" Ways to Build Confidence "

ကျွန်တော်တို့တွေဟာ ဘဝမှာ အောင်မြင်မှုတွေ၊ စိတ်ချမ်းသာမှုတွေ ရယူနိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် confidence ရှိဖို့လိုပါတယ်။ ဥပမာ အလုပ်မှာ ရာထူးတိုး လျှောက်လွှာတင်ဖို့ စဉ်းစားနေတယ်၊ ကြီးကျယ်ခမ်းနားတဲ့ ပွဲတစ်ခုမှာ လူတွေရှေ့ထွက်ပြီး မိတ်ဆက်ရမယ်ဆိုရင် ကျွန်တော်တို့ဟာ အနည်းနဲ့ အများတော့ confidence ရှိနေဖို့လိုပါတယ်။ ဒါပေမဲ့လည်း ဒီအရာတွေကို လုပ်ဖို့အတွက် လုံးဝ confidence ရှိလာတဲ့အထိ စောင့်ဆိုင်းနေစရာမလိုပါဘူး။ စောင့်ဆိုင်းနေမယ့်အစား ကိုယ့်ကိုယ်ကိုယ် confidence ရှိလာအောင် တည်ဆောက်ဖို့အတွက် တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်နိုင်ပါတယ်။ အဲ့ဒီလို လုပ်ဆောင်ခြင်းဟာ ကျွန်တော်တို့ရဲ့ ဘဝအစိတ်အပိုင်းတချို့အတွက် ကောင်းမွန်လာစေပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် confidence ရှိခြင်းဟာ စိတ်ပိုင်းဆိုင်ရာကို ပိုပြီးသန်မာလာစေဖို့ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ကိုယ့်ရဲ့ confidence level ကို မြှင့်တင်ပေးခြင်းက ကျွန်တော်တို့ကို အောင်မြင်မှုတွေ၊ စိတ်ချမ်းသာမှုတွေနဲ့ ပျော်ရွှင်မှုတွေကို ယူဆောင်လာပေးနိုင်ပါတယ်။ Confidence ရှိလာအောင် တည်ဆောက်ဖို့ အတွက်ကလည်း နည်းလမ်းများစွာ ရှိပါတယ်။

၁။ ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ နှိုင်းယှဉ်နေတာတွေကို ရပ်တန့်လိုက်ပါ။

သူငယ်ချင်းတွေကတော့ လစာဘယ်လောက်ရပြီး ငါကတော့ ဘယ်လောက်ပဲရတယ်ဆိုတာမျိုး၊ သူ့ခန္ဓာကိုယ် လေးကတော့ လှလိုက်တာ “ငါကတော့...” ဆိုတာမျိုးတွေကို ကျွန်တော်တို့တွေရဲ့ မသိစိတ်ထဲမှာ တခြားသူတွေနဲ့ နှိုင်းယှဉ်ကြည့် နေတတ်ကြပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ နှိုင်းယှဉ်နေတတ်တာဟာ ကိုယ့်ရဲ့ confidence ကို ပျက်စီးသွားစေနိုင်ပါတယ်။ သုတေသီများရဲ့ ရှာဖွေတွေ့ရှိချက်များအရ တခြားသူနဲ့ နှိုင်းယှဉ်မှု များလာလေလေ ကျွန်တော်တို့အတွက် ပိုဆိုးလာလေ ဖြစ်ပါတယ်။ လောကမှာ ကိုယ့်ထက်မြင့်တဲ့ လူတွေရှိသလို ကိုယ့်ထက်နိမ့်ကျတဲ့လူတွေလည်း ရှိတယ်ဆိုတာကို သတိပြုပါ။ သူတို့ကို ပြိုင်ဘက်တွေလို့ မြင်မယ့်အစား သူတို့ဆီမှာရှိနေတဲ့ ကျွမ်းကျင်မှုတွေ၊ နည်းပညာတွေ ဗဟုသုတတွေကို သင်ယူပါ။ မနေ့ကထက် ဒီနေ့ကပိုကောင်းလာဖို့အတွက် ရည်မှန်းချက်ထားပါ။ တခြားသူတွေထက် ပိုကောင်းလာအောင် လုပ်ပါ။

