မိမိကိုယ်ကိုယ် စီမံခန့်ခွဲဖို့ အကြံပြုချက်များနဲ့ အကျိုးကျေးဇူးများ

မိမိကိုယ်ကိုယ် ထိထိရောက်ရောက် စီမံခန့်ခွဲခြင်းက ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ရေရှည်ကျင့်သုံးဖို့အတွက် တန်ဖိုးရှိလှတဲ့ ကျွမ်းကျင်မှုတစ်ခုပဲ ဖြစ်ပါတယ်။ မိမိကိုယ်ကိုယ်စီမံခန့်ခွဲခြင်းက လုပ်ငန်းတာဝန်များကို ကြပ်ကြပ်မတ်မတ်နဲ့ အောင်မြင်စွာ ပြီးမြောက်နိုင်ဖို့အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ မိမိကိုယ်ကိုယ်စီမံခန့်ခွဲမှုရဲ့အရေးပါပုံကို နားလည်သဘောပေါက်ခြင်းက မိမိရဲ့ပရော်ဖက်ရှင်နယ်လမ်းကြောင်းနဲ့ လူမှုဘဝအပေါ် အပြုသဘောဆောင်တဲ့ သက်ရောက်မှုများ ရှိနိုင်ပါတယ်။ ဒီဆောင်းပါးမှာ မိမိကိုယ်ကိုယ် စီမံခန့်ခွဲခြင်းရဲ့ အကျိုးကျေးဇူးများကို ဆွေးနွေးထားပြီး စီမံခန့်ခွဲရာမှာ အထောက်အကူပြုဖို့ အကြံပြုချက် ၁၀ ချက်အကြောင်းကို ရေးသားထားပါတယ်။

မိမိကိုယ်ကိုယ် စီမံခန့်ခွဲခြင်းဆိုတာ ဘာလဲ?

မိမိကိုယ်ကိုယ် စီမံခန့်ခွဲခြင်းနဲ့ လေ့ကျင့်ခြင်းဆိုသည်မှာ အလုပ်များကို တစ်စုံတစ်ယောက်ရဲ့ကြီးကြပ်မှု ဒါမှမဟုတ် လမ်းညွှန်မှုမပါဘဲ ပြီးမြောက်စေခြင်းကို ဆိုလိုပါတယ်။ မိမိကိုယ်ကိုယ်စီမံခန့်ခွဲခြင်းက လုပ်ငန်းအတွက် အကျိုးဖြစ်ထွန်းမှု၊ ထိရောက်မှုနဲ့ အရည်အသွေးတို့အပေါ် အပြုသဘောဆောင်တဲ့ သက်ရောက်မှုရှိနိုင်တာကြောင့် ဖွံ့ဖြိုးတိုးတက်ဖို့ အရေးကြီးတဲ့ ကျွမ်းကျင်မှုတစ်ခုပဲ ဖြစ်ပါတယ်။ မိမိရဲ့အချိန်ကို ထိထိရောက်ရောက် စီမံခန့်ခွဲခြင်းက စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ပြီး မိမိကိုယ်ပိုင်ဘဝအတွက်လည်း တိုက်ရိုက်သက်ဆိုင်နိုင်ပါတယ်။

မိမိကိုယ်ကိုယ် စီမံခန့်ခွဲခြင်းရဲ့ အကျိုးကျေးဇူးများ

မိမိကိုယ်ကိုယ် စီမံခန့်ခွဲခြင်းက ပတ်ဝန်းကျင်မှာ လိုက်လျောညီထွေဖြစ်လာတဲ့ အကျိုးကျေးဇူးကို ပေးစွမ်းနိုင်ပါတယ်။ မိမိကိုယ်ကိုယ် စီမံခန့်ခွဲခြင်းကို လေ့ကျင့်တဲ့အခါမှာ မိမိရဲ့ကိုယ်ပိုင်အချိန်ဇယားကို သတ်မှတ်ဖို့နဲ့ တာဝန်တွေကို ပြီးမြောက်စေမယ့် ကန့်သတ်ချက်တွေကို ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။ အဲဒီလိုလိုက်လျောညီထွေရှိမှုက အရေးကြီးတဲ့ တာဝန်များ (ဒါမှမဟုတ်) အချိန်နဲ့တစ်ပြေးညီလုပ်ဆောင်ရမယ့် တာဝန်များကို ဦးစားပေးလုပ်ဆောင်ရာတွင်လည်း အခွင့်အလမ်းများစွာ ပေးစွမ်းနိုင်ပါတယ်။

စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေနိုင်ခြင်း။

မိမိကိုယ်ကိုယ်စီမံခန့်ခွဲခြင်းက တန်ဖိုးရှိတဲ့ အရည်အချင်းများ ဖွံ့ဖြိုးတိုးတက်ဖို့ ထိရောက်တဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ထိုအရည်အချင်းများကတော့ ပြဿနာဖြေရှင်းနိုင်မှု၊ မိမိကိုယ်ကိုယ် လှုံ့ဆော်နိုင်မှု၊ ချိတ်ဆက်ပြောဆိုနိုင်မှုများနဲ့ အချိန်ဇယား ဆွဲခြင်းတို့ စတာတွေဝင်ပါတယ်။ အဲဒီကျွမ်းကျင်မှုအရည်အချင်းများက ပရော်ဖက်ရှင်နယ်လမ်းကြောင်းအတွက် ကြိုးပမ်းမှု အမျိုးမျိုးပေါ်မှာ သက်ရောက်နိုင်ပြီး မိမိတို့လုပ်ငန်းခွင်မှာလည်း ပိုမိုအောင်မြင်စေဖို့ ကူညီပေးနိုင်ပါတယ်။

မိမိရဲ့အရည်အချင်းပြည့်စုံမှုကို သက်သေပြနိုင်ခြင်း။

အလုပ်ရှင်အများစုက မိမိကိုယ်ကိုယ်မိမိ ယုံကြည်ပြည့်စုံမှုရှိတဲ့ ဝန်ထမ်းများကို ရှာဖွေကြပါတယ်။ မိမိကိုယ်ကိုယ် ယုံကြည်ပြည့်စုံမှုဆိုသည်မှာ အသေးအဖွှဲလုပ်ငန်းများ၊ ဦးတည်ချက် မသေချာသေးတဲ့တာဝန်များကို ကျေပွန်အောင် အစပျိုး လုပ်ဆောင်နိုင်မှုကို ဆိုလိုပါတယ်။ မိမိကိုယ်ကိုယ် စီမံခန့်ခွဲခြင်းက ကိုယ်ပိုင်အရည်အချင်းပြည့်စုံမှုကို မြှင့်တင်ပေးနိုင်ပြီး အနာဂတ်အလုပ်ရှင်များ ဒါမှမဟုတ် အလုပ်ခန့်ထားတဲ့မန်နေဂျာတွေကို အထင်ကြီးစေနိုင်ပါတယ်။

စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ခြင်း။

မိမိကိုယ်ကိုယ် စီမံခန့်ခွဲခြင်းလုပ်ငန်းစဉ်မှာ မိမိရဲ့စိတ်အားထက်သန်မှု၊ အဖွဲ့အစည်းရဲ့ အကျိုးဖြစ်ထွန်းမှုနဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့အတွက် မဟာဗျူဟာများဖန်တီးခြင်းတို့ ပါဝင်လေ့ရှိပါတယ်။ အဲဒီလုပ်ငန်းစဉ်များလုပ်ဆောင်ခြင်းဖြင့် မိမိရဲ့ အချိန်ကို ဘယ်လိုပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲရမလဲဆိုတာကို နားလည်လာနိုင်ပါတယ်။

မိမိကိုယ်ကိုယ် ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ဖို့အတွက် အောက်ပါအကြံပြုချက် တို့ကို ဖော်ြပပေးလိုက်ပါတယ်။

၁။ မိမိကိုယ်ကိုယ်မိမိ သတိရှိအောင် လေ့ကျင့်ပါ။

မိမိကိုယ်ကိုယ်မိမိ သတိရှိအောင်လေ့ကျင့်ခြင်းက မိမိကိုယ်ကိုယ်ထိထိရောက်ရောက် စီမံခန့်ခွဲဖို့အတွက်  အရေးကြီးတဲ့ ပထမခြေလှမ်းဖြစ်ပါတယ်။ မိမိရဲ့ လက်ရှိအလေ့အထများနဲ့ အဖွဲ့အစည်းဆိုင်ရာ နည်းစနစ်များကို နားလည်လာတဲ့အခါမှာ အချိန်စီမံခန့်ခွဲနည်းနဲ့ ပတ်သက်တဲ့ဆုံးဖြတ်ချက်များချမှတ်ရာမှာ အဆင်ပြေလွယ်ကူနေမှာ ဖြစ်ပါတယ်။ အဲအထဲမှ ဘယ်အရာတွေက မိမိရဲ့အောင်မြင်မှုကို အထောက်အကူဖြစ်စေပြီး ဘယ်အရာက လုပ်ဆောင်နိုင်စွမ်းအားကို အဟန့်အတားဖြစ်စေနိုင်တယ်ဆိုတာကို နားလည်နိုင်ပေလိမ့်မယ်။

