Samsung ရဲ့ စျေးကွက်ရှာဖွေရေး ဗျူဟာများ 

Samsung ဟာ 2022 ခုနှစ်အထိ  ထုတ်ကုန်အမှတ်တံဆိပ်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၇.၃ ဘီလီယံနဲ့ ကမ္ဘာ့ထိပ်တန်းလူသုံးကုန် အီလက်ထရွန်းနစ်ကုမ္ပဏီများထဲမှ တစ်ခု ဖြစ်ပါတယ်။ Samsung ဟာ ဆန်းသစ်တဲ့ ထုတ်ကုန်များ၊ ထူးခြားတဲ့ စျေးကွက်ရှာဖွေရေးဗျူဟာများနဲ့ နောက်ဆုံးပေါ် နည်းပညာများကို အသုံးပြုခြင်းက စမတ်ဖုန်း ဈေးကွက်အတွင်း အောင်မြင်မှုကို ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ Samsung ရဲ့ စျေးကွက်ရှာဖွေရေးဗျူဟာက သူဦးတည်ထားတဲ့ ဖောက်သည်များရဲ့ ဒေသအလိုက် လိုအပ်ချက်များနဲ့ ဦးစားပေးမှုများကို နားလည်သဘောပေါက်ခြင်း၊ စျေးကွက်ကို ခွဲခြမ်းစိတ်ဖြာခြင်းနဲ့ ဖောက်သည်များထံ လမ်းကြောင်းမျိုးစုံ၊ ပလက်ဖောင်း အမျိုးမျိုးမှတစ်ဆင့် တန်ဖိုးများ ဖန်တီးပေးပို့ခြင်းတို့အပေါ် အခြေခံ ထားပါတယ်။

Samsung ရဲ့ အရှေ့တောင်အာရှနိုင်ငံ စျေးကွက်များထဲမှ အရေးပါတဲ့တစ်ခုမှာ လူဦးရေ ၅၄ သန်းကျော်ရှိပြီး စမတ်ဖုန်းနဲ့ တခြား အီလက်ထရွန်နစ်ပစ္စည်းများရဲ့ ဝယ်လိုအား တိုးပွားလာနေတာကတော့ မြန်မာနိုင်ငံပဲ ဖြစ်ပါတယ်။ Statista ရဲ့ အစီရင်ခံစာအရ Samsung ဟာ ၂၀၂၂ ခုနှစ်က မြန်မာနိုင်ငံမှာ ဒုတိယလူကြိုက် အများဆုံး စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်ပြီး Xiaomi ရဲ့  ၃၅.၆၅% နောက်မှာ စျေးကွက်ဝေစု ၁၂.၇၂% ရှိပါတယ်။ Samsung က အောက်ဖော်ပြပါ စျေးကွက်ရှာဖွေရေးဗျူဟာများကို အကောင်အထည်ဖော်ကာ မြန်မာနိုင်ငံမှာ အခိုင်အမာ ခြေကုပ်ယူနိုင်ခဲ့ပါတယ်။

တခြားထုတ်ကုန်များနဲ့ ကွဲပြားခြားနားခြင်း - Samsung ဟာ သုံးစွဲသူများရဲ့ မတူညီတဲ့ ဈေးကွက် အစိတ်အပိုင်းများအလိုက် ဈေးအနိမ့်ဆုံးမှ အဆင့်မြင့်ဆုံးအထိ၊ သာမန်ဖုန်းများမှ feature မျိုးစုံပါဝင်ပြီး ခေါက်နိုင်၊ ချိုးနိုင်တဲ့ စမတ်ဖုန်းများအထိ၊ တက်ဘလက်များမှ လက်ပ်တော့များအထိ၊ တီဗီများမှ ရေခဲသေတ္တာအထိ ဝန်ဆောင်မှုပေးတဲ့ ထုတ်ကုန်များစွာကို ဈေးကွက်ထဲမှာ ရောင်းချပေးနေပါတယ်။ Samsung ဟာ နည်းပညာအသစ်များနဲ့ သူတို့ရဲ့ထုတ်ကုန်များကို အဆက်မပြတ် ဆန်းသစ်တီထွင် လျက်ရှိပါတယ်။ Samsung ဟာ ဆင်းမ်ကတ်နှစ်ကတ်ပံ့ပိုးမှု၊ ဒေသသုံး ဘာသာစကားရွေးချယ်မှု၊ မြန်မာ ကီးဘုတ်ပံ့ပိုးမှုများ၊ သက်သာတဲ့စျေးနှုန်းများနဲ့ ဝန်ဆောင်မှု ပေးဆောင်ခြင်း၊ သုံးစွဲသူများရဲ့ ဒေသလိုအပ်ချက်များ၊ စိတ်ကြိုက်ရွေးချယ်မှုများနဲ့ ကိုက်ညီစေဖို့ သူ့ရဲ့ထုတ်ကုန်များကို စိတ်ကြိုက် ပြင်ဆင် ထားပေးပါတယ်။

