"စေတနာရဲ့အလွန်"

ကျွန်တော်တို့နိုင်ငံမှာ “စေတနာ” ဆိုတဲ့စကားကို လူတော်တော်များများ ပြောကြပါတယ်။ လုပ်ငန်းခွင်မှာ စေတနာထားပြီး လုပ်ပါ။ စေတနာအကျိုးက ဘယ်တော့မှ ယုတ်လျော့မသွားဘူး။ စေတနာကောင်းရင် ကံကောင်းပါတယ်။ စေတနာနဲ့ပတ်သက်တဲ့စကားချိုးတွေ၊ စကားပုံတွေကို နေရာတိုင်းလိုလိုမှာ ပြောကြပါတယ်။ ကြားလည်းကြားရပါတယ်။ နောက်ထပ် စေတနာ မထားသင့်ကြောင်းလည်း ပြောကြတာတွေရှိပါတယ်။ စေတနာဆိုတာလူတိုင်းနဲ့မတန်ဘူး။ စေတနာကနေ ဝေဒနာဖြစ်တယ်။ ဒီလိုစေတနာစကားတွေ၊ စေတနာအလုပ်တွေမှာ ဘာတွေလိုအပ်ပါသလဲ။ ဘယ်လိုအရာကို စေတနာလို့ ခေါ်ပါသလဲ။ စေတနာထားပြီးလုပ်တယ်ဆိုတာ ဘယ်လိုလုပ်တာလဲ။

လုပ်ငန်းအပေါ်ထားတဲ့စေတနာ

ကျွန်တော်တို့တွေဟာ လုပ်ငန်းထဲမှာ ဘယ်သူက စေတနာထားသလဲ။ ဘယ်သူက စေတနာမထားဘူးလဲဆိုတာကို ဝမ်းတွင်းပါအသိနဲ့ သိကြပါတယ်။ လုပ်ငန်းခွင်မှာ စေတနာထားတယ်ဆိုတာ အလုပ်ကို သေသေချာချာလုပ်တာ၊ အားစိုက်လုပ်တာ၊ အကျိုးများအောင်လုပ်တာတွေနဲ့ ဖောက်သည်တွေအတွက် စဉ်းစားပေးတာတွေက စေတနာထားတာတွေ ဖြစ်ပါတယ်။တစ်ခါ အလုပ်ရှင်တွေဘက်ကို စဉ်းစားပေးတာမျိုးလည်း ရှိသင့်ပါတယ်။ တစ်ခါတလေ ဝန်ထမ်းတွေက လုပ်ငန်းခွင်မှာ လုပ်စရာနည်းရင် ပျော်ကြတာ၊ အလုပ်လုပ်ရသက်သာလို့ ပျော်ကြတာအပြင် အလုပ်ပါးစေချင်တာမျိုး တွေလည်းရှိကြပါတယ်။ တချို့ဆိုရင် “ဝယ်သူမလာတော့ လုပ်ရသက်သာတာပေါ့” လို့ ပြောကြပါတယ်။ သက်သာတယ် ဆိုတိုင်း ကောင်းလားဆိုတော့ ဒါကကောင်းတဲ့အမူအကျင့်လည်း မဟုတ်ပြန်ပါဘူး။

အလုပ်သမားနဲ့အလုပ်ရှင်၊ ဝန်ထမ်းနဲ့ လုပ်ငန်းတစ်ခုဟာ “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ” ဆက်ဆံရေးသာ ဖြစ်ပါတယ်။ ကိုယ်လုပ်နေတဲ့လုပ်ငန်းတစ်ခုက အောင်မြင်နေမှ အမြတ်အစွန်းရှိနေမှ အဲ့ဒီလုပ်ငန်းက ရေရှည်ရပ်တည်နိုင်မှာပါ။ လုပ်ငန်းတစ်ခုက အရောင်းအဝယ်၊ အလုပ်အကိုင်တွေသွက်နေမှ ကောင်းကောင်းလည်ပတ်နိုင်ပါလိမ့်မယ်။ ကောင်းကောင်းလည်ပတ်နိုင်မှ ဝန်ထမ်းတွေကိုလည်း ရေရှည်ခန့်အပ်ထားနိုင်ပါလိမ့်မယ်။ တစ်ခါ အလုပ်ရှင်တွေကလည်း အလုပ်သမားတွေကို ပြန်ငဲ့ကြည့်ရမယ်။ ကိုယ်မြတ်ရင်ပြီးရော မလုပ်ဘဲ အလုပ် သမားတွေ၊ ဝန်ထမ်းတွေရဲ့အခက်အခဲကို တစ်ပိုင်းတစ်စ ဖြေရှင်းပေးသင့်တယ်။ အလုပ်လုပ်နေတဲ့ ဝန်ထမ်းရဲ့ စီးပွားရေး အခြေအနေ၊ အခက်အခဲတွေဟာ လုပ်ငန်းတစ်ခုအပေါ်ကို သက်ရောက်နိုင်ပါတယ်။

