"၀န်ထမ်းများရဲ့ စွမ်းဆောင်ရည်ကို အကဲဖြတ်တဲ့အခါ မန်နေဂျာတွေရဲ့ အခန်းကဏ္ဍများ"

စွမ်းဆောင်ရည်အကဲဖြတ်ရာမှာ လမ်းညွှန်မှု၊ လေ့ကျင့်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ တုံ့ပြန်ချက် (Feedback) တို့ဖြင့် ခွဲခြားနိုင်ပါတယ်။ စွမ်းဆောင်ရည်အကဲဖြတ်ခြင်းလုပ်ဆောင်ရာမှာ ပါဝင်တဲ့မန်နေဂျာများဟာ အကဲဖြတ်တဲ့နေ့မှစပြီး နောက်ဆုံးချိန်ထိ တာဝန်ရှိပါတယ်။ စွမ်းဆောင်ရည်အကဲဖြတ်ခြင်းမှာ မန်နေဂျာရဲ့ အခန်းကဏ္ဍက ဘယ်လောက်အရေးပါပုံကို အောက်မှာဖော်ပြထားပါတယ်။

🔷လမ်းညွှန်မှု

မန်နေဂျာများဟာ ဝန်ထမ်းအသစ်တစ်ဦးချင်းစီကို သူတို့ လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်ကို သေသေချာချာ ပြောပြထားသင့်ပါတယ်။ မန်နေဂျာတစ်ဦးရဲ့အဓိကအခန်းကဏ္ဍမှာ ဝန်ထမ်းအသစ်များသာမက လက်ရှိ ဝန်ထမ်းများကို သူတို့လုပ်ဆောင်ရမယ့် အလုပ်တာဝန်များအတွက် လိုအပ်တဲ့အရင်းအမြစ်များကို ပံ့ပိုးပေးရပါမယ်။ လိုအပ်တဲ့အရင်းအမြစ်များ ထောက်ပံ့ပေးခြင်းက ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်များကို အကဲဖြတ်ရာမှာ ရလဒ်ကောင်းများကို ရရှိစေပါတယ်။ မန်နေဂျာများဟာ စွမ်းဆောင်ရည်အကဲဖြတ်ခြင်းအတွက် တာဝန်ရှိသလို ဝန်ထမ်းအသစ်များခေါ်ယူရာမှာလည်း တာဝန်ရှိပါတယ်။ ဝန်ထမ်းအသစ်များ ခေါ်ယူရာမှာလည်း သူတို့ရဲ့ ကျွမ်းကျင်မှု၊ အရည်အချင်းများနဲ့ ကိုက်ညီဖို့ လိုအပ်ပါတယ်။

🔷လေ့ကျင့်မှု

စွမ်းဆောင်ရည်အကဲဖြတ်ခြင်းမှာ စီမံခန့်ခွဲရေးအခန်းကဏ္ဍရဲ့တာဝန်မှာ ဝန်ထမ်းများအတွက် လေ့ကျင့်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးများ ပါဝင်ပါတယ်။ မန်နေဂျာများဟာ လေ့ကျင့်မှုပြုလုပ်ရာမှာ အထောက်အကူ ဖြစ်စေဖို့ အတွေ့အကြုံရှိတဲ့ ဝန်ထမ်းများကို အကူအညီတောင်းနိုင်ပေမယ့်လည်း အဓိကတာဝန်ရှိသူမှာ မန်နေဂျာပဲ ဖြစ်ပါတယ်။ ဝန်ထမ်းများရဲ့ကျွမ်းကျင်မှုနဲ့ စွမ်းဆောင်ရည်များ ဖွံ့ဖြိုးတိုးတက်စေဖို့အပြင် မန်နေဂျာများဟာ အလားအလာရှိတဲ့ ဝန်ထမ်းများကိုလည်း ခွဲခြားသတ်မှတ်ထားသင့်ပါတယ်။ မန်နေဂျာများက အရည်အချင်း ရှိတဲ့ဝန်ထမ်းများကို ရွေးချယ်ရာမှာ သူတို့ရဲ့ ကိုယ်ပိုင်အမြင်နဲ့ သုံးသပ်ချက်များအပေါ် မူတည်ပြီး ရွေးချယ်ကြပါတယ်။

