လုပ်ငန်းခွင်မှ စိတ်ဖိစီးမှုတွေကို လျှော့ချဖို့အတွက် နည်းလမ်းများ

ယနေ့ခေတ် အလုပ်ခွင်မှာတွေ့ရတတ်တဲ့ စိတ်ဖိစီးမှုအကြောင်းတွေကို ပြောရမယ်ဆိုရင် အလုပ်ခွင် အတွေ့အကြုံရှိဖူးသူတိုင်း ခံစားဖူးကြမယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် အလုပ်တစ်ခုခု လုပ်ဖူးသူတိုင်းဟာ အလုပ်နဲ့ပတ်သက်တဲ့ ဖိစီးမှုတွေရဲ့ဖိအားကို တစ်နည်းမဟုတ်တစ်နည်းနဲ့ ခံစားဖူးကြလို့ပါပဲ။ သင်လုပ်ရတဲ့အလုပ်ကို နှစ်သက်တယ်၊ သဘောကျတယ်ဆိုရင်တောင် စိတ်ဖိစီးစရာတွေ ရှိနိုင်ပါတယ်။ အလုပ်ခွင်မှာ သတ်မှတ်ထားတဲ့ deadline တွေ၊ စိန်ခေါ်မှုတွေရဲ့ ဖိအားတွေကို တစ်နည်းမဟုတ် တစ်နည်းနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ အလုပ်ကစိတ်ဖိစီးမှုတွေကို ကာလရှည်ခံစားလာရတဲ့အခါ၊ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် အလုပ်ခွင်မှာ တင်းမာမှုတွေ၊ ကတောက်ကဆတွေကြောင့်ဖြစ်လာတဲ့ စိတ်ဖိစီးမှုတွေကို အမြဲရှောင်လို့မရပါဘူး။

တစ်နေ့တာလုံး အလုပ်လုပ်ပြီးအိမ်ပြန်တဲ့အခါ အလုပ်နဲ့ပတ်သက်တဲ့စိတ်ဖိစီးမှုတွေက အလိုလို ပျောက်မသွားပါဘူး။ မိမိကိုယ်ပိုင်အချိန်မှာပါ ဒီလိုစိတ်ဖိစီးမှုတွေ ဆက်ရှိနေပြီဆိုရင် ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ စိတ်ဖိစီးမှုများတဲ့ အလုပ်ပတ်ဝန်းကျင်မှာ အလုပ်လုပ်ရတဲ့အတွက် ခေါင်းကိုက်ခြင်း၊ ဗိုက်နာခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်တိုခြင်းနဲ့ အာရုံစူးစိုက်ရခက်ခဲခြင်းစတဲ့ ပြဿနာများ ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့အပြင် ကာလရှည်စိတ်ဖိစီးမှုကြောင့် စိုးရိမ်စိတ်များခြင်း၊ အိပ်မပျော်ခြင်း၊ သွေးတိုးခြင်းအပြင် ကိုယ်ခံအား စနစ်ကိုလည်း အားနည်းစေပါတယ်။ ခြုံငုံသုံးသပ်ပြရမယ်ဆိုရင် အလွန်အကျွံစိတ်ဖိစီးမှုခံစားနေရသူများက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာများ အလွန်အကျွံစားခြင်း၊ စီးကရက်သောက်ခြင်း၊ ဒါမှမဟုတ် မူးယစ်ဆေးဝါးနဲ့ အရက်ကို အလွန်အကျွံသုံးစွဲခြင်း စတဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နည်းလမ်းများကိုသုံးကာ ကိုင်တွယ်ဖြေရှင်းလာကြပါတယ်။ ဒါတွေဟာ မိမိရဲ့ကျန်းမာရေးကို ထိခိုက်စေတဲ့ ဖြေရှင်းနည်းတွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အလုပ်နဲ့ပတ်သက်တဲ့ စိတ်ဖိစီးမှုများကို လျှော့ချဖို့အတွက် ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုများကို ဒီဆောင်းပါးမှာ ဖော်ပြပေးသွားမှာပါ။