လုပ်ငန်းခွင်ပေါ်ကို သက်ရောက် နိုင်ပါတယ်။ ဥပမာ- မနက်ခင်းမှာ ငွေကြေးအဆင်မပြေလို့ မိသားစုနဲ့ ပြဿနာတက်ပြီး ရုံးကိုရောက်လာတဲ့ ဝန်ထမ်းဟာ လုပ်ငန်းခွင်မှာ စိတ်ရောကိုယ်ပါအာရုံစိုက်ပြီး လုပ်နိုင်ဖို့ အင်မတန်ခက်ခဲပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်မှာ အလုပ်သမား တွေဟာ ပျော်ရွှင်နေဖို့ လိုအပ်ပါတယ်။ အဲဒီလို ပျော်ရွှင်နေပါမှ လုပ်ငန်းခွင်မှာ အဆင်ပြေနိုင်ပါလိမ့်မယ်။ လုပ်ငန်းခွင်မှာ ပျော်မှ၊ အဆင်ပြေမှ လုပ်ငန်းကို စွမ်းဆောင်ရည်ပြည့်ပြည့်ဝဝနဲ့ လုပ်ဆောင်နိုင်ပါလိမ့်မယ်။ ဒါကြောင့် လုပ်ငန်းတွေမှာ သူ့ဘက်ကိုယ့်ဘက် မျှတတဲ့ဆက်ဆံရေးမျိုးကို ဖော်ဆောင်သင့်ပါတယ်။

ဒါဆိုရင် စေတနာဆိုတဲ့အရာမှာ ဘာတွေပါလဲ။ စေတနာတစ်ခုတည်း အလုပ်ဖြစ်ရဲ့လား။

တကယ်တော့ စေတနာဆိုတဲ့စကားဟာ ထိရောက်လေးနက်မှုရှိပါတယ်။ ဒါပေမဲ့ လူတော်တော်များများက စေတနာဆိုတာကို တစ်ပါးသူအတွက်လို့သာ ထင်မြင်ကြပါတယ်။ တစ်ပါးသူရဲ့အလုပ်ကို လုပ်ပေးတာကိုပဲ စေတနာဆိုတဲ့ စကားပြောကြတယ်။ တကယ့်စေတနာအစစ်က အလုပ်အဆင်ပြေသွားစေချင်ရုံမဟုတ်ဘူး။ အလုပ်အဆင်ပြေသွားရင်ပြီးရော စေတနာထားပြီး လုပ်လိုက်တာမျိုးလည်း ရှိတတ်ပါတယ်။ တကယ်က အဲဒီစေတနာကို ကိုယ့်အပေါ်ကိုလည်း ထားသင့်ပါတယ်။ “ငါဒီအလုပ်ကို စေတနာလေးထားပြီး သေချာလုပ်လိုက်မယ်။ ဒီအလုပ်ကရတဲ့ အတွေ့အကြုံတွေကလည်း ပျောက်ပျက်မသွားဘူး” ဆိုတဲ့ အတွေးလေးကို ပြောင်းသင့်ပါတယ်။ တကယ်တော့ လုပ်ငန်းခွင်မှာ စေတနာတစ်ခုတည်းရှိရုံနဲ့ အလုပ်မဖြစ်ပါဘူး။ ကိုယ်က စေတနာရှိလို့ လုပ်ပေးတိုင်းလည်း ဖြစ်ချင်မှဖြစ်မှာပါ။ အောင်မြင်ချင်မှ အောင်မြင်မှာပါ။

