ခိုင်မာတဲ့ လုပ်ငန်းခွင်ဆက်ဆံရေးတစ်ခု တည်ဆောက်ရာမှာ Empathy ရဲ့အရေးပါပုံ

စီးပွားရေးလုပ်ငန်းတွေမှာ စိန်ခေါ်မှုပြင်းထန်တဲ့အချိန်တွေ ရှိတတ်ကြစမြဲပါ။ အဲဒီအချိန်တွေမှာ ကြံ့ကြံ့ခံထားပြီး ကောင်းမွန်တဲ့ အခွင့်အရေးတွေကိုအသုံးချနိုင်ဖို့ ကျွမ်းကျင်တဲ့ခေါင်းဆောင်ကောင်းတွေ၊ မန်နေဂျာတွေနဲ့ အဖွဲ့သားတွေ လိုအပ်ပါတယ်။ မတူညီတဲ့ Skill မျိုးစုံကို ပိုင်ဆိုင်ထားတဲ့ ခေါင်းဆောင်နဲ့ အဖွဲ့သားတွေဆီမှာ မဖြစ်မနေရှိထားသင့်တဲ့ အရည်အချင်းတစ်ခုကတော့ Empathy ဆိုတဲ့ မျှဝေခံစားပေးနိုင်ခြင်းပါ။ များသောအားဖြင့်တော့ Sympathy နဲ့ Empathy ကို စာနာခြင်းဆိုတဲ့ ခေါင်းစဥ်အောက်မှာ အဓိပ္ပာယ်တူတဲ့ ဝေါဟာရအနေနဲ့ အသုံးပြုကြပါတယ်။

ဒါပေမဲ့ Sympathy ဆိုတဲ့စာနာခြင်းမှာ တစ်စုံတစ်ဦးရဲ့အခြေအနေ၊ ရုန်းကန်နေရခြင်းတွေကို သနားတဲ့ စိတ်ဝင်ပေမယ့် ခက်ခဲတဲ့အတွေ့အကြုံနဲ့ခံစားချက်တွေကို ကိုယ်ချင်းစာနားလည်ပေးနိုင်ခြင်းမရှိပါဘူး။ Sympathy ဆိုတာက တခြားသူတစ်ဦးရဲ့ရုန်းကန်ရမှုနဲ့ ဒုက္ခတွေကို ကိုယ့်ရဲ့ရှုထောင့်ကနေ ဝမ်းနည်းပေးခြင်းလောက်ပဲ ဖြစ်ပါတယ်။ ဥပမာ-ခက်ခဲတဲ့အချိန်တွေကို ရင်ဆိုင်နေရတဲ့သူငယ်ချင်းတစ်ယောက် ဝမ်းနည်းနေတဲ့အချိန် သင်ဟာ သနားတဲ့စိတ်တစ်ခု ဖြစ်ပေါ်လာပေမယ့် သူတို့ရဲ့ရှုထောင့်ကနေ ဘယ်လောက်အထိ နက်နက်နဲနဲခံစားနေရလဲဆိုတာ နားလည်ခံစားပေးနိုင်ခြင်း မရှိပါဘူး။

Empathy ကတော့ အနည်းငယ်ကွဲပြားပါတယ်။ ပြဿနာရှိနေတဲ့တစ်စုံတစ်ယောက်ရဲ့နေရာမှာ စိတ်ကူးနဲ့ ဝင်ကြည့်ပြီး သူ့နေရာကနေ ဝင်ရောက်ခံစားနားလည်ပေးတာမျိုး ဖြစ်ပါတယ်။ အဲဒီလိုဝင်ရောက်ကြည့်တဲ့အခါ သူတို့ရဲ့စိတ်ကူးနဲ့ ထင်မြင်ချက်တွေအပြင် ဘာကြောင့်ဒီလိုခံစားနေရလဲဆိုတာကိုပါ အပြည့်အဝ နားလည်ပေး နိုင်လာပါတယ်။ ဒါကြောင့် Empathy ဆိုတဲ့ စာနာခြင်းမှာ စကားလုံးတွေနဲ့ တကူးတက ပြောပြနေဖို့မလိုအပ်ဘဲ ခက်ခဲတဲ့ခံစားချက်၊ အတွေ့အကြုံတွေကို စာနာနားလည်နိုင်ခြင်းပဲ ဖြစ်ပါတယ်။

လူ့ဘောင်ထဲတွင်သာမက လုပ်ငန်းခွင်တွင်လည်း Sympathy ထက် Empathy က ပိုပြီးအသုံးဝင်သလို အထောက်အပံ့လည်း ဖြစ်စေပါတယ်။

Empathy က လုပ်ငန်းခွင်ထဲမှာ ဘာကြောင့်အရေးပါတာလဲ?

