ငွေကြေးဖိစီးမှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ ?

ငွေကြေးချမ်းသာဖို့ အရေးကြီးသလား ?

ငွေကြေးဟာ ကျွန်တော်တို့ နေ့စဉ်ဘဝမှာ အရေးကြီးသလားဆိုရင် အရေးကြီးပါတယ်။ ဒါပေမဲ့ ငွေကြေးဟာ ဘဝရဲ့အစိတ်အပိုင်းတွေကို ထောက်ပံ့ပေးနိုင်ပေမယ့် ငွေကြေးဟာ ဘဝမဟုတ်ဘူးဆိုတာ သတိထားရပါမယ်။ တချို့လူတွေက ငွေရရင်ပြီးရော ကိုယ်ဝါသနာမပါတဲ့အလုပ်တွေမှာ လုပ်နေ ကြပေမယ့် ကြာလာတဲ့အခါ လုပ်ငန်းခွင်မှာ မပျော်တာမျိုးဖြစ်လာတတ်တယ်။ ဒါပေမဲ့ ငွေရနေလို့ ဆက်လုပ်နေကြရပါတယ်။ ဒါကို ကြည့်ရရင် ငွေဟာ နေ့စဉ်ဘဝမှာ တစ်နည်းတစ်ဖုံနဲ့ ပါဝင် ပတ်သက်နေတာ ငြင်းစရာမရှိပါဘူး။ 

ငွေကြေးဖိစီးမှု (Financial Stress) ဆိုတာ ဘာလဲ ?

ငွေကြေးဖိစီးမှု (Financial Stress) ဆိုတာ ငွေကိုအကြောင်းပြုပြီး စိုးရိမ်နေတာမျိုး၊ ပူပန်နေရတာမျိုးကို ပြောတာပါ။ သင့်မှာ လစဉ်ငွေဝင်နေပေမယ့် လကုန်ရင် ပေးစရာရှိတာပေး၊ ဝယ်စရာရှိတာဝယ်လိုက်ရင် လက်ထဲမှာ ဘာမှမကျန်တော့တဲ့အခါ သင်က ငွေကြေးဖိစီးမှုကို ခံစားလာ ရမှာပါ။ အလုပ်ကလည်း လုပ်နေတာပဲ။ ငွေကလည်း စုမိတယ်၊ ပိုလာတယ်လို့လည်း မရှိဘူးဆိုရင် သင်က ငွေကြေးဖိစီးမှုကို ခံစားရဖို့ သေချာသလောက်ရှိနေပါပြီ။

ငွေကြေးဖိစီးမှုရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှု

ငွေကြေးဖိစီးမှုဟာ ကျန်းမာရေးအပေါ် ထိခိုက်နိုင်သလားဆိုတဲ့မေးခွန်းက မမေးဘဲနဲ့တောင် သိသင့်ပါတယ်။ အဖြေက လုံးဝကို ထိခိုက်နိုင်ပါတယ်။ ပထမဆုံးသင့်ရဲ့ စိတ်ပိုင်းကို ထိခိုက်နိုင်ပါတယ်။ ပြီးရင် ရုပ်ပိုင်း၊ မိသားစုဆက်ဆံရေး၊ မိတ်ဆွေအပေါင်းအသင်းဆက်ဆံရေးနဲ့ သမီးရည်းစား ဆက်ဆံရေးတွေမှာ သက်ရောက်မှုရှိလာနိုင်ပါတယ်။ 

မိတ်ဆွေသူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ အငြင်းပွားစရာ စိတ်ရှုပ်စရာတွေ ကြုံလာ နိုင်ပါတယ်။ ညဘက်တွေမှာ ကောင်းကောင်းအိပ်စက်မရတာတွေ ဖြစ်လာနိုင်ပါတယ်။ ပြီးရင် စားချင်စိတ်မရှိတာမျိုး ဖြစ်တတ်တယ်။ ဒေါသထွက်ခြင်းနဲ့ ကြောက်စိတ်တွေလည်း ဖြစ်လာ တတ်တယ်။ နောက်ဆုံး လူတွေနဲ့ဆက်ဆံရေးမလုပ်ချင်တော့တဲ့အထိ ဖြစ်လာနိုင်ပါတယ်။ ဒီလက္ခဏာ တွေဟာ အချိန်တစ်ပတ်ထက် ပိုဖြစ်လာရင် သတိထားဖို့ လိုလာပါပြီ။ ငွေကြေးဖိစီးမှုဟာ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ကျန်းမာရေးကို ကြာရှည်စွာ ထိခိုက်လာနိုင်ပါတယ်။ 

သင့်ရဲ့စိတ်ဖိစီးမှုကို ဘယ်လို လျှော့ချမလဲ ?