စေတနာရဲ့နောက်မှာ လုပ်ငန်းကျွမ်းကျင်မှုလည်း လိုအပ်ပါတယ်။ ဝန်ထမ်းတစ်ယောက်က လုပ်ငန်းနဲ့ပတ်သက်တဲ့ အသိပညာလည်း ရှိသင့်ပါတယ်။ ဖုန်းအသုံးဆောင်ပစ္စည်းလေးတွေ၊ Audio ပစ္စည်းလေးတွေ၊ Laptop အသုံးအဆောင် ပစ္စည်းလေးတွေ လိုအပ်တာလေးရှိလို့ ဆိုင်သွားဝယ်ကာမှ ဆိုင်ကဝန်ထမ်းကို ကိုယ်ကပြန်ရှင်းပြနေရတာမျိုးကို ကြုံဖူးမယ် ထင်ပါတယ်။ အဲဒီအခါမျိုးမှာ ဖောက်သည်တွေက အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဝန်ထမ်းတစ်ယောက်ဟာ ကိုယ်ရောင်းနေတဲ့ ပစ္စည်းအမျိုးအားလုံးကို အတိအကျမသိရင်တောင် အကြမ်းအားဖြင့်တော့ သိထားသင့်ပါတယ်။

နောက်ထက် စေတနာရဲ့နောက်မှာ ကိုယ့်ကိုယ်ကိုယ် ဖွံ့ဖြိုးတိုးတက်လိုစိတ်လေး မွေးသင့်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဖွံ့ဖြိုးတိုးတက်လိုစိတ်ရှိမှ ထားလိုက်တဲ့စေတနာက ပိုပြီးထိရောက်ပါလိမ့်မယ်။ အဲ့ဒါမှ ကိုယ့်အတွက်လည်း အတွေ့အကြုံ ကျန်ပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ဖွံ့ဖြိုးတိုးတက်လိုစိတ်လေးကပ်ထားမှ အလုပ်တစ်ခုမှာ စေတနာမထားနိုင်တော့ပေမယ့် “ဒီအလုပ်လေးကိုတော့ ငါလုပ်နေခိုက်မှာ အောင်မြင်အောင် လုပ်လိုက်မယ်။ စိတ်လေးနစ်ထားလိုက်မယ်။ ဒါက ငါ့အတွက် ပိုက်ဆံရတာအပြင် အတွေ့အကြုံပါထပ်ရဖို့ ကောင်းကောင်းလုပ်သင့်တယ်။” ဆိုတဲ့ စိတ်ထားလေးရှိရင် ကိုယ့်အတွက်ရော လုပ်ငန်းအတွက်ပါ အဆင်ပြေနိုင်ပါတယ်။

ပညာရှင်စိတ်ထား ။ လုပ်ငန်းခွင်မှာ စေတနာအပြင် ပညာရှင်စိတ်ထားလေးလည်း ရှိဖို့လိုအပ်ပါတယ်။ အင်္ဂလိပ်လို ပြောရရင် Professional Mindset လို့ပဲ ပြောချင်ပါတယ်။ Professional Mindset အကြောင်းမပြောခင် Profession ဘယ်ကလာသလဲဆိုတာ စဉ်းစားကြည့်ရအောင်။ Profession ဆိုတာ ကိုယ်တကယ်ချစ်တဲ့အလုပ်၊ ကိုယ့်အရည်အချင်းနဲ့ စွမ်းဆောင်ရည်ကောင်းကောင်းရှိတဲ့အလုပ်နဲ့ ငွေဝင်လမ်းကြောင်းရတဲ့အလုပ်ကို ပေါင်းစပ်ထားတာဖြစ်တယ်။