ကိုယ်ချင်းစာခြင်း၊ မျှဝေခံစားတတ်ခြင်းကြောင့် လုပ်ငန်းခွင်အတွင်း အကျိုးဖြစ်ထွန်းမှုတွေ အများကြီး ရှိတာဖြစ်လို့ အဖွဲ့အစည်းတိုင်းမှာ မွေးမြူထားသင့်တဲ့ အရည်အချင်းတစ်ခု ဖြစ်ပါတယ်။ အပြန်အလှန် ကိုယ်ချင်းစာကြည့်ပေးတဲ့စိတ်နဲ့ အလုပ်လုပ်ကိုင်ကြမယ်ဆိုရင် လုပ်ငန်းခွင်မှာ အကျိုးသက်ရောက်မှုရှိစေမှာ အသေအချာပါပဲ။ အဖွဲ့တစ်ခုနဲ့တစ်ခု၊ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံပြောဆိုရတာ အဆင်ပြေလာမယ်၊ နားလည်မှုရှိလာမယ်၊ ခိုင်မာတဲ့ဆက်ဆံရေးကို တည်ဆောက်နိုင်မယ်။ ဒါဆိုရင် ပဋိပက္ခဖြစ်တာလည်း နည်းလာမယ်။ ကိုယ့်အဖွဲ့သားတွေရဲ့ ရှုထောင့်အမျိုးမျိုးက ကွဲပြားတဲ့အမြင်တွေကို ပွင့်ပွင့်လင်းလင်း သိမြင်လာစေတယ်။ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ နည်းလမ်းနဲ့ဗျူဟာတွေကို အတူရှာဖွေနိုင်ပါတယ်။

နောက်တစ်ခုက ဝန်ဆောင်မှုပေးရတဲ့ လုပ်ငန်းတွေမှာဆိုရင် customer ရဲ့လိုအပ်ချက်တွေနဲ့ ဖြစ်ချင်တာ တွေကို စကားလုံးတွေနဲ့ တစ်ခုချင်းစီပြောပြနေစရာမလိုဘဲ အလိုလိုသိနားလည်တဲ့စိတ်တစ်ခုနဲ့ ကူညီပေးနိုင်ပါတယ်။ ဝန်ဆောင်မှုအပေါ်အလိုမကျတဲ့ customer ဆီမှ တုံ့ပြန်ချက်မျိုးကိုလည်း ကိုယ်ချင်းစာတဲ့စိတ်နဲ့ နားထောင်ပေးပြီး နွေးထွေးစွာ ကူညီပေးနိုင်မှာဖြစ်ပါတယ်။ ကိုယ်ချင်းစာစိတ်နဲ့ ကူညီပေးတဲ့နွေးထွေးမှုကို customer တိုင်းက ကောင်းစွာခံစားသိရှိနိုင်တာဖြစ်လို့ ရေရှည်မှာလက်တွဲသွားဖို့ အလားအလာကောင်းတွေ ရှိလာမှာဖြစ်ပါတယ်။

ခေါင်းဆောင်တစ်ယောက်အနေနဲ့ မျှဝေခံစားတတ်တဲ့စိတ်ရှိအောင် ဘယ်လိုမွေးမြူမလဲ?

