"Public Speaker ကောင်းတစ်ယောက် ဖြစ်လာစေနိုင်တဲ့ နည်းလမ်းကောင်းများ"

လူအများစုဟာ လူအများရှေ့ စကားပြောဆိုခြင်းကို အတိုင်းအတာတစ်ခုအထိ ကြောက်ရွံ့ကြပါတယ်။ ထင်ရှားကျော်ကြားသူများ၊ နိုင်ငံရေးသမားများ၊ ဒါမှမဟုတ် စီးပွားရေးခေါင်းဆောင်များ လူအများကြား စကားပြောဆိုတာကိုကြည့်တဲ့အခါ အလွန်သက်သောင့်သက်သာရှိပုံပေါ်ပါတယ်။ တချို့သောသူတွေက မွေးရာပါ အထုံပါရမီရှိသလားလို့ထင်ရလောက်အောင် စကားပြောကောင်းကြပါတယ်။ တချို့သောပုဂ္ဂိုလ်များက ဒီပါရမီနဲ့ မွေးဖွားလာကြတာမှန်ပေမယ့် အများသူငှာကြား စကားပြောစွမ်းရည်ကောင်းဖို့ လေ့ကျင့်ယူလို့ရတဲ့ နည်းလမ်း ကောင်းတွေရှိပါတယ်။ဘာကြောင့် စကားပြောစွမ်းရည်ကအရေးကြီးလဲဆိုရင် လူတိုင်းဟာ လူအများအပြားရှေ့မှာ စကားပြောဖို့ လိုအပ်တဲ့ အခြေအနေနဲ့ မကြာခဏ ကြုံတွေ့နေရတာကြောင့် ဖြစ်ပါတယ်။

လုပ်ငန်းခွင်၊ ကျောင်း၊ ဒါမှမဟုတ် သင့်ကိုယ်ပိုင်ဘဝမှာ ဖြစ်နိုင်ပါတယ်။ လူအများကြား စကားပြောဆိုခြင်းက စိတ်ဖိစီးမှုကိုဖြစ်စေနိုင် ပေမယ့်လည်း ဒီကျွမ်းကျင်မှုက သင့်ကို ပိုမိုအရည်အချင်းရှိပြီး ဆွဲဆောင်မှုရှိတဲ့ လူတစ်ဦးဖြစ်လာစေပါလိမ့်မယ်။ အစည်းအဝေးတစ်ခုကျင်းပဖို့၊ အဖွဲ့တစ်ခုအား မိန့်ခွန်းပြောဖို့၊ အရေးကြီးတဲ့ သတင်းစကားပေးဖို့ ဒါမှမဟုတ် သင့်စိတ်ကူးများကို ရိုးရိုးရှင်းရှင်း ဆွေးနွေးတင်ပြဖို့အတွက် လူအများရှေ့စကားပြောဆိုခြင်းအနုပညာကို လေ့လာဖို့ အခြေခံအကြောင်းအရင်းပဲ ဖြစ်ပါတယ်။ တစ်ခါတစ်ရံ လူအများရှေ့စကားပြောဆိုရာမှာ အဆင်မပြေ ဖြစ်တတ်ပါတယ်။ လူအများကြားစကားပြောရာမှာ အပြောအဆိုအပေါ်မူတည်ပြီး သင့်ရဲ့အရည်အချင်းကို အကဲဖြတ်ကြနိုင်တဲ့အတွက် စကားပြောစွမ်းရည်ဟာလည်း အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် အလုပ်အကိုင်အခွင့်အလမ်းမျိုးစုံအတွက် လူအများရှေ့ စကားပြောနိုင်တဲ့ စွမ်းရည်လည်း လိုအပ်ပါတယ်။

လူအများရှေ့စကားပြောရာမှာ သက်သောင့်သက်သာရှိစေပြီး ယုံကြည်စိတ်ချစွာ ပြောဆိုနိုင်စေမယ့် စကားပြောနည်းများနဲ့ နည်းစနစ်များကို အောက်မှာဖော်ပြထားပါတယ်။