အလုပ်ကို ချစ်ဖို့လိုလား။ ကျွန်တော်တို့တွေဟာ ကျွန်တော်တို့လုပ်တဲ့အလုပ်တစ်ခုကို ချစ်ဖို့လိုအပ်ပါတယ်။ ကိုယ်ချစ်တဲ့ အလုပ်ကိုလုပ်မှ ကိုယ်တကယ်ပျော်မယ်။ ကိုယ်တကယ်လုပ်တဲ့အခါမှာလည်း စိတ်ပါလက်ပါလုပ်တယ်။ မပျင်းမရိလုပ်တယ်။ စေတနာထားပြီးလုပ်တယ်။ ဒါကြောင့် ကိုယ်လုပ်တဲ့အလုပ်ကို ချစ်ဖို့လိုတယ်။ အလုပ်မှာ ကျွမ်းကျင်မှုရှိဖို့လိုလား။ အလုပ်မှာ ကျွမ်းကျင်ဖို့ကတော့ မေးနေစရာတောင်မလိုတဲ့ မေးခွန်းဖြစ်ပါတယ်။ နေရာတိုင်းမှာ လုပ်ငန်းကျွမ်းကျင်မှုကို ဦးစားပေးကြသလို အရေးလည်းပါပါတယ်။ ကိုယ်လုပ်တဲ့အလုပ်ကို ကျွမ်းကျင်ခြင်းက ကုသိုလ်ရတယ်လို့တောင် ပြောလို့ရပါတယ်။ ကိုယ်ကျွမ်းကျင်တဲ့အလုပ်ကိုလုပ်ရရင် သွက်လက်ပြီး စိတ်ကိုလည်း ကြည်လင်စေတာအမှန်ပါပဲ။ ဘယ်သူမှ ကိုယ့်ကိုယ်ကိုယ် ဝန်ပိနေတဲ့အလုပ်မျိုးကို လုပ်ချင်မှာမဟုတ်ဘူး။ ကိုယ်ကျွမ်းကျင်တဲ့အလုပ်ကို ပျော်ပျော်ရွှင်ရွှင်ပဲ လုပ်ချင်မှာပါ။

ဒီလို အလုပ်ကို ချစ်တတ်မှု၊ ကျွမ်းကျင်မှုကို ပေါင်းစပ်လိုက်တဲ့အခါ လုပ်ငန်းတွေ၊ လူတွေက သင့်ကို ငွေပေးပြီး ခန့်အပ်ထားချင်မှာ အသေအချာပါပဲ။ ဒါကြောင့် ကျွန်တော်တွေဟာ အလုပ်တစ်ခုကို လုပ်တဲ့အခါ စေတနာထားပြီး လုပ်တယ်ဆိုရုံနဲ့ မပြီးသေးပါဘူး။ ကိုယ့်အတွက် ပညာရဖို့၊ အတွေ့အကြုံရဖို့ကိုလည်း စဉ်းစားသင့်ပါတယ်။ ပြီးတော့ အလုပ်ပြီးမြောက်သွားရုံမလုပ်ဘဲ စေတနာထားသင့်ပါတယ်။ စေတနာနောက်မှာမှ ကိုယ့်ကိုယ်ကိုယ်ဖွံ့ဖြိုးလိုစိတ်၊ ပညာရှင်စိတ်ထား၊ သေသပ်မှု၊ ကျွမ်းကျင်မှု၊ ကောင်းမွန်တဲ့အမြင်နဲ့ ပွင့်လင်းတဲ့သဘောထားရှိဖို့ လိုအပ်ပါတယ်။

အလုပ်ဝင်မယ့်ဝန်ထမ်းတွေကလည်း ဒီလိုစိတ်ထားလေးတွေပြောင်းဖို့လိုသလို လုပ်ငန်းရှင်တွေကလည်း ဝန်ထမ်း ကောင်းကို သေချာရှာသင့်တယ်။ ဝန်ထမ်းကောင်းရလာတဲ့အခါမှာလည်း ဝန်ထမ်းကောင်းကို သေချာမွေးမြူသင့်ပါတယ်။ ကျွန်တော်တို့တွေဟာ စေတနာတစ်ခုတည်းမဟုတ်ဘဲ စေတနာရဲ့အလွန်ကို သွားသင့်ပါတယ်။ စေတနာရဲ့အလွန်ကိုရောက်ပြီး ပြည့်ဝရင့်ကျက်တဲ့ လူ့အဖွဲ့အစည်းကိုသွားဖို့ လုပ်ငန်းရှင်တွေရော၊ ဝန်ထမ်းတွေမှာပါ တာဝန်ရှိပါတယ်။ စေတနာရဲ့အလွန်မှာ ပျော်ရွှင်အေးချမ်းတဲ့ကမ္ဘာသစ်ကြီးကို တွေ့ပါလိမ့်မယ်။

 

U Aung Thu

B.Com, M.Com (Mtl Eco),

PG Dip Research Studies (Myw Eco)