" Apple ရဲ့ စျေးကွက်ရှာဖွေရေးဗျူဟာနောက်ကွယ်မှ လျှို့ဝှက်ချက် "

Apple Inc. ဟာ လူသုံးအီလက်ထရွန်းနစ်နဲ့ ကွန်ပျူတာစက်မှုလုပ်ငန်းတွေမှာ ဆန်းသစ်တီထွင်မှုများ နဲ့အတူ အောင်မြင်မှုရရှိနေတဲ့ ကမ္ဘာကျော်နာမည်ကြီး တံဆိပ်တစ်ခုပဲ ဖြစ်ပါတယ်။ Apple က စျေးကွက် ရှာဖွေရေးဟာ စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ အရေးအပါဆုံးကဏ္ဍများထဲမှ တစ်ခုဖြစ်ကြောင်း နားလည်ထားတာ တွေ့ရပါတယ်။ ဒါကြောင့် Apple က စီးပွားရေးနယ်ပယ်မှာ အကြီးကျယ်ဆုံး စျေးကွက်ရှာဖွေသူများထဲမှ တစ်ဦးဖြစ်ကြောင်း သိရှိရပါတယ်။ Apple က သူ့ရဲ့စျေးကွက်ချဲ့ထွင်မှု လုပ်ငန်းစဉ်တွေကို စိန်ခေါ်မှုအသစ်များမှ ရှောင်ရှားဖို့ အမြဲတစေ ခြေလှမ်းအသစ်များ လှမ်းကာလုပ်ဆောင်လျက်ရှိပါတယ်။

Apple Inc. ဟာ ကမ္ဘာ့တန်ဖိုးအရှိဆုံး အမှတ်တံဆိပ်များထဲမှ တစ်ခုဖြစ်လာကာ 2023 ခုနှစ်မှာ အမှတ်တံဆိပ်တန်ဖိုး ခန့်မှန်းခြေ $880.5 ဘီလီယံရှိကြောင်း တွေ့ရပါတယ်။ ဒါက အံ့သြစရာတော့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ Apple အမှတ်တံဆိပ်က စျေးကွက်ရှာဖွေရေး Excellence အတွက် CMO Survey Award ကို 10 နှစ်ဆက်တိုက် အနိုင်ရရှိသူအဖြစ် မဲပေးရွေးချယ်ခြင်း ခံခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ Apple ရဲ့ ပင်မ အခြေခံမူများနဲ့အညီ ရေးဆွဲထားတဲ့ စျေးကွက်ချဲ့ထွင်ခြင်းများက ထူးချွန်တာကြောင့်ပဲ ဖြစ်ပါတယ်။ တခြား ကုမ္ပဏီများအတွက်လည်း Apple ရဲ့ စျေးကွက်ရှာဖွေရေးဗျူဟာများကို လေ့လာအသုံးချခြင်းကနေ အကျိုး ရှိစေမှာပဲ ဖြစ်ပါတယ်။ Apple ရဲ့ စျေးကွက်ရှာဖွေရေးဗျူဟာက အလွန်ထိရောက်တာကြောင့် ကမ္ဘာလုံးဆိုင်ရာ လူကြိုက်များမှု၊ ဝင်ငွေတိုးမှုနဲ့ စဥ်ဆက်မပြတ် တိုးတတ်မှုများ ရှိနေပါတယ်။ အလားတူ ရရှိလိုတဲ့ တခြားကုမ္ပဏီများအတွက်လည်း Apple ဟာ စံနမူနာယူစရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

Apple ဟာ အခြားကုန်အမှတ်တံဆိပ်များထက် ပိုမိုကောင်းမွန်တဲ့ brand image ရှိတဲ့အပြင် စျေးကွက်မှာ ခိုင်မာတဲ့နေရာတစ်ခု ပိုင်ဆိုင်ထားပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ရဲ့ထုတ်ကုန်ကို အမှန်တကယ် ယုံကြည်ပြီး သစ္စာရှိတဲ့ ဖောက်သည်တွေအတွက် ပိုမိုကောင်းမွန်တဲ့ ထုတ်ကုန်များဖန်တီးဖို့ အာရုံစိုက်လို့ပဲ ဖြစ်ပါတယ်။ ဒါဆို Apple ဟာ ဆယ်စုနှစ်တစ်ခုကျော် အဆက်မပြတ် အကောင်းဆုံး စျေးကွက်ရှာဖွေသူအဖြစ် ရပ်တည်လာရတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။ ဒါတွေကို သိရှိဖို့ သူ့ရဲ့ မားကတ်တင်းဗျူဟာကို လေ့လာကြည့်ကြပါမယ်။