🟦 စကားပြောကောင်းတဲ့သူတွေကို ချဉ်းကပ်လေ့လာပါ။

စကားပြောကောင်းသူများထံမှ ကြည့်ရှုခြင်းနဲ့ သင်ယူခြင်းက သင့်ရဲ့ စကားပြောစွမ်းရည်ကို မြှင့်တင်ဖို့ အကောင်းဆုံးနည်းလမ်းများထဲမှ တစ်ခုဖြစ်ပါတယ်။ YouTube မှာ စကားပြောကောင်းသူတွေရဲ့ နမူနာများကို ရှာဖွေလေ့လာခြင်းဖြင့် စတင်နိုင်ပါတယ်။ ဒီလူတွေကိုကြည့်တဲ့အခါ သူတို့ရဲ့ body language ကို သတိပြုပါ။ ပွင့်ပွင့်လင်းလင်းနဲ့ ပြောဆိုနေတယ် ဆိုတာ သင်တွေ့ပါလိမ့်မယ်။ သူတို့က သူတို့ပြောချင်တဲ့ အဓိကအချက်တွေကို ပေါ်လွင်စေမယ့် နည်းလမ်းများဖြင့် သူတို့ရဲ့လက်တွေကို အသုံးပြုကြပါတယ်။ သူတို့ဟာ မလိုအပ်ဘဲ မောပန်းနွမ်းနယ်မှု ပုံစံဖော်ပြတာမျိုးကို ရှောင်ရှားကြပြီး လူအများရဲ့အာရုံကို ဖမ်းစားနိုင်ဖို့ ပညာရှိစွာ အသုံးပြုကြပါတယ်။

ဟောပြောသူများ ဘယ်လိုအရှိန်မြှင့်ကြတယ်ဆိုတာကို သတိထားကြည့်ပါ။ သူတို့ဟာ အချိန်သေချာ ယူပြီး သူတို့ရဲ့စကားများကို ရည်ရွယ်ချက်ရှိရှိ ထုတ်ဖော်တတ်ပါတယ်။ ဒါ့အပြင် ပရိသတ်ပါဝင်မှုကို ထိန်းထားဖို့နဲ့ သူတို့ကိုယ်သူတို့ အလျင်စလိုမလုပ်ဖို့ စကားပြောတဲ့အချိန် ခေတ္တရပ်ထားတတ်ကြပါတယ်။ သင့်လျော်ပြီး ထိရောက်တဲ့နည်းလမ်းများဖြင့် ဟာသ ဒါမှမဟုတ် ပုံတိုပတ်စများကို အသုံးပြုနိုင်ပါတယ်။ စကားပြောကောင်းသူတွေကို စတင်လေ့လာဖို့၊ အွန်လိုင်းမှာရရှိနိုင်တဲ့ TED Talks တချို့ကို စစ်ဆေး ကြည့်ပါ။ Toastmasters International ဟာ ကမ္ဘာပေါ်ရှိ အကောင်းဆုံး အများသူငှာ စကားပြောဆိုသူများရဲ့ နမူနာများကို တင်ပေးထားပါတယ်။

🟦 သင့်ခန္ဓာကိုယ်ကို လိုအပ်သလိုထိန်းညှိဖြေလျော့ပါ။

လူအများရှေ့စကားပြောဆိုခြင်းကို ကြောက်ရွံ့ခြင်းဟာ Body Language ကို အပျက်သဘောဆောင်တဲ့ သက်ရောက်မှုဖြစ်စေပါတယ်။ လူအများရှေ့မှာ စကားပြောကောင်းကြသူများဟာ သင့်လျော်တဲ့ ကိုယ်ဟန် အနေအထားကို ထိန်းသိမ်းထားပြီး ပရိသတ်နဲ့ မျက်လုံးချင်းဆုံကာ သဘာဝဆန်တဲ့ ပုံစံများဖြင့် လှုပ်ရှားကြ ပါတယ်။ ကောင်းမွန်တဲ့ ကိုယ်ဟန်အမူအရာက သင့်ရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီး ပရိသတ်ကို သင်ပြောတဲ့အရာ မှတ်မိစေဖို့ ကူညီပေးပါတယ်။

🟦အသံနဲ့ အသက်ရှူထိန်းချုပ်မှုကို လေ့ကျင့်ပါ။

လူအများရှေ့ စကားပြောဆိုတဲ့အခါ ကြိုတင်ခန့်မှန်းထားတဲ့အချိန်နဲ့ လွဲသွားစေနိုင်ပြီး သာမန်ထက် ပိုမြန် စေတတ်ပါတယ်။ ဒီဖြစ်စဉ်ကို သတိပြုပြီး တင်ပြနေချိန်မှာ တည်ငြိမ်တဲ့ အရှိန်အဟုန်ဖြင့် ထိန်းသိမ်းပါ။ ဒါက သင့်ရဲ့အာရုံပျံ့လွင့်မှုကို လျော့ကျစေနိုင်ပြီး သင်ပြောတဲ့စကားကို ပရိသတ်က ပိုမိုနားလည်နိုင်စေမှာဖြစ်ပါတယ်။ ဒါကိုလုပ်ဖို့အတွက် အသက်ရှူထိန်းချုပ်မှုက ကူညီပေးနိုင်ပါတယ်။ အဆုတ်ကို လေဝင်အောင် တွန်းထုတ်ဖို့ ဗိုက်ကိုသုံးပြီး လေ့ကျင့်ပါ။ လူအများရှေ့ စကားပြောဆိုခြင်းမပြုမီ ဖြည်းဖြည်းချင်း အသက်ပြင်းပြင်းရှူပါ။