🔷တုံ့ပြန်ချက် (Feedback)

မန်နေဂျာများဟာ ဝန်ထမ်းများကို အပြုသဘောဆောင်တဲ့ တုံ့ပြန်ချက်များ (Feedback) ပုံမှန်ပေးဖို့ တာဝန်ရှိပါတယ်။ မန်နေဂျာများက သူတို့ရဲ့ ဝန်ထမ်းတွေကို အကဲဖြတ်တဲ့ကာလတစ်လျှောက်လုံးမှာ ပံ့ပိုးကူညီခြင်း၊ တုံ့ပြန်ချက်များပေးခြင်း (Feedback)၊ စွမ်းဆောင်ရည်နဲ့သက်ဆိုင်တဲ့ ပြဿနာများနဲ့ ကြုံတွေ့လာပါက အကြံဉာဏ်များ ပေးရပါမယ်။ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည် ကျဆင်းလာတဲ့အခါ မန်နေဂျာတွေဟာ အဲ့ဒီအရာတွေကို သတိပြုမိမယ့် ပထမဆုံးသူတွေဖြစ်ပါတယ်။ ဝန်ထမ်းများမှ လက်ခံနိုင်တဲ့ စွမ်းဆောင်ရည်ကိုမပြသနိုင်ပါက စွမ်းဆောင်ရည်ပိုမိုကောင်းမွန်လာစေဖို့ ကျွမ်းကျင်မှု သင်တန်းပေးဖို့ ဆုံးဖြတ်ရသည်မှာ မန်နေဂျာတို့ရဲ့ တာဝန်ဖြစ်ပါတယ်။

🔷အကဲဖြတ်ခြင်း

မန်နေဂျာများက စွမ်းဆောင်ရည်စီမံခန့်ခွဲမှုနဲ့ အကဲဖြတ်ခြင်းရဲ့အရေးပါမှုကို နားလည်နိုင်စေမယ့် ခေါင်းဆောင်မှုသင်တန်းကို ပြီးမြောက်ဖို့လိုအပ်သလို နှစ်အလိုက် စွမ်းဆောင်ရည်အကဲဖြတ်ခြင်း အတွက်လည်း သေချာပြင်ဆင်ထားရပါမယ်။ စွမ်းဆောင်ရည်များကိုအကဲဖြတ်ဖို့ ပြင်ဆင်ရာမှာ မန်နေဂျာများက ဝန်ထမ်းများကို အဆင့်သတ်မှတ်ဖို့ လိုအပ်ပါတယ်။ မန်နေဂျာတွေရဲ့ တာဝန်က ကုမ္ပဏီရဲ့ မျှော်မှန်းချက်များနဲ့ စံချိန်စံနှုန်းများအတိုင်း ဝန်ထမ်းများကို အဆင့်သတ်မှတ်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် မန်နေဂျာတစ်ဦးရဲ့ အခန်းကဏ္ဍမှာ စောင့်ကြည့်ခြင်းနဲ့ အကဲဖြတ်ခြင်းတို့ ပါဝင်ပါတယ်။ ဝန်ထမ်းများကို အကဲဖြတ်ရာမှာ သူတို့ရဲ့စွမ်းဆောင်ရည် တစ်နှစ်ပြီးတစ်နှစ် တိုးတက်လာစေဖို့နဲ့ အလုပ်ကို စိတ်ဓာတ် တက်ကြွစွာလုပ်ဆောင်နိုင်ဖို့ တွန်းအားပေးရန်မှာ မန်နေဂျာတို့ရဲ့ တာဝန်ပဲဖြစ်ပါတယ်။

Ruth Mayhew ရဲ့ what is the role of the manager in performance evaluation? ဆောင်းပါးကို Ah Zer Zar Sar မှ ဆီလျော်စွာပြန်ဆိုထားပါတယ်။

U Ah Zer Zar Sar

DBL.LLB.BARS MBA ( Assumption University, Thailand)