၂။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်ပေးပါ။

ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ဂရုမစိုက်ဘဲ ထားမယ်ဆိုရင် ခန္ဓာကိုယ်နဲ့ ဆက်စပ်နေတဲ့ စိတ်ခံစားချက်တွေက ကောင်းနေမှာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပေးတဲ့အခါ ကိုယ်ခန္ဓာနဲ့ စိတ်ခံစားချက်အတွက် ကောင်းတဲ့အရာတွေကို ခံစားရစေမှာပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်းနဲ့ ကောင်းစွာအိပ်စက်ခြင်း အစရှိတာတွေဟာ ကျွန်တော်တို့ရဲ့ ခံစားချက်တွေကို ကောင်းမွန်လာစေဖို့ ကူညီပေးနိုင်တဲ့ အဓိကသော့ချက်တွေပဲ ဖြစ်ပါတယ်။ ကိုယ်ကျန်းမာတဲ့အခါ စိတ်ကလည်း ချမ်းသာလာပြီး ဘာပဲလုပ်လုပ် တက်ကြွလန်းဆန်းနေမှာဖြစ်သလို ကိုယ့်ရဲ့ လုပ်နိုင်စွမ်းပေါ်မှာလည်း confidence ကို ရရှိစေနိုင်ပါတယ်။

၃။ အပြုသဘောရှိသူတွေနဲ့သာ ကိုယ့်ရဲ့အချိန်ကို ကုန်ဆုံးပါ။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိနေတဲ့ လူတွေက ကျွန်တော်တို့ရဲ့ ခံစားချက်တွေအပေါ်မှာ အများကြီး အကျိုးသက်ရောက်မှု ရှိပါတယ်။ တကယ်လို့ ပတ်ဝန်းကျင်ကလူတွေက ဝေဖန်ရေးသမားတွေ၊ မကောင်းမြင်ဝါဒ သမားတွေ ဖြစ်နေခဲ့မယ်ဆိုရင်တော့ ကိုယ့်ရဲ့ စိတ်ခွန်အားတွေကို ထိခိုက်စေနိုင်ပါတယ်။ ကိုယ့်ရဲ့စိတ်ကို ခွန်အားဖြစ်စေသူ၊ ခွန်အားဖြစ်စေဖို့ ကူညီထောက်ပံ့ပေးနိုင်တဲ့သူတွေသာ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေမယ် ဆိုရင်တော့ ကိုယ့်အတွက် ကောင်းမွန်တဲ့အရာတွေ၊ မှန်ကန်တဲ့အတွေးတွေကို ရရှိလာနိုင်မှာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် အလေးမထားသူတွေဟာ သူတို့နဲ့ လိုက်လျောညီထွေ နေတတ်တဲ့သူတွေနဲ့ မိတ်ဆွေဖွဲ့ တတ်ကြတယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ ကိုယ်က အကြောင်းအရာ တစ်ခုနဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်နေချိန်မှာ လိုက်ရောညီထွေပြောပေး၊ တွေးပေးတတ်တဲ့သူတွေကြောင့် စိတ်သက်သာမှု ရစေနိုင်ပါတယ်။ ဒါ့ကြောင့် အဲ့လူတွေနဲ့ပဲ အချိန်ဖြုန်းလေ့ရှိပါတယ်။ တကယ်လို့ ကိုယ်ကတစ်ခုခုကို ကြောက်လန့်နေတယ်။ အဲ့ဒါကို တခြားသူတွေက ကိုယ့်ကိုပိုပြီး ခံစားရစေမယ့် စကားတွေလာပြောမယ်ဆိုရင် ကိုယ့်အတွက် အနှောင့်အယှက်ဖြစ်စေတယ်။ သူကအမှန်တရားတွေ လာပြောနေပေမယ့်လည်း ကိုယ့်ဘက်က လက်မခံနိုင်ဘူး။ ကိုယ့်ကို စိတ်ချမ်းသာစေမယ့်သူကိုပဲ ရွေးပေါင်းရင်းနဲ့ ကိုယ့်ရဲ့စိတ်တွေကလည်း အပျက်သဘောဘက်ကို ရောက်သွားတတ်ပါတယ်။ ဒါကြောင့် ကိုယ်ကျင်လည်ရမယ့် ပတ်ဝန်းကျင်ကို ဂရုစိုက်ပြီးရွေးချယ်ပါ။ တချို့သူတွေနဲ့ အဆက်အသွယ် လျှော့ချဖို့ကို မကြောက်ပါနဲ့။ ကိုယ့်ဘဝအတွက် အပြုသဘောဆောင်သူများနဲ့ ပိုပြီးပေါင်းသင်းပါ။ ပိုပြီးကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်ပါ။ အစပိုင်းမှာ အရာရာကို အပြုသဘောဆောင်ပြီး မြင်ရ၊ တွေးရတာကြောင့် စိတ်အနှောင့်အယှက် ဖြစ်စေပေမယ့် လည်း အချိန်ကြာလာတာနဲ့အမျှ လွယ်ကူလာပြီး စိတ်အေးချမ်းမှုကို ရစေနိုင်ပါတယ်။