စိတ်ဖိစီးမှု လျှော့ချရမယ့်အပိုင်းမှာ စိန်ခေါ်မှုနှစ်မျိုး ရှိပါတယ်။ ပထမတစ်ခုက စိုးရိမ်သောကပါ။ ဒုတိယက စိုးရိမ်သောက,ကနေ ဖြစ်လာတဲ့စိတ်ဖိစီးမှုပါ။ သင်က ငွေကြေးနဲ့ပတ်သက်လို့ စိုးရိမ်နေရတဲ့ အဆင့်လား။ စိတ်ဖိစီးမှုအထိ ဖြစ်နေပြီလားဆိုတာ သေချာစဉ်းစားရပါမယ်။ ဒါကို သဘော ပေါက်သွားရင် သင့်ရဲ့စိတ်ကို ထိန်းချုပ်နိုင်ဖို့ တရားထိုင်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်းနဲ့ သတိတရားကို လေ့ကျင့်မွေးမြူရပါမယ်။ ယောဂကျင့်တာမျိုး၊ ဂျင် (Gym) ဆော့တာမျိုးလည်း လုပ်နိုင်ပါတယ်။ ပြီးရင် သင့်မိတ်ဆွေတွေကို သင့်ရဲ့ခံစားချက်တွေ ပြောပြတာမျိုး လုပ်လို့ ရပါတယ်။ သင်ဟာ သင့်ရဲ့စိတ်ဖိစီးမှုကို လျှော့ချသွားနိုင်ပေမယ့် ဒါဟာ အဖြေမဟုတ်ပါဘူး။ သင်က ငွေကြေးဖိစီးမှုဖြစ်နေလို့ စိတ်ဖိစီးမှုမဖြစ်အောင် ဖြေဖျောက်လို့ရပေမယ့် ငွေကြေးပြဿနာဟာ ဆက်လက်ရှိနေဦးဖြစ်ပါတယ်။ ဒါဆိုရင် ငွေကြေးဖိစီးမှုကို ကျော်လွှားရမယ့် နည်းလမ်းတွေကို လိုအပ်လာပါပြီ။

ငွေကြေးဖိစီးမှုကို ကျော်လွှားနိုင်မယ့် နည်းလမ်း (၆) သွယ်

() သင့်ကို စိတ်ဖိစီးမှုဖြစ်စေတဲ့ အရင်းအမြစ်ကို ရှာပါ။

သင် အရင်ဆုံးလုပ်ရမှာက သင့်စိတ်ဖိစီးမှုတွေ ဘယ်နေရာက လာသလဲ။ ဘာကြောင့် စိတ်ဖိစီးမှု ဖြစ်ရသလဲဆိုတာ သိဖို့လိုပါတယ်။ သင့်အတွက် အကြီးမားဆုံး ရင်ဆိုင်ရမယ့် ငွေကြေးပြဿနာကို ရှာဖွေပါ။ ပြီးရင် နံပါတ်စဉ်ပြီး ချရေးပါ။ ပြီးရင် စာရင်းတွေကို ထပ်မံပြီး အခေါက်ခေါက်အခါခါ ပြန်ဖတ်ပါ။ ဒီအဆင့်မှာ သင့်အတွက် အဖြေတချို့ လာပါလိမ့်မယ်။ ဒီနေရာမှာ သင်ထိန်းချုပ်နိုင်တဲ့ အပိုင်းနဲ့ သင်မထိန်းချုပ်နိုင်တဲ့အပိုင်းကို သတိထားရမှာ ဖြစ်ပါတယ်။ သင့်အနာဂတ်နဲ့ပတ်သက်ပြီး ပူပန်တာမျိုးက သင်ထိန်းချုပ်နိုင်တဲ့အပိုင်းပါ။ သင့်ကုန်ကျစရိတ်နဲ့ပတ်သက်လို့ ပူပန်တာက သင်ထိန်းချုပ်နိုင်တဲ့အပိုင်းပါ။ ကုန်ဈေးနှုန်းတက်ခြင်း၊ ငွေကြေးတန်ဖိုး ကျဆင်းလာခြင်း၊ ဒေါ်လာဈေး တက်လာခြင်းမျိုးဟာ သင်မထိန်းချုပ်နိုင်တဲ့ အပိုင်းဖြစ်ပါတယ်။ 

() တစ်လစာသုံးငွေစာရင်း (ဘက်ဂျက်) ကြိုတွက်ထားပါ။

သုံးငွေစာရင်းကြိုတွက်ခြင်းက တကယ်ထိရောက်တဲ့ လုပ်ဆောင်မှု ဖြစ်ပါတယ်။ ဒီလိုကြိုသုံးငွေ လုပ်တဲ့အခါ သင်က သင့်ကိုယ်သင် ထိန်းချုပ်ရမယ့်အရာနဲ့ ဘာကြောင့် သင်ငွေမလောက်ရတဲ့ အကြောင်းတွေကို သိရှိနားလည်လာမှာပါ။ ပြီးရင် မလိုဘဲပိုသုံးနေတာမျိုးကို ရှောင်ရှားလာနိုင်ပါလိမ့် မယ်။ လိုချင်တာနဲ့ လိုအပ်တာကို ခွဲခြားတတ်လာပါလိမ့်မယ်။ ကဲ ဒီလောက်ဆို ငွေနဲ့ပတ်သက်လို့ သင့်ရဲ့ အမှားတွေကို သိမြင်လာပါလိမ့်မယ်။ ဒါဆိုရင် ပြင်လို့ရပါပြီ။ 

