How to improve your grades

လူတိုင်းနီးပါးက စာမေးပွဲဖြေတာပဲဖြစ်ဖြစ်၊ assignment ရေးတာပဲဖြစ်ဖြစ် အမှတ်ကောင်းချင်တဲ့ ဆန္ဒလေးတော့ ရှိကြပါတယ်။ တချို့ဆို အမှတ်ကောင်းဖို့အတွက် မနားမနေကျက်ပြီး မျှော်မှန်းထားသလောက် မရလာတော့ စိတ်ဓာတ်ကျတာတို့၊ အားမလို အားမရဖြစ်တာတို့ပါ ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် ဒီလိုအချိန်မှာ ဘယ်လိုနည်းတွေသုံးခြင်းက အမှတ်ကောင်းဖို့ အထောက်အကူပြုသလဲဆိုတာ ကိုယ်တိုင်အတွေ့အကြုံတွေအရ မျှဝေလိုက်ရပါတယ်။

၁။ အမှတ်ကောင်းဖို့ ကိစ္စကို ခေါင်းထဲမထားပါနဲ့။

စာနဲ့ပတ်သက်ပြီး goal ရှိသင့်တယ်ဆိုတာ မှန်ပေမယ့် ဒါရကိုရမှဖြစ်မယ်ဆိုတဲ့ အစွဲကိုမထားပါနဲ့။ ဒီလိုအစွဲထားလိုက်ခြင်းဟာ ကိုယ့်ကိုယ်ကို pressure ပိုပိသွားပြီး စာလုပ်ရာမှာ အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်။ ဥပမာပြောရရင် ကိုယ်လုပ်ထားတာ မကောင်းဘူးလို့ပဲတွေးမိတာ၊ ကိုယ်ကျက်ထားတာ မလုံလောက်သေးဘူးဆိုပြီး နေ့မနား ညမနား စာကျက်မိတာ တွေအထိ ဖြစ်နိုင်ပါတယ်။

၂။ နားမလည်ရင် teacher တွေကိုမေးပါ။

ကိုယ်က စာသင်ချိန်မှာ ဘယ်လောက် အာရုံစူးစိုက်ထားသည်ဖြစ်စေ နားမလည်တဲ့အပိုင်းတွေ၊ မရှင်းတဲ့အပိုင်း တွေတော့ ရှိကြမှာပါပဲ။ တချို့တွေက teacher တွေကို မေးရမှာအားနာတာ၊ ကြောက်တာတွေရှိတတ်တော့ သူငယ်ချင်းကိုပဲ ဒီတိုင်းမေးကြတာတွေ ရှိပါတယ်။ သူငယ်ချင်းကိုမေးတာ မကောင်းတာတော့ မဟုတ်ပေမယ့် သင်ပေးတဲ့သက်ဆိုင်ရာ teacher ကသာ အသိဆုံးဖြစ်တဲ့အတွက် teacher ကိုစာမေးခြင်းကသာ အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။

၃။ ကျန်းမာရေးကို ဂရုစိုက်ပါ။

ဒီအချက်က အခြေခံအကျဆုံး အချက်ဖြစ်ပါတယ်။ ဘယ်လောက်စာတော်တော် စာမေးပွဲနီးမှ နေမကောင်း၊ ဖျားနာဖြစ်ပြီး ကျန်းမာရေးချို့ယွင်းတဲ့အခါ ကိုယ်တတ်သလောက်၊ မှတ်သလောက် အပြည့်အဝ မဖြေနိုင်တော့ တဲ့အတွက် မှန်းထားသလောက် အမှတ်မရနိုင်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အိပ်ရေးဝဝအိပ်၊ အာဟာရမျှတစွာစားပြီး မိမိရဲ့ကျန်းမာရေးကို အမြဲဂရုစိုက်ရပါမယ်။

၄။ ကိုယ့်ကိုယ်ကိုယ် လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုထားပါ။

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိခြင်းဟာ ကိုယ်မျှော်မှန်းထားတဲ့အရာကို ရရှိနိုင်ဖို့အတွက် အကောင်းဆုံး motivation ဖြစ်ပါတယ်။ ဒါကြောင့် “အမှတ်လေးတော့လိုချင်ပါရဲ့၊ ငါမလုပ်နိုင်လောက်ဘူး၊ ခက်တယ်” ဆိုတာတွေမတွေးဘဲ “ငါဒီလောက်မှန်းထားတယ်၊ ငါမှန်းသလောက် လုပ်နိုင်တယ်” ဆိုတဲ့အတွေးလေးနဲ့ စာကိုပုံမှန်လုပ်ပေးရင် အမှတ်တွေကောင်းလာနိုင်ပါတယ်။