၂။ တစ်နေ့တာရဲ့ လုပ်ရိုးလုပ်စဉ်များ ဖန်တီးပါ။

အလွယ်တကူလိုက်နာလုပ်ဆောင်နိုင်မယ့် တသမတ်တည်းသောလုပ်ရိုးလုပ်စဉ်ကိုဖန်တီးခြင်းက စီမံခန့်ခွဲမှုကို ပိုမို ထိရောက်စွာ အကောင်အထည်ဖော်ဖို့ ကူညီပေးနိုင်ပါတယ်။ မိမိရဲ့အနေအထားကို ခြေရာခံနိုင်ဖို့အတွက် အလုပ်နဲ့ သက်ဆိုင်တဲ့ တာ၀န်များနဲ့ ကိုယ်ရေးကိုယ်တာလှုပ်ရှားမှုများ ပါဝင်တဲ့ နေ့စဥ်အချိန်ဇယားကို ဖန်တီးဖို့ လိုအပ်ပါတယ်။ တာဝန်ပိုကြီးတဲ့ ဒါမှမဟုတ် ရှုပ်ထွေးတဲ့ အချိန်ဇယားထဲက အရာတွေကို သေးငယ်တဲ့ အလုပ်ခွဲများအဖြစ် ဖန်တီးခြင်းကလည်း အကျိုးရှိနိုင်ပါတယ်။

၃။ အနားယူဖို့အတွက် အချိန်ပေးပါ။

မိမိကိုယ်ကိုယ် ထိထိရောက်ရောက် စီမံခန့်ခွဲတဲ့အခါ အနားယူဖို့အတွက် အချိန်ပေးဖို့ အရေးကြီးပါတယ်။ မိမိကိုယ်ကိုယ်မိမိ ဂရုစိုက်ဖို့လေ့ကျင့်ဖို့အတွက် သတ်မှတ်ထားတဲ့အချိန်မှာလည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေ့လယ်စာစားခြင်း၊ စာအုပ်ဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းတို့ အချိန်ပေးရမှာ ဖြစ်ပါတယ်။ မိမိအလုပ်နဲ့ သက်ဆိုင်တဲ့အလုပ်များမှ ခဏတာနားချိန်ယူခြင်းက အလုပ်ရဲ့တစ်နေ့တာပြီးဆုံးဖို့အတွက် တက်ကြွလန်းဆန်းမှုကို ခံစားရစေ နိုင်ပါတယ်။

၄။ မိမိရဲ့အလုပ်များကို အချိန်ကိုက်လုပ်ဆောင်ပါ။

မိမိရဲ့ လုပ်ရိုးလုပ်စဉ်တွေကို ထိန်းသိမ်းဖို့ ဒါမှမဟုတ် အချိန်ဇယားကို လိုက်နာဖို့အတွက် အခက်အခဲရှိနေပါက အလုပ်တွေကို အချိန်ကိုက်လုပ်ဆောင်ခြင်းမှလည်း အထောက်အကူပြုနိုင်ပါတယ်။ အလုပ်တစ်ခုမစတင်မီ အချိန်ကိုစစ်ဆေးပြီး အဲ့အရာကို အပြီးသတ်ဖို့ မိမိအတွက် အချိန်ဘယ်လောက်ကြာကြောင်းကို မှတ်သားထားဖို့ လိုအပ်ပါတယ်။

၅။ပြောင်းလဲဖို့အတွက် ပွင့်လင်းမှုရှိပါ။

မိမိရဲ့ လက်ရှိနည်းလမ်းများက မိမိကိုယ်ကိုယ် စီမံခန့်ခွဲမှုမှာ အထောက်အကူမပြုဘူးလို့ ခံစားနေရပါက နည်းဗျူဟာတချို့ကို ချိန်ညှိဖို့ လိုအပ်လိမ့်မှာဖြစ်ပါတယ်။ ပန်းတိုင်တွေကို ပိုမိုကောင်းမွန်စွာဆောင်ရွက်နိုင်ဖို့ မိမိရဲ့အာရုံစူးစိုက်မှု၊ နည်းစနစ် သစ်များပြောင်းလဲဖို့အတွက် မိမိရဲ့အလေ့အထများနဲ့ နည်းလမ်းသစ်များကို အလွန်အကျွံမကိုင်တွယ်မိစေဖို့ အရေးကြီး ပါတယ်။ မိမိကိုယ်ကိုယ် သတိရှိအောင်လေ့ကျင့်ခြင်းက ညှိနှိုင်းမှုလိုအပ်နေတဲ့ လုပ်ငန်းနယ်ပယ်များအတွက် ကူညီပေး နိုင်ပါတယ်။

