အသေးစားစီးပွားရေးလုပ်ငန်းတစ်ခုကို ဘယ်လိုစတင်မလဲ?

ယနေ့ခေတ်ကြီးဟာ တိုးတက်လာတာတဲ့အမျှ စီးပွားရေးစနစ်ပုံစံတွေကလည်း အမျိုးမျိုးဖြစ်ပေါ်နေ ပါတယ်။ ပိုက်ဆံအနည်းငယ်နဲ့ စီးပွားရေးလုပ်ငန်းတချို့ကို စတင်ကြတဲ့ပုံစံတွေလည်း ရှိပါတယ်။ အဲ့ဒီထဲကမှ စွန့်ဦးတီထွင်လုပ်ငန်းမျိုးတွေကလည်း တစ်ထောင့်တစ်နေရာက ပါဝင်လာပြန်ပါတယ်။ စွန့်ဦးတီထွင်လုပ်ငန်းမျိုးလုပ်မယ်ဆိုရင် စိတ်ရှည်ဖို့၊ အသိအမြင် အတွေးအခေါ်အသစ်တွေနဲ့ ကြိုးစားနေဖို့ များစွာလိုအပ်ပါတယ်။ ပြီးတော့ အသစ်အသစ်သောအရာတွေကို စမ်းပြီး လုပ်ကြည့်တတ်တဲ့ စိတ်မျိုးရှိဖို့လို အပ်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကို ယုံကြည်နေဖို့ လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်မှ မယုံကြည်ရင် Customer တွေက ဘယ်လိုလုပ်ယုံကြည်နိုင်မှာလဲ။ ဒါကြောင့် စာဖတ်သူအတွက် အသေးစားစီးပွားရေးလုပ်ငန်းတစ်ခု စလုပ်နိုင်တဲ့အကြံဉာဏ်တချို့ကို မျှဝေပေးပါ့မယ်။

(၁) ဝန်ဆောင်မှုပေးပါ။

အရင်းအနှီးမလိုဘဲ လုပ်ငန်းတစ်ခုစဖို့ အလွယ်ဆုံးနည်းကတော့ ဝန်ဆောင်မှုပေးတာပဲဖြစ်ပါတယ်။ သင်က နယ်ပယ်တစ်ခုမှာ တစ်ဖက်ကမ်းခပ်တော်လွန်းသူမဟုတ်ရင်တောင် သာမန်လူထက် အနည်းငယ် ပိုပြီး အမြင်ရှိဖို့တော့ လိုအပ်ပါတယ်။ ဥပမာ- အကြံဉာဏ်ပေးတာမျိုးဖြစ်ဖြစ်ပေါ့။ သင်က အကြံဉာဏ်ပေး တတ်သူဆိုရင်တောင် အဲ့ဒီအရာကို မွေးမြူထားပါ။ အခုခေတ်မှာ Personal Development တွေမှာ Coaching ကောင်းကောင်းပေးနိုင်တဲ့အခါ သင်မှာ ဝင်ငွေရရှိလာနိုင်ပါတယ်။ အဓိက သင့်မှာရှိတဲ့ အရည်အချင်းရယ် သင်သိတာနဲ့ပေါင်းစပ်ပြီး ဝန်ဆောင်မှုတစ်ခုပေးနိုင်ဖို့ လိုပါတယ်။ ဥပမာ - Freelance Writing၊ Social media marketing လို အလုပ်မျိုး စလုပ်နိုင်ပါတယ်။ သင်မှာ ဘာ Skills မှ မရှိရင်တောင် အလုပ်များတဲ့သူတွေကို အကူအညီပေးရင်းပိုက်ဆံရှာလို့ရပါတယ်။ သင့်အချိန်ဟာ ငွေပါပဲ။ အလုပ်များတဲ့ သူတွေ မလုပ်ချင်တာ၊ ဒါမှမဟုတ် လုပ်ချိန်မရှိတဲ့အခါ သင့်က စတင်ဝန်ဆောင်မှုပေးပြီး လုပ်ငန်း စတင်နိုင်ပါတယ်။ အဝတ်လျှော်လုပ်ငန်း၊ သန့်ရှင်းရေး၊ အိမ်မွေးတိရစ္ဆာန်တွေ စောင့်ရှောက်ပေးတာပဲ ဖြစ်ဖြစ်၊ ဈေးထွက်ဝယ်ပေးတာ (Personal Shopping) ဖြစ်ဖြစ်၊ ကားရေးဆေးတာမျိုးဖြစ်ဖြစ်၊ Delivery ပဲဖြစ်ဖြစ် လုပ်လို့ရပါတယ်။

(၂) ကုန်ပို့လုပ်ငန်း။

အခုဆိုရင် မြန်မာနိုင်ငံမှာလည်း ကုန်ပစ္စည်းပို့တဲ့လုပ်ငန်းလေးတွေ တစ်စတစ်စ များလာပါပြီ။ ဈေးဝယ် မထွက်နိုင်တဲ့ ဝန်ထမ်းရပ်ကွက်လေးတွေမှာ ကုန်စိမ်းလေးတွေလိုက်ရောင်းပေးခြင်းမျိုးက သင့်အတွက်ရော သင့် Customer အတွက်ရော နှစ်ဦးနှစ်ဖက်အကျိုးရှိစေမှာပါ။ ကုန်စိမ်းရောင်းတယ်ဆိုလို့ နှာခေါင်းရှုံ့ မသွားပါနဲ့ဦး။ ကြီးကြီးမားမားဆိုတဲ့အရာတွေကလည်း အသေးအမွှားလေးကပဲ စရတာပါပဲ။ သင့်မှာ Customer များတာနဲ့အမျှ သင့်လက်တံပိုရှည်လာမှာပါ။ အဲ့ဒီကနေအတွေ့အကြုံရလာရင် မြို့နဲ့ အလှမ်းဝေးတဲ့ကျေးရွာကလေးတွေကို သင်နိုင်သလောက်ကစပြီး ကုန်ပစ္စည်းပို့လို့ရပါတယ်။ အဓိက သင့် Customer ဘာလိုအပ်လဲ သိဖို့လိုတာပါ။