() သင့်ဝင်ငွေကို တိုးလာအောင်ဖန်တီးပါ။

သင်က အဓိကဝင်ငွေရှိနေပြီ၊ အလုပ်အတည်အကျရှိနေပြီဆိုရင် ဝင်ငွေတိုးဖို့ နောက်ထပ်ဝင်ငွေ လမ်းကြောင်းရှာလို့ ရပါတယ်။ သင် ဝါသနာပါတာကိုလုပ်ပြီး တစ်ဖက်တစ်လမ်းကနေ အွန်လိုင်း စီးပွားရေးလုပ်ပြီး ရှာဖွေလို့ရပါတယ်။ တစ်ပိုင်တစ်နိုင်စီးပွားရေး လုပ်လို့ရပါတယ်။ 

() အရေးပေါ်သုံးငွေ ရံထားပါ။ 

တစ်လစာဝင်ငွေလေးနဲ့ အကြွေးစာရင်း၊ လက်ကျန်ငွေစာရင်း လေးလုပ်ပြီးသွားမှ အရေးပေါ် သုံးစရာ ပေါ်လာတာမျိုးတွေလည်း ဖြစ်လာတတ်ပါတယ်။ လျှပ်စစ်ပစ္စည်းတွေ ပျက်တာမျိုး၊ ကောက်ကာငင်ကာ ဖျားနာတာမျိုး၊ အလုပ်ခဏ နားလိုက်ရတာမျိုးဖြစ်လာရင် သုံးဖို့ ငွေလေးထားထား သင့်ပါတယ်။ ဒါမှ သင့်ရဲ့ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှိမှာဖြစ်သလို စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။

() အကြွေးယူတဲ့အကျင့်ကို လျှော့ပါ။ 

သင်ဟာ ဘာပဲဖြစ်ဖြစ် အသုံးလွယ်သူဆိုရင် ပိုက်ဆံကုန်ဖို့ ရာခိုင်နှုန်းများသလို အကြွေးယူ ဖို့လည်း လွယ်ကူနေပါလိမ့်မယ်။ “ရပါတယ် ခဏချေးလိုက်မယ်၊ လကုန်တော့ ပြန်ဆပ်မယ်”ဆိုပြီး အကြွေးတွေယူတဲ့အကျင့်ကို ဖျောက်သင့်ပါတယ်။ အကြွေးယူခြင်းကလည်း သင့်ကို ငွေကြေး ဖိစီးမှု ဖြစ်စေပါတယ်။

() ပိုက်ဆံစီမံခန့်ခွဲမှုအကြောင်းတွေကို လေ့လာပါ။

နောက်ဆုံးအဆင့်ကတော့ သင်ဟာ ပိုက်ဆံနဲ့ပတ်သက်လို့ စီမံခန့်ခွဲမှုတွေကို လေ့လာရမှာ ဖြစ်ပါတယ်။ ဒါက တကယ့်ကို အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ သင်က ပိုက်ဆံကို ကောင်းကောင်း စီမံခန့်ခွဲနိုင်မှ သင့်တစ်ဘဝလုံး ပိုက်ဆံရဲ့ထိန်းချုပ်မှုအောက်က လွတ်ကင်းနိုင်ပြီး အေးချမ်းနေမှာ ဖြစ်ပါတယ်။ အဲဒီလိုမှမဟုတ်ရင် သင့်ဘဝမှာ ပိုက်ဆံရှာရင်း စိတ်ဖိစီးရရင်း ကုန်ဆုံးသွားပါလိမ့်မယ်။ ငွေကြေးဖိစီးမှုဒဏ်ကနေ ကျော်လွှားနိုင်ကြပါစေ။ 

Reference: 

Reach Out website မှ “How to deal with financial stress”( https://au.reachout.com/articles/how-to-deal-with-financial-stress) ဆောင်းပါး နှင့် Better Money Habits website မှ “6 ways to tackle financial stress”(https://bettermoneyhabits.bankofamerica.com/en/debt/how-to-overcome-financial-problems) ဆောင်းပါးကို ကိုးကားတင်ပြထားပါတယ်။

 

Aung Thu

M.Com, B.Com (Mtl Eco)

PG Dip in Research Studies (Myw Eco)