သင့်ဝန်ထမ်းများကို ထိရောက်စွာ စီမံခန့်ခွဲဖို့အတွက် အကြံပြုချက် (၇) ချက်

ယနေ့ခေတ် အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုလည်ပတ်ဖို့ အရေးကြီးတဲ့ အချက်များထဲမှတစ်ခုကို ပြောပါဆိုရင် ဝန်ထမ်းများကို ထိထိရောက်ရောက်စီမံခန့်ခွဲခြင်းပဲ ဖြစ်ပါတယ်။ သင့်ဝန်ထမ်းများက သင့်အဖွဲ့အစည်းအတွက် စွမ်းအားအရင်းအမြစ်များလို့ဆိုရမှာပါပဲ။ အလုပ်ကြိုးစားပြီး စွမ်းဆောင်ရည်ပြည့်ဝတဲ့ ဝန်ထမ်းများဟာ လုပ်ငန်းအောင်မြင်ဖို့ အခွင့်အလမ်းများကို ဖန်တီးပေးမှာဖြစ်ပါတယ်။ ပျင်းရိပြီး မပျော်ရွှင်တဲ့ ဝန်ထမ်းများက သင့်လုပ်ငန်းကို ထိခိုက်နစ်နာစေနိုင်မှာပဲ ဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုမှာ  ခေါင်းဆောင်ကောင်းများနဲ့ ကောင်းမွန်တဲ့ အသင်းအဖွဲ့မရှိဘဲ လုပ်ငန်းရည်ရွယ်တဲ့နေရာကို အလွယ်တကူသွားနိုင်မှာ မဟုတ်ပါဘူး။ ဝန်ထမ်းများကို စီမံခန့်ခွဲခြင်းက လုပ်ဆောင်ဖို့ လွယ်ကူတဲ့အရာ မဟုတ်ပါဘူး။ တင်းကျပ်တဲ့ ထိန်းချုပ်မှုများနဲ့ အတုအယောင် မျှော်လင့်ချက်များပေးခြင်းကြောင့် စိတ်ဓာတ်ကျခြင်းနဲ့ နာကြည်းခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဝန်ထမ်းများဟာ စိတ်အားထက်သန်မှုနဲ့ စိတ်၀င်စားမှုမရှိတဲ့အခါ လုပ်ငန်းလည်ပတ်မှုမှာ ကုန်ကျစရိတ်မြင့်မားလာနိုင်ပြီး အလုပ်ပြီးမြောက်ဖို့ ၀န်ထမ်းများ မလိုအပ်ဘဲခန့်ရခြင်းကြောင့် အပိုကုန်ကျစရိတ် များပြားလာနိုင်ပါတယ်။ ခေါင်းဆောင်များအနေနဲ့ ၀န်ထမ်းများ နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲများကို နားလည်ဖို့လိုအပ်ပါတယ်။ ဝန်ထမ်းဟောင်းများ အလုပ်မှ ထွက်သွားတဲ့အခါ လုပ်ငန်းစဉ်ပြန်စဖို့အတွက် ဝန်ထမ်းသစ်များကို အလုပ်ခန့်ထားဖို့နဲ့ လေ့ကျင့်ပေးဖို့အတွက် ငွေအမြောက်အမြားနဲ့ အချိန်တွေကုန်တာဟာ လုပ်ငန်းအတွက် အတော်ကိုမှနစ်နာပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးမှာ ဝန်ထမ်းများကို ထိထိရောက်ရောက်စီမံခန့်ခွဲဖို့အတွက် အကောင်းဆုံး အကြံဉာဏ်များကို မျှဝေသွားမှာပဲ ဖြစ်ပါတယ်။

 ၁။ အကောင်းဆုံးကို ငှားရမ်းပါ။

စံပြဝန်ထမ်းတွေကို ရှာတဲ့အခါ သတိထားဖို့ လိုပါတယ်။  မန်နေဂျာအများစုဟာ သင့်လျော်တဲ့ အရည်အချင်းရှိ  တဲ့လူများကိုပဲ အလုပ်ခန့်ဖို့ အာရုံစိုက်ကြပါတယ်။ ဒါပေမဲ့လည်း လိုအပ်တဲ့အရည်အချင်းများ ပိုင်ဆိုင်ခြင်းက အလုပ်ခန့်အပ်ဖို့နဲ့ စံပြပုဂ္ဂိုလ်ဖြစ်နိုင်တယ်လို့ မဆိုလိုပါဘူး။ အလုပ်ခန့်ခြင်းလုပ်ငန်းစဉ်မှာ အချိန်ပိုပေးတဲ့ မန်နေဂျာများဟာ မှားယွင်းတဲ့ ဝန်ထမ်းများကို ခန့်အပ်ခြင်း ဒါမှမဟုတ် လုပ်ငန်းလည်ပတ်မှုကို အနှောင့် အယှက်ပေးနိုင်တဲ့ လူများကို ငှားရမ်းခြင်းဆိုင်ရာ ပြဿနာများကို ဖယ်ရှားပေးနိုင်မှာပဲ ဖြစ်ပါတယ်။