(၃) Handmade ပစ္စည်းရောင်းချခြင်း။

သင်က သင့်လက်မှုအတတ်နဲ့ လုပ်ငန်းတစ်ခုစချင်လား။ သင့်ဝါသနာကို အသုံးချပြီး အွန်လိုင်းမှာ ရောင်းချ နိုင်ပါတယ်။ အနုပညာလက်ရာတွေဖြစ်တဲ့ ပန်းချီ၊ ချည်ထိုးပန်းထိုး၊ သိုးမွေးလက်ရက်ထည် လုပ်ငန်း တွေကိုလည်း လုပ်ကိုင်နိုင်ပါတယ်။ တချို့ဆိုရင် ကောက်ရိုးပန်းချီဆွဲကြတယ်။ သတင်းစာ စာရွက်တွေ ကိုလိပ်ပြီး ပန်းချီလုပ်ကြတယ်။ သင်လုပ်တတ်တဲ့ ဘယ် Handmade မဆို ကြိုက်တဲ့သူများလာရင် ဝယ်ယူချင်သူရှိလာမယ်။ တစ်စတစ်စနဲ့ သင့်မှာ Customer များလာနိုင်ပါတယ်။

(၄) Blogging

ကျွန်တော်က သင့်ကို Blogger တစ်ယောက်လုပ်ပါလို့ တိုက်တွန်းတာတော့ မဟုတ်ပါဘူး။ ဒီနေရာမှာ ပထမဆုံးပြောခဲ့တဲ့ ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းနဲ့ ပြန်ချိတ်ဆက်ပြချင်ပါတယ်။ Blogging ဆိုလို့ သင်က ကင်မရာ၊ အဝတ်အစားအသစ်တွေ၊ အသံဖမ်းမိုက်တွေ၊ အသံလုံခန်းတွေ၊ စတူဒီယိုခန်းတွေကို ပြေးမမြင်ပါနဲ့ဦး။ သင်က ဂစ်တာတီး၊ သီချင်းဆိုတတ်တယ်ပဲထားဦး၊ အခုလို လူအတော်များများ စိတ်ညစ်နေရတဲ့အချိန်မှာ သင့်ဂစ်တာနဲ့သီချင်းသံက တခြားသူအတွက် စိတ်ဖြေရာလည်း ဖြစ်ချင်ဖြစ်နေ မှာပါ။ ဒီလိုပုံစံနဲ့ လူတွေကို ဆိုပြရင်းနဲ့ Blog တစ်ခု စတင်နိုင်ပါတယ်။ သင်က အမြဲခရီးသွား နေရတဲ့သူဆိုပါစို့။ သင့်ဖုန်းတစ်လုံးနဲ့ ခရီးလမ်းက ရှုခင်းတွေ၊ အတွေ့အကြုံကို မျှဝေနိုင်ပါတယ်။ သင်က တောရွာမှာနေတဲ့သူတစ်ယောက်လား။ ဒါဆိုရင် သင့်ရပ်ရွာဓလေ့တွေ၊ ကျေးငှက်၊ လယ်တော၊ အလှူပွဲ စတာတွေကို သင့်မှာရှိတဲ့ဖုန်းလေးနဲ့ လက်စွမ်းပြလို့ရပါတယ်။ အထက်ကရေးခဲ့သလို အကြီးကြီး မစဉ်းစားသေးပါနဲ့ဦး။ အသေးလေးတွေကနေ ကြီးကြီးမားမားကြီးတွေ လုပ်ဆောင်ကြရမှာပါ။

ဒါကတော့ ယခုကာလမှာ လုပ်ငန်းအသေးစားတစ်ခုလောက်ဖြစ်ဖြစ် စမ်းလုပ်ကြည့်ချင်တဲ့ လူငယ်တွေအတွက် အကျိုးရှိမယ့်လို့ ယုံကြည်ရတဲ့အချက်အလက်အချို့ကို တင်ပြလိုက်ခြင်းဖြစ်ပါတယ်။ နောက်ထပ်လုပ်ငန်းတစ်ခုကို စတင်နိုင်မယ့် အကြောင်းအရာ၊ အလုပ်များစွာရှိပါသေးတယ်။ အားလုံးကို ချရေးပြရရင် ကုန်နိုင်မှာတောင် မဟုတ်ပါဘူး။ သင့်ကိုယ်တိုင်ဆက်လက်ရှာဖွေပြီး လုပ်ဆောင်နိုင်ပါတယ်။

အဓိကအချက်တစ်ချက်ကို ပြန်ပြောပြပါ့မယ်။ လုပ်ငန်းတစ်ခုစတော့မယ်ဆိုရင် သင့်ပတ်ဝန်းကျင်က လူတွေ ဘာလိုအပ်နေသလဲ အရင်စဉ်းစားပါ။

U Aung Thu

B.Com (Mtl Eco), M.Com, PG Dip Research Studies (Myw Eco)