို တက်လှမ်းနိုင်မှာဖြစ်ပြီး အချစ်ခံ ရခြင်းက ရိုသေလေးစားမှုကို ရယူနိုင်မလား ဒါမှမဟုတ် အကြောက်ခံခြင်းက ရိုသေလေးစားမှုကို ရယူနိုင် မလားဆိုတဲ့ကိစ္စရပ်မှာလည်း ထပ်မံအငြင်းပွားဖွယ်ရာ မေးခွန်းတစ်ခုပဲဖြစ်လင့်ကစား ပညာရှင်တစ်ဦးရဲ့ အဆိုကို လေ့လာခြင်းက ကိုယ်တိုင် သေချာသုံးသပ်စဉ်းစားနိုင်ပါတယ်။

မာခီရာဗယ်လီရဲ့ "It's better to be feared than loved if you can't be both" ဆိုတဲ့စကားက ယနေ့ထက်တိုင် စီမံအုပ်ချုပ်မှုရေးရာလောကမှာ အငြင်းအခုံများစွာနဲ့ ဆွေးနွေးလျက်ရှိသေးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ မြန်မာအနက်အနေနဲ့ "အချစ်ခံရခြင်းထက် အကြောက်ခံရခြင်းက ပို၍ကောင်း၏ အဘယ်ကြောင့်ဆိုသော် နှစ်ခုလုံးအား တစ်ပြိုင်နက်တည်း ရရှိရန်မဖြစ်နိုင်" ဆိုတဲ့ဘာသာပြန်ဆိုချက်ကို လေ့လာမယ်ဆိုပါက အဲဒီစကားဟာ ငြင်းဆိုဖို့မလိုအပ်တဲ့ အထိုက်အလျောက်မှန်ကန်‌ကြောင်း သတိထားမိပါလိမ့်မယ်။

လူတွေဟာ မိမိတို့ချစ်တဲ့သူကို နွဲ့ဆိုးအနေနဲ့ အနိုင်ယူလိုကြပါတယ်။ သို့ပေမဲ့ မိမိတို့ကြောက်ရွံရသူကို တစ်ခွန်းမှ မဟရဲကြပါဘူး။ ချစ်ခြင်းကို ခုတုံးလုပ်ပြီး အခွင့်အရေးယူတဲ့ အပြုအမူတွေကို အလုပ်ခွင်မှာ တွေ့ကြုံလာရပါက အဲဒီလုပ်ငန်းရဲ့အနာဂတ်ဟာ လမ်းစမဲ့နေမှာဖြစ်ပြီး အကြောက်တရားကို အနိုင်ထက်အလွန် အသုံးပြုပြန် ရင်လည်း တစ်ချိန်ချိန်မှာ ပေါက်ကွဲထွက်မယ့် ယမ်းအိုးကြီးပမာ လုပ်ငန်းအပေါ် ထိခိုက်စေမှာ အမှန်ပဲ ဖြစ်ပါတယ်။ အချစ်ခံရခြင်းနဲ့ အကြောက်ခံရခြင်းမှာ တစ်ပြိုင်တည်း မရရှိနိုင်တဲ့အတွက် လှော်တက်ပမာ ဘယ်ညာ တစ်လှည့်စီရွေးဖို့ လိုအပ်သလို လုပ်ငန်းအခြေနေပေါ်မူတည်ပြီး သင့်သလိုဉာဏ်နဲ့ တစ်ခုကို ပင်တိုင်ထားကစားတတ်ဖို့မှာလည်း အရေးကြီးပြန်ပါတယ်။

အတွေးအခေါ်ဗေဒအနေနဲ့ ဘယ်သူရဲ့ ပြောဆိုချက်မှ စင်းလုံးချောမှန်ပါပေတယ်လို့ မရှိတာကြောင့် သေချာ ချင့်ချိန်သုံးသပ်စဉ်းစားပြီး အသုံးချဖို့က စာဖတ်သူတို့ရဲ့ တာ၀န်သာဖြစ်ပါတယ်။

၁. သင်တို့အနေနဲ့ အကြီးအကဲတစ်ယောက်ဖြစ်မယ်ဆိုပါက ၀န်ထမ်းတွေဆီမှ ချစ်ခြင်းကိုခံယူကာ လေးစားမှုကို ရရှိပြီး ‌လုပ်ငန်းအား မျှော်မှန်းရာပန်းတိုင်ကို မောင်းနှင်မလား ?

၂. ဒါမှမဟုတ် ၀န်ထမ်းအပေါင်းရဲ့ ကြောက်ရွံတုန်လှုပ်လေးစားခြင်းကို အသုံးချပြီး ရည်မှန်းချက်တို့ကို ရယူမလား?

ဒီအချက်နှစ်ချက်မှာ သင်တို့အပေါ် များစွာမူတည်နေပါတယ်။

ဘယ်နည်းကိုပဲသုံးသုံး အောင်မြင်မှုသာပဓာနဖြစ်လေရာ ဒီစာကိုဖတ်သူအပေါင်းလည်း လိုရာကိုကိုင်စွဲ လိုရာ ခရီးကိုပဲ့ထိန်းကာ အောင်မြင်မှုဆီ ဦးတည်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်လိုက်ရပါတယ်။

 

Ref: Machiavelli's the Prince

Paing Soe Myat

SFU Media Club (Undergraduate Programme)