၂။ ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည်ကို ပုံမှန်တိုင်းတာပါ။

ဝန်ထမ်းအများစုဟာ စစ်ဆေးခြင်းနဲ့ ပုံမှန်ကြည့်ရှုခြင်းများကို မကြိုက်ကြတဲ့အတွက် ဒီအချက်က လုပ်ငန်းခွင် မှာလုပ်ဆောင်ဖို့ အခက်ခဲဆုံးအရာများထဲမှ တစ်ခုဖြစ်ပါတယ်။ သူတို့ရဲ့ စွမ်းဆောင်ရည်ကို တိုင်းတာတဲ့အခါ ရှောင်သင့်တဲ့ အချက်များမှာ- ဝန်ထမ်းများ သူတို့ရဲ့အလုပ်ကို အချိန်တိုင်း ဘယ်လိုလုပ်ဆောင်သင့်တယ်ဆိုတာကို ပြောပြခြင်း၊ အသေးစိတ်များကို အလွန်အကျွံအာရုံစိုက်ခြင်း၊ ဝန်ထမ်းများကို ဆက်တိုက်အပြုသဘောဆောင်တဲ့ တုံ့ပြန်ချက်ပေးခြင်းတို့နဲ့ အားပေးခြင်းက ယုံကြည်မှုလွန်ကဲပြီး စွမ်းဆောင်ရည် နိမ့်ကျစေနိုင်ပါတယ်။ ဒါ့အပြင် တခြားဝန်ထမ်းတစ်ဦးကို အလွန်အကဲဖြတ်ခြင်းကြောင့် ကျန်ရှိတဲ့၀န်ထမ်းများ စိတ်ဓာတ်ကျဆင်းမှုကို ဖြစ်စေ ပါတယ်။ ၀န်ထမ်းရဲ့ စွမ်းဆောင်ရည်ကို တိုင်းတာတဲ့အခါမှာ သင်က အချိန်ကာလတစ်ခုကို သတ်မှတ်ကာ ၀န်ထမ်းများနဲ့ တွေ့ဆုံပြီး ရနိုင်တဲ့ပန်းတိုင်များကို သတ်မှတ်ပါ။ ၀န်ထမ်းများရဲ့တိုးတက်မှုကို ခဏခဏ စောင့်ကြည့်ပြီး သူတို့ခက်ခဲရုန်းကန်ရတဲ့ ပန်းတိုင်တွေကို ပြန်လည်ပြင်ဆင်ပါ။

၃။ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံပါ။

မန်နေဂျာများက ၀န်ထမ်းများထံမှ ယုံကြည်မှုနဲ့ လေးစားမှုကိုရရှိဖို့အတွက် ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံဖို့ လိုအပ်ပါတယ်။ ဝန်ထမ်းများရဲ့ အကြံဉာဏ်များနဲ့ တိုင်ကြားချက်များကို အကဲဖြတ်ခြင်းမရှိဘဲ မျှဝေနိုင်တဲ့ platform တစ်ခု ရှိသင့်ပါတယ်။  ဝန်ထမ်းများကို ပုဂ္ဂိုလ်ရေးဆိုင်ရာအဆင့်တစ်ခုမှာ သိကျွမ်းခြင်းက သူတို့ကို အခက်အခဲများနဲ့ ပြဿနာများကို နားလည်စေမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပြဿနာများကို ၀န်ထမ်းများရဲ့ ရှုထောင့်ကနေ ‌၀‌င်‌လည်းကြည့်ဖို့ လိုပါတယ်။ အမှားများရှိပါက လူသိရှင်ကြားကဲ့ရဲ့ အပြစ်တင်ခြင်းထက် တွေ့ဆုံ‌‌‌‌ ‌‌ဆွေးနွေးခြင်းနည်းလမ်းက ပဋိပက္ခများကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ ပွင့်လင်းစွာ ပြောဆို ဆက်ဆံခြင်းက ဝန်ထမ်းများကို လုပ်ငန်းခွင်မှာ သက်သောင့်သက်သာဖြစ်စေဖို့ ကူညီပေးပါလိမ့်မယ်။