🟦 Talking Points ပြင်ဆင်ပါ။

မိန့်ခွန်းမပြောမီ၊ သင်ပြောပြီးတဲ့အခါ သင့်ပရိသတ်ကို သိစေလိုတဲ့၊ နားလည်စေလိုတဲ့ အဓိက မက်ဆေ့ချ်များကို ကြိုတင် points ထုတ်ပြင်ဆင်ထားပါ။ သင်ပေးလိုတဲ့ မက်ဆေ့ချ်ဖြင့် စတင်ပြီး သင့်ပြောနေတဲ့ အချက်တွေကို အချိန်နဲ့တစ်ပြေးညီဖြစ်အောင် တတ်နိုင်သလောက် ကြိုးစားဆောင်ရွက်ပါ။ လက်ထဲမှာ သင့်မက်ဆေ့ချ်များရဲ့ အကြမ်းဖျင်းရှိခြင်းက သင့်တင်ဆက်မှုမှာ လမ်းကြောင်းလွဲသွားခြင်းကို တားဆီးနိုင်ပြီး အရေးကြီးတဲ့အချက်တွေကို မေ့ကျန်တာမျိုးမှ ရှောင်ကြဉ်နိုင်ပါတယ်။

🟦 သင့်ပရိသတ် အခြေအနေကို ကြိုတင်လေ့လာပါ။

သင်တင်ဆက်မှုတစ်ခုမပြုလုပ်မီ၊ သင့်အပြောအဆိုနဲ့ အံဝင်ခွင်ကျဖြစ်စေဖို့အတွက် သင့်ပရိသတ်ကို နားလည်ဖို့အချိန်ယူပါ။ သူတို့အတွက် ဘယ်အရာက အရေးကြီးသလဲ၊ သူတို့အတွက် အသုံးဝင်တဲ့ အချက်များကို စဉ်းစားကြည့်ပါ။ သင့်ချဉ်းကပ်မှုအပေါ်မူတည်ပြီး သင့်ရဲ့ပြောဆိုမှုအပေါ်စိတ်ဝင်စားမှု ပိုမိုရှိလာနိုင်ပါတယ်။

🟦 Visual Aid ထည့်ပါ။

PowerPoint တင်ဆက်ရာမှာ ပြောလိုတဲ့အကြောင်းအရာများကို ပုံကားချပ်များဖြင့်ဖော်ပြခြင်းက ပရိသတ်ကို ပိုမိုဆွဲဆောင်နိုင်ပါလိမ့်မယ်။ သင်တင်ဆက်မှုလုပ်တဲ့အခါ Power points များမှ စကားပြန် ဖတ်ခြင်းကို ရှောင်ကြဉ်ပါ။ သင်ပေးချင်တဲ့မက်ဆေ့ချ်ကို ထင်ဟပ်စေတဲ့ ပုံများပါရှိတဲ့ slide များကို ဖန်တီးပါ။ စာသားထည့်ရေးဖို့ လိုအပ်ပါက စာတိုလေးများသာ ထည့်ပြီးပြုလုပ်ပါ။

🟦 အစမ်းလေ့ကျင့်ပါ။

သင့်ရဲ့ စကားပြောစွမ်းရည်ကို မြှင့်တင်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုမှာ လေ့ကျင့်ခြင်းဖြစ်ပါတယ်။ ထပ်ခါတလဲလဲလေ့ကျင့်ခြင်းကသင့်ကိုယ်သင်ယုံကြည်မှုရှိလာနိုင်ပြီး သင်ပေးချင်တဲ့မက်ဆေ့ချ်ကို ပရိတ်သတ်ဆီ ထိရောက်စွာပေးနိုင်မယ့် ပိုမိုကောင်းမွန်တဲ့ နည်းလမ်းများကို ရှာဖွေနိုင်ပါတယ်။ သင့်မိန့်ခွန်းကို အကြိမ် ပေါင်းများစွာ လေ့ကျင့်ပြီးတာနဲ့ ပရိသတ်များရှေ့ပြောဆိုရာမှာ သဘာဝအတိုင်း ပိုပြီး သက်သောင့်သက်သာ ရှိမှာလည်း ဖြစ်ပါတယ်။