၆။မိမိကိုယ်ကိုယ် တာဝန်ခံမှုရှိပါ။

မိမိကိုယ်ကိုယ် တာဝန်ခံမှုရှိခြင်းက ထိထိရောက်ရောက် စီမံခန့်ခွဲခြင်းဆီကိုသွားတဲ့လမ်းကြောင်းမှာ အရေးကြီးတဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။ တာဝန်ခံမှုဆိုသည်မှာ မိမိရဲ့တာဝန်တွေကို ပြီးမြောက်အောင် တာဝန်ယူခြင်းနဲ့ တာ၀န်များကို အာရုံမစိုက်မိတဲ့အခါ မိမိရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ မိမိကိုယ်ကိုယ်မိမိ လှုံ့ဆော်ပေးခြင်း၊ တာဝန်ခံခြင်း၊ အချိန်နဲ့တစ်ပြေးညီ လုပ်ဆောင်စရာများအတွက် ထိထိရောက်ရောက်စီမံခန့်ခွဲမှုတွေကို ဖန်တီးဖို့အတွက် စဉ်းစားခြင်းကို ဆိုလိုပါတယ်။

၇။အလျင်လိုတဲ့ အလုပ်များကို ဦးစားပေးလုပ်ဆောင်ပါ။

မိမိရဲ့ လုပ်ဆောင်နိုင်ရည်စွမ်းအား အမြင့်ဆုံးအဆင့်ကိုရောက်အောင် ကူညီပေးတဲ့နည်းလမ်းနဲ့ အလုပ်တွေကို ဦးစားပေး လုပ်ခြင်းက မိမိကိုယ်ကိုယ်ထိရောက်တဲ့ ကိုယ်ပိုင်စီမံခန့်ခွဲမှုကို လေ့ကျင့်ဖို့ ကူညီပေးနိုင်ပါတယ်။ အလျင်လိုတဲ့ အလုပ်တွေကို ဦးစားပေးလုပ်ခြင်းဆိုသည်မှာ အမြန်လိုနေတဲ့အရာများနဲ့အစပြုပြီး တဖြည်းဖြည်းအရေးကြီးမှု လျော့နည်းလာတဲ့ အလုပ်များကို စီမံလုပ်ဆောင်ခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။  

၈။ မိမိရဲ့ တိုးတက်လာမှုကို ခြေရာခံပါ။

မိမိရဲ့တိုးတက်မှုကို ခြေရာခံခြင်းက ထိရောက်တဲ့ စီမံခန့်ခွဲခြင်းကို လေ့ကျင့်တဲ့အခါမှာ အားပေးမှုခံစားရစေဖို့အတွက် ထိရောက်တဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ မိမိရဲ့လုပ်ငန်းခွင်မှာ တချို့အလုပ်များက ဘယ်လောက်မြန်မြန်ပြီး မြောက်နိုင်တယ်ဆိုတဲ့ နေ့စဉ်မှတ်တမ်းထားရှိဖို့ စဉ်းစားရမှာ ဖြစ်ပါတယ်။ တစ်နေ့တာမှာ မိမိကိုယ်ကိုယ် စီမံခန့်ခွဲခြင်းဆိုင်ရာ ဗျူဟာတွေကို ပိုမိုအသုံးချလာတာနဲ့အမျှ မိမိရဲ့စွမ်းဆောင်ရည်နဲ့ လုပ်ဆောင်နိုင်ရည်နှုန်းများက တသမတ်တည်း တိုးတက်လာတာကို တွေ့ရှိနိုင်ပါတယ်။ တသမတ်တည်းမတိုးတက်တဲ့ နယ်ပယ်တစ်ခုကို သတိပြုမိပါက အဲဒီအချက် အလက်ကို လုပ်ငန်းစဉ်များအပေါ်မှာ ပြန်လည်သုံးသပ်ပြီး လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ပြုလုပ်နိုင်ပါတယ်။

 

Indeed.com Career Guide website မှ 10 Tips for Managing Yourself (Plus Definition and Benefits) ဆောင်းပါးကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

 

Daw Zin Lin Htet

BE (Civil-MGTU)

M.Sc (Construction Project Mgt),

Heriot-Watt University