၁။ စိတ်ဖိစီးစေတဲ့အရာတွေကို ဖော်ထုတ်ပါ။

ဘယ်အခြေအနေတွေက စိတ်ဖိစီးမှုအများဆုံးဖြစ်စေသလဲဆိုတာကို ဖော်ထုတ်ဖို့ လိုအပ်ပါတယ်။ မှတ်စုများ များများရေးလေ၊ ဘယ်အရာစိတ်ဖိစီးမှုဖြစ်စေလည်းဆိုတာ ပိုသိလေဖြစ်ပါတယ်။ ဘယ်အရာက စိတ်ဖိစီးမှုဖြစ်စေလည်းဆိုတာကို သိစေဖို့ 1 ပတ်မှ 2 ပတ်အထိ အချိန်ပေးသင့်ပါတယ်။ ဒါကြောင့် နေ့စဉ် မှတ်စုရေးတာကလည်း မဖြစ်မနေလုပ်ဆောင်သင့်ပါတယ်။ ဒါမှသာဘယ်အရာတွေက စိတ်ဖိစီးစေလဲဆိုတာကို သိရှိပြီး စီမံခန့်ခွဲမှုလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

၂။ စိတ်ဖိစီးမှုအတွက် ကောင်းမွန်တဲ့တုံ့ပြန်မှုများ လုပ်ဆောင်ပါ။

ကျန်းမာရေးနဲ့မညီတဲ့ အစားအစာများစားခြင်း၊ အရက်သောက်ခြင်း စတာတွေနဲ့ စိတ်ဖိစီးမှုကို လျှော့ချမယ့်အစား ကောင်းမွန်တဲ့တုံ့ပြန်မှုများကို ရွေးချယ်လုပ်ဆောင်စေချင်ပါတယ်။ ဥပမာ- လေ့ကျင့်ခန်း လုပ်ခြင်းက ကာလရှည်စိတ်ဖိစီးမှုကို သက်သာစေပါတယ်။ ဒါ့အပြင် ယောဂလုပ်ဆောင်ခြင်းကလည်း အကောင်းဆုံးရွေးချယ်မှုတစ်ခုဆိုလည်း မမှားပါဘူး။ ဆိုတော့ တခြားဘယ်ကိုယ်လက်လှုပ်ရှားမှုမဆို လုပ်ဆောင်ခြင်းဖြင့် စိတ်ဖိစီးမှုကို လျှော့ချနိုင်ပါတယ်။ မိမိရဲ့ဝါသနာအတွက်လည်း အချိန်ပေးဖို့လိုပါမယ်။ ဝတ္ထုဖတ်တာပဲဖြစ်ဖြစ်၊ ဖျော်ဖြေပွဲသွားဖို့ပဲဖြစ်ဖြစ်၊ မိသားစုနဲ့ဂိမ်းဆော့တာပဲဖြစ်ဖြစ် ပျော်ရွှင်စေမယ့် အရာတွေကို လုပ်ဆောင်ဖို့ အချိန်ကိုဖယ်ထားပါ။ လုံလောက်တဲ့ အိပ်စက်ခြင်းကလည်း စိတ်ဖိစီးမှုလျှော့ချဖို့ ထိရောက်တဲ့အချက်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ညဘက်မှာ ကဖိန်းဓာတ်စားသုံးမှုကို လျှော့ချပြီးတော့ ကျန်းမာတဲ့ အိပ်စက်ခြင်း အလေ့အထကို တည်ဆောက်ဖို့လိုပါမယ်။