၁။ ထုတ်ကုန်မိတ်ဆက်ခြင်းနဲ့ စျေးကွက်ချဲ့ထွင်ခြင်းကို ရိုးရှင်းစွာ လုပ်ဆောင်ခြင်း။

Apple က သူ့ရဲ့ထုတ်ကုန်များ ရိုးရှင်းပါက ပိုကောင်းတယ်ဆိုတဲ့ အတွေးအခေါ်ကို အမြဲအသုံးပြုပါတယ်။ Apple ဟာ သူ့ရဲ့ထုတ်ကုန်တွေကို ကိုယ်တိုင်စကားပြောခွင့်ပြုပြီး ပိုမိုလူသိများအောင် လုပ်ဆောင်ပါတယ်။ ဆိုလိုချင်တာက ထုတ်ကုန်များရဲ့ အရည်အသွေးပိုင်းကို သေချာဂရုစိုက်တဲ့အတွက် လူအများအကြိုက်နဲ့ တစ်ထပ်တည်းကျစေကာ လူသိများစေပါတယ်။ ဒီလိုလုပ်ခြင်းက ဈေးကြီးပေးရတဲ့ ကြော်ငြာတွေကို အားကိုးစရာ မလိုဘဲ သူတို့ရဲ့ ထုတ်ကုန်တွေကို ရောင်းအားပိုတက်စေပါတယ်။

၂။ Target Audience ကို သေချာသိရှိခြင်း။

Apple ဟာ သူ့ရဲ့ပစ်မှတ်၀ယ်သူများကိုရှာဖွေဖို့အတွက် ကြိုးကြိုးစားစားလုပ်ဆောင်ခဲ့ပြီး ၀ယ်သူများရဲ့ ကြိုက်နှစ်သက်မှု၊ မကြိုက်မှု၊ အလေ့အထနဲ့ သူတို့အသုံးပြုလိုတဲ့ ဘာသာစကားကို သေချာသိရှိဖို့ လေ့လာမှုများ အဆက်မပြတ် လုပ်ဆောင်ပါတယ်။ စျေးကွက်ချဲ့ထွင်ခြင်းလုပ်ငန်းစဉ်များ လုပ်ဆောင်ရာမှာ ၀ယ်သူများ နားလည် သဘောပေါက်တဲ့ ဘာသာစကားများအသုံးပြုကာ အလားအလာရှိတဲ့ ဖောက်သည်များ၊ ရှိပြီးသား ဖောက်သည်များ နဲ့ အမှတ်တံဆိပ်ကြားမှာ ရေရှည်ချိတ်ဆက်မှုတစ်ခုကို ဖန်တီးပါတယ်။ Apple ရဲ့ ကြော်ငြာများဟာ လူတိုင်းက iPad များကို အသုံးပြုကာ ရိုးရှင်းပျော်ရွှင်စွာ အားလပ်ချိန်၊ လေ့လာချိန်များကို ဖြတ်သန်းနေကြတာကို ပြသတာ တွေ့ရပါတယ်။ ဆိုလိုချင်တာက Apple ရဲ့ စျေးကွက်ရှာဖွေရေးဗျူဟာမှာ အပြုသဘောဆောင်တဲ့ စိတ်ခံစားမှုကို တစ်သမတ်တည်းပြသခြင်းက ရောင်းအားတတ်စေခြင်းရဲ့ နောက်ကွယ်က တွန်းအားတစ်ခု ဖြစ်ပါတယ်။