မိမိအဖွဲ့သားတွေရဲ့လက်ရှိအလုပ်တာဝန်ပေါ်မူတည်ပြီး ခံစားနေရတဲ့ ဖိအားအခြေအနေ၊ စိတ်ပင်ပန်းရမှု အနိမ့်အမြင့်ကို အမြဲတမ်းသတိတရစစ်ဆေးပါ။ ဒါက ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးကို ဂရုတစိုက်စာနာပေးခြင်းကိုပြသသလို ဖိအားကြောင့်ဖြစ်လာရတဲ့ နောက်ဆက်တွဲပြဿနာတွေကို ကြိုတင်ကာကွယ်ပြီးသားလည်း ဖြစ်ပါတယ်။

ဝန်ထမ်းတွေဟာ ကိုယ်ပိုင်ဘဝနဲ့ အလုပ်ကြားမှာ မျှချေဖြစ်အောင်ကြိုးစားရင်း ဖိအားများတတ်ကြပါတယ်။ ဒီလိုဖိအားတွေ၊ ရုန်းကန်နေရမှုတွေကို စာနာဖေးမခြင်းက တန်ဖိုးထားခံရတဲ့ခံစားမှုကို ဖြစ်တည်စေပါတယ်။ အခက်အခဲကို ပွင့်လင်းစွာတိုင်ပင်နိုင်ဖို့ အမြဲတမ်းတံခါးဖွင့်ထားကြောင်း သိရှိစေပြီး တိုင်ပင်ဖွင့်ဟလာတဲ့အခါမှာလည်း တစ်ဖက်သတ် ဝေဖန်ဆုံးဖြတ်ခြင်းကို ရှောင်သင့်ပါတယ်။

ဝန်ထမ်းတွေရဲ့ရည်မှန်းချက်နဲ့ လိုအပ်ချက် (Needs) တွေကို အလေးထားနားလည်ပေးကာ သူတို့နဲ့ ကိုက်ညီမှုရှိတဲ့ တာဝန်ကိုပေးခြင်းက ဝန်ထမ်းတွေရဲ့စိတ်ကျေနပ်မှုအပြင် ကုမ္ပဏီရဲ့ productivity ကို မြှင့်တင်ပေး နိုင်ပါတယ်။ နောက်တစ်ခုက မိသားစုဝင် ဒါမှမဟုတ် ပိုင်ဆိုင်မှုတွေကို ဆုံးရှုံးရတဲ့အဖြစ်မျိုးနဲ့ ကြုံရတဲ့ အခက်ခဲဆုံး အချိန်အခိုက်အတန့်ပါ။  အဲဒီကာလအတွင်း စိတ်ခံစားချက်တွေကို မျှဝေပေးခြင်း၊ စာနာနားလည်ပေးခြင်းတို့နဲ့ ခိုင်မြဲတဲ့ဆက်ဆံရေးတစ်ခုကို ဖြစ်တည်စေမှာ ဖြစ်ပါတယ်။

စာနာနားလည်ပေးခြင်းက ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတစ်ခုဆိုပေမယ့် အရေးကြီးတာတစ်ခုက အဖွဲ့သားတွေရဲ့လုပ်သင့်လုပ်ထိုက်တဲ့တာဝန်တွေနဲ့ ချမှတ်ထားတဲ့စည်းမျဥ်းတွေကိုတော့ မေ့ပစ်လိုက်လို့မရပါဘူး။ ဆိုလိုတာက စည်းမျဥ်းစည်းကမ်းတွေ ဖောက်ဖျက်တာ၊ အကြောင်းအရင်း မယ်မယ်ရရမရှိဘဲ အလုပ်ကိုအချိန်မီ မပြီးတာတွေအတွက် အမြဲတမ်းကိုယ်ချင်းစာနားလည်ပေးနေလို့ မရပါဘူး။ အခြေအနေအမျိုးမျိုးအပေါ်လိုက်ပြီး နားလည်ပေးလို့ရနိုင်တဲ့ အနေအထားတစ်ခုမှာ ရှိနေလားဆိုတာကို မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ဖို့ လိုအပ်ပါတယ်။ စံနှုန်းတွေကို ထိခိုက်မှုမရှိနိုင်တဲ့ အသင့်တော်ဆုံး ဆုံးဖြတ်ချက်ကိုချနိုင်ဖို့က ခေါင်းဆောင်တစ်ယောက် အနေနဲ့အရေးကြီးပါတယ်။

NeuroLeadership Institute Website မှ “Empathy in the Workplace and Why It’s Important” ဆောင်းပါးကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

 

Daw Theint Thinzar

BE (Civil-West Yangon Technological University)

M.Sc (Construction Project Mgt),Heriot-Watt University