ကြော်ငြာနည်းလမ်းများ - Samsung ဟာ မြန်မာနိုင်ငံရှိ အလားအလာရှိတဲ့ ဖောက်သည်များ၊ လက်ရှိဖောက်သည်များအကြား အသိအမြင်နဲ့ စိတ်ဝင်စားမှုကို ဖန်တီးဖို့ အမျိုးမျိုးသော အရောင်း မြှင့်တင်ရေး  နည်းလမ်းများကို အသုံးပြုပါတယ်။ Samsung ဟာ သူရဲ့ထုတ်ကုန်များနဲ့ အကျိုးကျေးဇူးများကို ပြသဖို့အတွက် လူမှုမီဒီယာ၊ ဝဘ်ဆိုက်များ၊ ကြော်ငြာဘုတ်များ၊ တီဗီကြော်ငြာများနဲ့ ပုံနှိပ်မီဒီယာများ စတဲ့ အွန်လိုင်းနဲ့ အော့ဖ်လိုင်းကြော်ငြာများကို အသုံးပြုပါတယ်။ Samsung ဟာ ဦးတည်ထားတဲ့ ပရိသတ်ထံ သတင်းအချက်အလက်များ ရောက်ရှိဖို့၊  ဆွဲဆောင်မှုရှိတဲ့ အကြောင်းအရာများနဲ့ ထိတွေ့ဆက်ဆံ နိုင်ဖို့အတွက် သြဇာလွှမ်းမိုးမှုရှိပြီး နာမည်ကြီးကျော်ကြားတဲ့ သရုပ်ဆောင်များနဲ့ ကြော်ငြာခြင်း၊ ထိရောက်မှုရှိတဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာများနဲ့ ဖော်ပြထားတဲ့ ဒီဂျစ်တယ် စျေးကွက်ရှာဖွေရေး နည်းလမ်းတို့ကို အသုံးပြုပါတယ်။ ဥပမာ Samsung ဟာ သူတို့ရဲ့ လူမှုမီဒီယာ ပလက်ဖောင်းများမှာ ထုတ်ကုန်များနဲ့ ဈေးကွက်ရှာဖွေရေး ကမ်ပိန်းများကို ကြော်ငြာဖို့အတွက် ပြည်တွင်းမှ နာမည်ကြီးသူများနဲ့ သြဇာရှိသူများကို brand ambassador များအဖြစ် ခန့်အပ်ကာ  ကြော်ငြာတဲ့ နည်းလမ်းများကို အသုံးပြု ပါတယ်။   Samsung ဟာ ထုတ်ကုန်များနဲ့ ဝန်ဆောင်မှုများအကြောင်း အသိပညာပေးဖို့နဲ့ သုံးစွဲသူများကို ဖျော်ဖြေတင်ဆက်ဖို့အတွက် ဗီဒီယိုများ၊ ဘလော့ဂ်များ၊ webinars များကိုလည်း ဖန်တီးနေပါတယ်။  ဖောက်သည်များက Samsung ကို ပိုမိုသိရှိနိုင်ဖို့နဲ့ သူ့ရဲ့ ဝဘ်ဆိုက်ကို လာရောက်ကြည့်ရှုသူအရေအတွက် တိုးမြှင့်ဖို့ ရှာဖွေရေးအင်ဂျင်များမှာ အွန်လိုင်းကြော်ငြာများကို ထည့်သွင်းခြင်းဖြင့်လည်း ကြော်ငြာ နည်းလမ်းများ အသုံးပြုလျက်ရှိပါတယ်။

ထုတ်ကုန်များအား နေရာစုံမှရရှိနိုင်မှု - Samsung ဟာ မြန်မာနိုင်ငံရှိ သူ့ရဲ့ဖောက်သည်များ ထုတ်ကုန်များကို အလွယ်တကူ ရရှိနိုင်ဖို့နဲ့ အသုံးပြုနိုင်ဖို့အတွက် ချန်နယ်လမ်းကြောင်းမျိုးစုံ၊ ပလက်ဖောင်း အမျိုးမျိုးမှ တစ်ဆင့် ဖြန့်ဝေနေပါတယ်။ Samsung ထုတ်ကုန်များကို တရားဝင်အရောင်းဆိုင်များမှာ တိုက်ရိုက် ကြည့်ရှုဝယ်ယူနိုင်ရုံသာမက Samsung ရဲ့ ကိုယ်ပိုင်အွန်လိုင်းစတိုးမှလည်း တိုက်ရိုက်ဝယ်ယူနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ခိုင်မာတဲ့ physical စတိုးဆိုင်များ တည်ရှိပြီး နိုင်ငံတစ်ဝှမ်း တရားဝင်အရောင်း ကိုယ်စားလှယ်နဲ့ ဝန်ဆောင်မှုစင်တာပေါင်း 100 ကျော်ရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေး မြို့ကြီးများမှာ flash ship စတိုးဆိုင်များနဲ့ သုံးစွဲသူများအတွက် အတွေ့အကြုံစင်တာများကို ဖွင့်လှစ်လည်ပတ်နေပြီး သုံးစွဲသူများ ကိုယ်တိုင် သူတို့ထုတ်ကုန်များကို ကြည့်ရှုကိုင်တွယ် စမ်းသပ်နိုင်မှာဖြစ်ပါတယ်။