၅။ မေးခွန်းတွေကို နားလည်အောင်သေချာဖတ်ပါ။

ငယ်ငယ်က အလွတ်ကျက်ဖြေရတဲ့ မေးခွန်းတွေကြောင့် ဒီပြဿနာဟာ သိပ်မရှိပေမယ့် တက္ကသိုလ်အရွယ်မှာ၊ အထူးသဖြင့် assignment ရေးတဲ့အခါမှာ မေးခွန်းနားလည်အောင်ဖတ်တာက အရေးပါတဲ့ကဏ္ဍမှာ ပါဝင် လာပါတယ်။ ကိုယ်ရေးထားတာ ဘယ်လောက်ကောင်းနေပါစေ၊ မေးခွန်းက သတ်မှတ်ထားတာနဲ့ မကိုက်ညီရင် အမှတ်ကလျော့သွားမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မေးခွန်းက ဘာကိုဆိုလိုတယ်၊ ဘယ်လိုမျိုးကို ရေးရမယ် ဆိုတာကို သေချာသဘောပေါက်အောင် ဖတ်ရှုသင့်ပါတယ်။

၆။ semester စကတည်းက စာကိုပုံမှန်လုပ်ပါ။

အမှတ်ကောင်းဖို့ဆိုတာ စာသင်ချိန်အစကတည်းက စာကိုပုံမှန်လေးလုပ်၊ lecture တွေ ပုံမှန်နားထောင်ပြီး notes တွေ သေချာမှတ်ဖို့လည်း လိုအပ်ပါသေးတယ်။ စာက်ိုပုံမှန်မလုပ်ဘဲ အနီးကပ်မှ အမှတ်ကောင်းချင်တယ်ဆိုပြီး စာတွေ မအိပ်မစားဘဲလုပ်၊ assignment အတွက် တစ်နေကုန်ထိုင်ရာကမထ စာတွေရှာပြီးရေးရင်တော့ ဦးနှောက်ကိုမရပ်မနား နှိပ်စက်သလို ဖြစ်သွားပြီး ဦးနှောက်အနားယူချိန်မရှိတဲ့အတွက် ခေါင်းတွေထူပူလာတာပဲ အဖတ်တင်ပါလိမ့်မယ်။ အမှတ်ကောင်းဖို့ကတော့ ဝေးပြီပေါ့။

၇။ result တွေထွက်လာတဲ့အပေါ်မူတည်ပြီး reward နဲ့ self-reflect ကိုအမြဲလုပ်ပေးပါ။

Result မှာ ကိုယ်မျှော်လင့်ထားသလို ကောင်းကောင်းလေးထွက်လာရင်တော့။ မိမိစိတ်အလိုကျ တစ်ခုခု လုပ်ပေးပြီး reward ပေးသင့်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် နောက် semester တွေအတွက်လည်း ကိုယ့်ကိုယ်ကိုယ် motivate ပိုဖြစ်လာပြီး စာလုပ်နိုင်တဲ့အားလည်း တိုးလာစေပါတယ်။ အမှတ်က မိမိထင်ထား သလိုမဟုတ်ဘဲ ဆိုးရွားနေခဲ့ရင်တော့ စိတ်ဓာတ်ကျမယ့်အစား ကိုယ့်စိတ်ကို ခဏအနားပေးပြီး စိတ်တည်ငြိမ် သွားတဲ့အခါမှာ ကိုယ်ဘယ်နားမှာလိုအပ်နေလဲကို self reflect လုပ်ပေးသင့်ပါတယ်။ Self reflect လုပ်ပေး ခြင်းကြောင့် မိမိလိုအပ်ချက်တွေသိမြင်လာပြီး နောက် semester မှာ ထပ်ပြီးမလွဲချော်ရအောင် သတိထား ပြုပြင်နိုင်ပါလိမ့်မယ်။ အထက်ပါအချက်အလက်တွေကတော့ စာမေးပွဲမှာပဲ ဖြစ်ဖြစ်၊ assignment ရေးရာမှာပဲ ဖြစ်ဖြစ် အမှတ်တွေတက်လာအောင် ကိုယ်တိုင်ကျင့်သုံးခဲ့တဲ့ နည်းလမ်းတွေပဲဖြစ်ပါတယ်။ အားလုံးလည်း ဒီစာလေးကိုဖတ်ရှုရင်း အမှတ်တွေကောင်းအောင် ကြိုးစားတဲ့နေရာမှာ တစ်ဖက်တစ်လမ်းက အထောက်အကူ ပြုမယ်လို့ ယူဆမိပါတယ်။ အဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

 

မဆုရတနာထက် (Undergraduate Programme)