၃။ အလုပ်နဲ့ ကိုယ်ပိုင်အချိန်ကို ခွဲခြားထားပါ။

ယနေ့ခေတ်ဒစ်ဂျစ်တယ်လောကမှာ အလုပ်-ဘ၀ ညီမျှမှုမရှိတာတွေက ဝန်ထမ်းတွေအတွက် စိတ်ဖိစီးမှုကို ဖြစ်ပေါ်လာစေပါတယ်။ ဒါကြောင့် အလုပ်-ဘဝ နယ်နိမိတ်တချို့ကို ချမှတ်ဖို့လိုပါမယ်။ ဆိုလိုတာက အလုပ်ကနေအိမ်ကိုပြန်ရောက်တဲ့အခါ အီးမေးလ်စစ်ဆေးတာ ဒါမှမဟုတ် ညစာစားချိန်အတွင်း အလုပ်မှအကြာင်းအရာများ စဉ်းစားတာတွေကို ရှောင်ဖို့လိုပါမယ်။ အလုပ်နဲ့ဘဝ ရောနှောနေတဲ့အခါမှာ ဘဝအတွက် ဦးစားပေးလုပ်ဆောင်ရမယ့်အရာတွေကို အချိန်မပေးနိုင်တာကနေ စိတ်ဖိစီးမှုတွေ ဖြစ်လာနိုင် ပါတယ်။ ဒါကြောင့် အလုပ်နဲ့ကိုယ်ပိုင်အချိန်ကို ရှင်းလင်းစွာခွဲခြားထားတာက အလုပ်-ဘဝ ပဋိပက္ခနဲ့ဆက်စပ်နေတဲ့ ဖိအားများကို လျှော့ချနိုင်မှာပဲ ဖြစ်ပါတယ်။

၄။ အားပြန်ဖြည့်ဖို့ အချိန်ယူပါ။

ကာလရှည်စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုရဲ့ ဆိုးကျိုးတွေကို ရှောင်ရှားဖို့အချိန်လိုအပ်ပါတယ်။ ဒီလိုအချိန်မှာ အလုပ်နဲ့ပတ်သက်တဲ့ လုပ်ဆောင်မှုတွေမှာ မပါဝင်ဖို့နဲ့ အလုပ်အကြောင်းမစဉ်းစားဖို့ လိုပါတယ်။ ဒါကြောင့် အားလပ်ရက်တွေကို အလဟဿမဖြစ်ပါစေနဲ့။ ဖြစ်နိုင်ရင် အပြည့်အဝအနားယူပြီး အပန်းဖြေပါ။ ဒီလိုကနေတစ်ဆင့် စိတ်ဖိစီးမှုတွေ လျှော့ချနိုင်ပါတယ်။

၅။ အထက်လူကြီးနဲ့ ဆွေးနွေးတိုင်ပင်ပါ။

ဝန်ထမ်းတွေရဲ့ ကျန်းမာရေးက လုပ်ငန်းခွင်မှာ လုပ်ဆောင်နိုင်စွမ်းနဲ့ ဆက်စပ်နေတာကြောင့် အထက် လူကြီးနဲ့ ပွင့်ပွင့်လင်းလင်းဆွေးနွေးတိုင်ပင်ဖို့ လုပ်ဆောင်သင့်ပါတယ်။ ဒီလိုဆွေးနွေးရတဲ့ ရည်ရွယ်ချက်ကတော့ စိတ်ဖိစီးမှုတွေကို စီမံခန့်ခွဲဖို့နဲ့ အလုပ်မှာ အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။

အနှစ်ချုပ်ပြောရမယ်ဆိုရင် အလုပ်နဲ့ပတ်သက်တဲ့ စိတ်ဖိစီးမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် အထက်လူကြီးနဲ့ ပွင့်လင်းတဲ့ဆက်ဆံမှုရှိဖို့၊ ပံ့ပိုးကူညီတဲ့ အလုပ်ပတ်ဝန်းကျင်ရှိဖို့အပြင် စိတ်ဖိစီးမှုကို အကောင်းဆုံး စီမံခန့်ခွဲရေးနည်းလမ်းများလည်း လိုအပ်ကြောင်း ဒီဆောင်းပါးမှာဖော်ပြထားပါတယ်။ စိတ်ဖိစီးမှုရဲ့ လက္ခဏာတွေကို စောစီးစွာသိရှိပြီး အကျိုးသက်ရောက်မှုတွေကို လျော့ပါးစေဖို့ လုပ်ဆောင်ခြင်းဖြင့် တစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည်မြှင့်တင်နိုင်ပြီး ပိုမိုကောင်းမွန်တဲ့၊ ရေရှည်တည်တံ့တဲ့ အလုပ်ခွင်တစ်ခုကို ဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။

American Psychological Association ရဲ့ Coping with Stress at work ကိုဆီလျော်အောင် မြန်မာဘာသာပြန်ဆို ကိုးကားရေးသားထားပါတယ်။

Daw Thwet Shwe Yee Htun

B. Com, M.com**(MEUE)