၄။ ဝန်ထမ်းများကို သူတို့ရဲ့ ထင်မြင်ယူဆချက်များမျှဝေဖို့ အားပေးပါ။

ဝန်ထမ်းများအတွက် သူတို့ရဲ့ ထင်မြင်ယူဆချက်များကို ထုတ်ဖော်ပြောဆိုနိုင်ပြီး ဆွေးနွေးမှုများမှာ ပါဝင်နိုင်တဲ့ သင့်လျော်သော လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို ဖန်တီးရပါမယ်။ ၀န်ထမ်းများရဲ့ ထင်မြင်ယူဆချက်များကို သဘောမတူရင်တောင် သူတို့ရဲ့ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်မထားသင့်ပါဘူး။ အတွေးအမြင်တိုင်းက အရေးကြီးပါတယ်။

၅။  ရှင်းလင်းတဲ့ပန်းတိုင်များချမှတ်ပါ။

လုပ်ငန်းက ဘာလိုချင်လဲ။ သင့်ဝန်ထမ်းများကို သင်လိုချင်တဲ့အရာနဲ့ လိုချင်တဲ့ပန်းတိုင်ရောက်ဖို့အတွက် သူတို့ လုပ်ဆောင်ရမယ့်အရာများကို အသိပေးပါ။ ဒါ့အပြင် နောက်ဆုံးရက် သတ်မှတ်ဖို့ မမေ့ပါနဲ့။ ပန်းတိုင်များ သတ်မှတ်ပြီး  တိကျသေချာမှုရှိခြင်းက သင့်ဝန်ထမ်းများရဲ့ အရည်အချင်းများကို ဖွံ့ဖြိုးတိုးတက်စေမှာပဲ ဖြစ်ပါတယ်။

၆။ ကြိုးစားအားထုတ်မှုကို ဆုချပါ။

ထူးထူးခြားခြား ကောင်းမွန်စွာ စွမ်းဆောင်နိုင်တဲ့အခါမျိုးမှာ ၀န်ထမ်းတိုင်းဟာ ခေါင်းဆောင်မှ ဆုချခြင်း၊ အသိအမှတ်ပြုခြင်းများကို နှစ်သက်ကြပါတယ်။ ဝန်ထမ်းတစ်ဦးက အလုပ်ချိန်ပိုများခြင်း ဒါမှမဟုတ် သူတို့အလုပ်မှာ ထူးချွန်ပါက သေးငယ်တဲ့ဆု၊ ဘောနပ်စ်၊ သူတို့ကို လူသိရှင်ကြား ချီးကျူးဂုဏ်ပြုပါ။ တခြား ဝန်ထမ်းတွေရှေ့မှာ သူတို့ကို ချီးမွမ်းခြင်းက သူတို့ကို အရေးပါတယ်လို့ ခံစားစေရုံသာမက အလုပ်ကြိုးစားမှု တိုင်းအတွက် အသိအမှတ်ပြုပြီး ဆုချကြောင်း တခြားသူတွေကို ပြသပေးပါလိမ့်မယ်။ ဝန်ထမ်းများကို ဆုချီးမြှင့်တဲ့အခါ  တသမတ်တည်းရှိပြီး တရားမျှတဖို့ လိုအပ်ပါတယ်။

၇။ ဝန်ထမ်းများက အလုပ်လုပ်ခြင်းကို နှစ်သက်ကြောင်း သေချာပါစေ။

ဝန်ထမ်းများဟာ လုပ်ငန်းခွင်မှာ နာရီပေါင်းများစွာ အလုပ်လုပ်ကြရပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်ဟာ ၀န်ထမ်းတိုင်းအတွက် ပျော်ရွှင်ဖွယ်ကောင်းတဲ့ နေရာတစ်ခုဖြစ်ကြောင်း သေချာစေဖို့ လိုအပ်ပါတယ်။ ဒါက လုပ်ငန်းခွင်မှာ ဇိမ်ခံပစ္စည်းတွေတပ်ဆင်ဖို့ ဒေါ်လာထောင်ပေါင်းများစွာ သုံးစွဲရမယ်လို့ မဆိုလိုပါဘူး။ အလုပ် ပရောဂျက်များအကြောင်း အချိန်တိုင်းပြောနေမယ့်အစား သင့်ဝန်ထမ်းများကို ပေါ့ပေါ့ပါးပါးနဲ့ ဖော်ရွေစွာ စကားပြောဆိုဖို့ အားပေးခြင်းက လုပ်ငန်းခွင်မှာ အဆင်ပြေတဲ့ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ပါတယ်။

hrcloud.com မှ 7 Tips on Managing Your Employees Effectively ကို ဆီလျော်အောင် မြန်မာဘာသာပြန်ဆို ကိုးကားရေးသားထားပါတယ်။

Daw Thwet Shwe Yee Htun

B. Com, M.com (MEUE)

Meiktila University of Economics