🟦 သင့်ရဲ့မိန့်ခွန်းများကို မှတ်တမ်းတင်ပါ။

သင့်ရဲ့စကားပြောဆိုခြင်းများကို ကင်မရာမှာ မှတ်တမ်းတင်ထားခြင်းဖြင့် သင်ကိုယ်တိုင် ပြန်ကြည့်နိုင်မှာ ဖြစ်ပါတယ်။ သင့် Body Language၊ သင့်အသံထွက်ပုံနဲ့ သင့်အမြန်နှုန်းကို စစ်ဆေးပါ။ စကားပြောစွမ်းရည် ကောင်းသူများပင်လျှင် ဒီအရာကို ပုံမှန်လုပ်ဆောင်ကြပြီး သူတို့ရဲ့ လူအများရှေ့စကားပြောစွမ်းရည်ကို မြှင့်တင်နိုင်တဲ့ နည်းလမ်းများကို ရှာဖွေလေ့ရှိကြပါတယ်။

🟦 သူငယ်ချင်းဆီမှ feedback တောင်းပါ။

သင်တင်ဆက်တာကိုကြည့်ဖို့ ယုံကြည်ရတဲ့သူငယ်ချင်းကို ခေါ်လာပါ။ သင်ဟာ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုများကိုရှာဖွေနေပြီး သူတို့က သင့်အပေါ် လုံးဝရိုးသားစွာဝေဖန်နိုင်ကြောင်းအသိပေးပါ။ သတိထားရမယ့် အရာနဲ့ ပတ်သက်တဲ့အချက်များပေးပြီး သင်ပြောနေစဉ်အတွင်းဖြစ်ပေါ်တဲ့ သင်ရဲ့အရှိန်အဟုန်၊ သင့်ရဲ့ အဆင်မပြေမှု ဒါမှမဟုတ် သင်လုပ်ဆောင်ဖို့ လိုအပ်နေတဲ့အရာတွေအတွက် အကြံပြုချက်များတောင်းပါ။

🟦 Public Speaking သင်တန်းတက်ပါ။

လူအများရှေ့စကားပြောသင်တန်းများကို တက်ရောက်ခြင်းဖြင့် ကျောင်းသားများဟာ သူတို့ရဲ့ ပြောဆို နိုင်စွမ်းကို လျင်မြန်စွာ မြှင့်တင်ပေးတဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို ရရှိကြပါတယ်။ ကျွမ်းကျင်သူများထံမှ သင်ယူပြီး သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်များကြား ကောင်းစွာပြောဆိုနိုင်တာကြောင့်လည်း လုပ်ဖော်ကိုင်ဖက်များရဲ့ ယုံကြည်မှုကို ရရှိစေပါတယ်။ တကယ်လို့ သင့်မှာ လူအများရှေ့စကားပြောဆိုဖို့ ကြောက်ရွံ့ပါက သင့်သင်တန်းရှိ ကျောင်းသားများနဲ့ လေ့ကျင့်မှုများ ဆောင်ရွက်နိုင်ပါတယ်။

Virtual presentations များပေးတဲ့အခါမှာ သင့်ရဲ့စကားပြောစွမ်းရည်ကို မြှင့်တင်လိုပါက အွန်လိုင်း public စကားပြောသင်တန်းကို စဉ်းစားပါ။ တိုက်ရိုက်ပရိသတ်များရှေ့မှာ စကားပြောနည်းကို လေ့လာလိုပါက Face to Face သင်တန်းများကို ရွေးချယ်ခြင်းက ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှုဖြစ်နိုင်ပါတယ်။ သင့်ရဲ့ စကားပြော စွမ်းရည်ကို လေ့ကျင့်ဖို့ ကူညီပေးနိုင်တဲ့ ကျောင်းသားကလပ်များကိုလည်း သင်ရှာဖွေနိုင်ပါတယ်။ စကားပြောစွမ်းရည်ကောင်းခြင်းက သင့်ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းမှာ အောင်မြင်စေဖို့ အဓိက အထောက်အကူပြုနိုင်တဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။

ဒီဆောင်းပါးကို Steve Bailey ရေးသားထားတဲ့ 10 Ways to Improve Your Public Speaking Skills ခေါင်းစဉ်ကို ဒေါ်နှင်းနုအောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုးထားခြင်း ဖြစ်ပါတယ်။

Daw Hnin Nu Aung

B.Com (Q), M.Com (MEUE)