၄။ ကိုယ့်ကိုယ်ကိုယ် မကောင်းမြင်တဲ့စိတ်ကို ဖယ်ထုတ်ပါ။

လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် မကောင်းမြင်တဲ့အခါ confidence ကလည်း လျော့ကျသွားပါတယ်။ တချို့အရာတွေဟာ "ခက်ခဲလွန်းတယ်" “ကိုင်တွယ်နိုင်မှာမဟုတ်ဘူး” ဆိုတဲ့ အတွေးခေါ်အယူအဆတွေကို လက်ကိုင်မထားပါနဲ့။ မလုပ်နိုင်ဘူးဆိုတဲ့ သံသယစိတ်တွေကို ကျော်ဖြတ်နိုင်ဖို့နဲ့ စိန်ခေါ်မှုအသစ်တွေကို ရယူနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် အားပေးစကားပြောပါ။ ဥပမာ "အဲ့ဒါကို မကိုင်တွယ်နိုင်ဘူး" အစား "ငါလုပ်နိုင်တယ်" လို့ စမ်းပြောကြည့်ပါ။ "ဘယ်အရာကိုမှ မှန်ကန်စွာ မလုပ်နိုင်ဘူး" လို့ပြောမယ့်အစား "နောက်တစ်ခါ ပိုကောင်းအောင် လုပ်နိုင်တယ်" ဆိုတဲ့စကားကို ပြောကြည့်ပါ။

၅။ ကိုယ် confidence ရှိသလို ပြုမူဆောင်ရွက်ပါ။

ဘာမှမလုပ်ဘဲ အိမ်မှာထိုင်နေရုံနဲ့တော့ confidence က ရှိလာမှာမဟုတ်ပါဘူး။ တစ်ခါတလေမှာ ကိုယ့်ရဲ့ ခံစားချက်တွေကို ပြောင်းလဲပစ်ဖို့ အကောင်းဆုံးနည်းလမ်းက ကိုယ့်ရဲ့ အပြုအမှုတွေကို ပထမဆုံးအနေနဲ့ ပြောင်းလဲလိုက်ပါ။ တကယ်လို့ confidence ရှိလာပြီလို့ ခံစားလာရပြီဆိုရင် အရင်ဆုံး ဘာလုပ်မလဲဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။ တစ်ခုခုကိုလေ့လာဖို့ သင်တန်းတက်မလား? တခြားနိုင်ငံသွားပြီး အလုပ်လုပ်မလား ဒါမှမဟုတ် ကျောင်းသွားတက်မလား? တစ်ခုခုကိုလုပ်လိုက်ပါ။ ဥပမာ သင်တန်းသွားတက်တယ် ဆိုပါစို့။ စာသင်ခန်းထဲကို ဝင်သွားလိုက်တာနဲ့ ကိုယ့်ကိုယ်ကိုယ် Confidence တစ်ခုတည်ဆောက်ပြီး ပြုမူပါ၊ ပြောဆိုပါ။ ကိုယ့်ရဲ့အပြုအမှုကို အနည်းငယ် ပြောင်းလဲလိုက်ရုံနဲ့တင် ကိုယ့်ရဲ့ ကိုယ်ဟန်အနေအထားက ပြောင်းလဲသွားနိုင်သလို ကြီးမားတဲ့ ပြောင်းလဲမှုတွေကိုလည်း ဖြစ်ပေါ်လာစေ နိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် confidence ပိုပြီးရှိလာဖို့နဲ့ စိတ်ပိုင်းဆိုင်ရာမှာ ပိုပြီးကြံ့ခိုင်လာဖို့အတွက် ဘယ်အရာက၊ ဘယ်နည်းလမ်းက အကောင်းဆုံးလဲဆိုတာကို လက်တွေ့ကျင့်သုံး စမ်းသပ်ဖို့တော့ လိုအပ်ပါတယ်။ 6 Proven Ways to Build Confidence | Psychology Today ဆောင်းပါးတို့မှ သင့်တော်သလို ကိုးကားပြီး ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

Daw Sandi Su Hlaing

B.C.Sc, (U.C.S.Y),

B.C.Sc, (Hons) (U.C.S.Y)

M.C.Sc, (U.C.S.Y)