၃။ ကောင်းမွန်တဲ့ Customer အတွေ့အကြုံကိုပေးခြင်း။

Apple ဟာ ဖောက်သည်များရဲ့ အတွေ့အကြုံကို အလေးထားပါတယ်။ အတွေ့အကြုံမှာ မတူညီတဲ့ ထုတ်ကုန်ဗားရှင်းများကို တစ်ခုနဲ့တစ်ခု နှိုင်းယှဉ်ခြင်း၊ လက်လီစတိုးမှာ ထုတ်ကုန်အသစ်များကို စမ်းသုံးခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ လက်ခံခြင်း၊ ဘောက်ဖွင့်ခြင်းနဲ့ စက်ပစ္စည်းကို စနစ်ထည့်သွင်းခြင်းတို့ ပါ၀င်ပါတယ်။ ထုတ်ကုန်အားလုံးဟာ သုံးစွဲသူတွေရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ဖို့ ကုမ္ပဏီရဲ့ သတ်မှတ်ချက်များ အတိုင်း ဂရုတစိုက် ဖန်တီးထားပါတယ်။ ဥပမာ တပ်ဆင်ခြင်းနဲ့ပတ်သက်လာရင် Apple ၀ယ်သူများသာ Apple ကွန်ပျူတာများနဲ့ပတ်သက်ပြီး အမှန်တကယ် တန်ဖိုးထားတဲ့အရာတစ်ခုမှာ သူတို့ကို set up လုပ်ဖို့ အလွန် လွယ်ကူခြင်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် Apple ဟာ သူ့ရဲ့ ဒီဇိုင်းတွေကို ပြုပြင်မွမ်းမံဖို့ နာရီပေါင်း ထောင်နဲ့ချီပြီး စမ်းသပ်ခြင်းနဲ့ ပုံတူကူးခြင်းများ ပြုလုပ်ရခြင်း ဖြစ်ပါတယ်။

၄။ ထုတ်ကုန် လျှို့ဝှက်ဆန်းကြယ်မှုနဲ့ ကမောက်ကမ မဖြစ်အောင် ဖန်တီးခြင်း။

များသောအားဖြင့်တော့ ကုမ္ပဏီတစ်ခုဟာ စျေးကွက်မှာ ထုတ်ကုန်အသစ်တစ်ခုကို စတင်တဲ့အခါ၊ စျေးကွက် ရှာဖွေရေးအဖွဲ့က ထုတ်ကုန်အသစ်နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို ဖော်ပြပါလိမ့်မယ်။ ဒီနောက်ကွယ်က အကြောင်းအရင်းကတော့ သုံးစွဲသူတွေကို စိတ်လှုပ်ရှားစေပြီး မျှော်မှန်းချက် တည်ဆောက်ဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ Apple နဲ့ပတ်သက်လာတဲ့အခါ သူတို့ထုတ်ကုန်အသစ်တွေရဲ့ သတင်းအချက်အလက်တွေကို သိမ်းဆည်းထားခြင်းက စိတ်လှုပ်ရှားဖွယ်ရာနဲ့ ထူးခြားတဲ့ ချဉ်းကပ်မှုတစ်ခုကို ဖန်တီးယူတာ တွေ့ရပါတယ်။ ဒါ့ကြောင့် ထုတ်ကုန်မိတ်ဆက်ပွဲမှာ ထုတ်ကုန်အကြောင်း လျှို့ဝှက်ဆန်းကြယ်စွာ ဖန်တီးခြင်းက Apple ရဲ့ အကောင်းဆုံး စျေးကွက်ရှာဖွေရေးနည်းဗျူဟာများထဲမှ တစ်ခုပဲ ဖြစ်ပါတယ်။

အနှစ်ချုပ်ပြောရမယ်ဆိုရင် Apple ဟာ ကမ္ဘာပေါ်မှာ ဒေါ်လာထရီလျံတန် ထိပ်တန်းကုမ္ပဏီများထဲမှ တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့အောင်မြင်မှုနောက်ကွယ်က လျှို့ဝှက်ချက်ကဘာလဲ။ ဒါဟာ Apple ရဲ့ စျေးကွက်ရှာဖွေရေး ဗျူဟာပါ။ Apple က ဖောက်သည်တွေကို ထိန်းသိမ်းထားပြီး ပရီမီယံဈေးကွက်မှာ အမြဲတမ်းရပ်တည်နေပါတယ်။ ဒါကြောင့် တခြားအမှတ်တံဆိပ်များစွာဟာ Apple မှာ အဲ့ဒီလို ဖောက်သည်တွေ ဘာကြောင့် များပြား နေသလဲဆိုတာ လေ့လာနေကြပါတယ်။ အကြောင်းရင်းမှာ သူရဲ့ကျွမ်းကျင်လိမ္မာတဲ့ စျေးကွက်ရှာဖွေရေး ဗျူဟာများကြောင့် ဖြစ်ပါတယ်။

Startuptalky.com မှ Apple Marketing Strategy: The Secret Behind its Simple Yet Effective Marketing Strategy ကို ဆီလျော်အောင် မြန်မာဘာသာပြန်ဆို ကိုးကားရေးသားထားပါတယ်။

Daw Thwet Shwe Yee Htun

B. Com, M.com (MEUE)

Meiktila University of Economics