ဝန်ဆောင်မှု - Samsung ဟာ သူ့ရဲ့ဖောက်သည်များနဲ့ ၀န်ထမ်းများကို သူ့ရဲ့တန်ဖိုးအရှိဆုံး ပိုင်ဆိုင်မှုများ အဖြစ် တန်ဖိုးထားပါတယ်။  Samsung မှာ သုံးစွဲသူများထံမှ မေးမြန်းချက်များနဲ့ တိုင်ကြားချက်များကို ဖုန်း၊ အီးမေးလ်၊ အွန်လိုင်းမှ အကူအညီပေးတဲ့ online chat support ဒါမှမဟုတ် ဆိုရှယ်မီဒီယာမှတစ်ဆင့် ဖြေကြားဖို့ ၂၄နာရီ ဆောင်ရွက်ပေးတဲ့ သီးသန့်ဖောက်သည် စောင့်ရှောက်မှုစင်တာတစ်ခုရှိပါတယ်။ ဒါ့အပြင် Samsung Member ဆိုတဲ့ application မှာ Samsung စမတ်ဖုန်းသုံးစွဲသူများအတွက် မိမိဖုန်းထဲမှတစ်ဆင့် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများကို ဖြေရှင်းဖို့ service center ကို လူကိုယ်တိုင်သွားစရာမလိုဘဲ Samsung ရဲ့ကျွမ်းကျင်သူများက အဝေးထိန်းစနစ်နဲ့ သုံးစွဲသူရဲ့ဖုန်းကို လှမ်းချိတ်ဆက်ပြီး ဖုန်းရှိ ပြဿနာများကို ဖြေရှင်းပေးနိုင်တဲ့ ဝန်ဆောင်မှုများလည်း ရှိပါတယ်။

Samsung ရဲ့ အကောင်အထည်ဖော်ဆောင်နေတဲ့ စျေးကွက်ရှာဖွေရေး ဗျူဟာများဟာ ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်နဲ့ စံနှုန်းများကို ထိန်းသိမ်းထားပေမယ့်လည်း တစ်ဖက်မှာ ဒေသတွင်း စျေးကွက် အခြေအနေ များ၊ သုံးစွဲသူများရဲ့ လိုအပ်ချက်များနဲ့ လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုလုပ်ဆောင်နေသလဲဆိုတာ တခြားလုပ်ငန်းများအတွက် အတုယူရမယ့် နမူနာတစ်ခုဖြစ်ပါတယ်။ မတူညီတဲ့ထုတ်ကုန်များကို ပေးဆောင်ခြင်း၊ ဆွဲဆောင်မှုရှိတဲ့ ပရိုမိုးရှင်းများ၊ အဆင်ပြေတဲ့ ဖြန့်ဖြူးရေးလမ်းကြောင်းများနဲ့ ဖောက်သည်များကို ဝန်ဆောင်မှုပေးခြင်းဖြင့် Samsung ဟာ မြန်မာနိုင်ငံရဲ့ လူသုံးကုန် အီလက်ထရွန်းနစ် ဈေးကွက်မှာ ယုံကြည်စိတ်ချရပြီး နှစ်သက်ဖွယ်ရာ အမှတ်တံဆိပ်တစ်ခုအဖြစ် ထူထောင်ထားနိုင်ခဲ့ပါတယ်။

 

References:

Samsung’s marketing strategy: How Samsung became a pioneer in the electronics industry despite all odds (no date) buildd. Available at: https://buildd.co/marketing/samsung-marketing-strategy (Accessed: 26 July 2023).

Leander von Kameke (2023) Myanmar: Market share of leading mobile brands 2022, Statista. Available at: https://www.statista.com/statistics/938822/myanmar-market-share-of-leading-mobile-brands/ (Accessed: 26 July 2023).

Storelocator (2020) Samsung mm. Available at: https://www.samsung.com/mm/storelocator/ (Accessed: 26 July 2023).

Sutcliffe, C. (2022) Samsung’s marketing makes the commonplace feel transformative, The Drum. Available at: https://www.thedrum.com/news/2022/02/22/samsung-s-marketing-makes-the-commonplace-feel-transformative (Accessed: 26 July 2023).

 

U Myo Htet Naing

B.Com (Hons), M.Com (YIE)