“အလုပ်လုပ်ခြင်းအနုပညာ”

‘တကယ်တော့ ဒီဆောင်းပါးကို အလုပ်လုပ်ခြင်းအနုပညာလို့ နာမည်ပေးရမလား? အလုပ်လုပ်ခြင်း အတတ်ပညာလို့ နာမည်ပေးရမလား? ဘယ်လိုပဲပေးပေး ဒီဆောင်းပါးက အလုပ်လုပ်ခြင်းအကြောင်းကို ဆွေးနွေးကြည့်ဖို့ပဲ ဖြစ်ပါတယ်။

• အလုပ်ကို ဘယ်လိုလုပ်မလဲ။

• အလုပ်မှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိအောင် ဘယ်လိုလုပ်မလဲ။

• အလုပ်ထဲမှာ ကိုယ်က အမြဲသွက်လက်နေအောင် ဘယ်လိုစီမံမလဲ။

အလုပ်ဆိုတာဘာလဲ။ ဘာအတွက်လဲ။

ကျွန်တော်တို့တွေဟာ ဘယ်လိုလူပဲ ဖြစ်နေပါစေ အလုပ်လုပ်ကြရပါတယ်။ အလုပ်လုပ်တယ်ဆိုတာ လူတစ်ယောက်ရဲ့ အရေးကြီးတဲ့လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ လူဟာ ကိုယ်ကြိုက်တဲ့အလုပ်ကို လုပ်နေရရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတယ်။ အလုပ်မရှိတဲ့သူဟာ စိတ်လေနေတတ်တယ်။ တွေဝေနေတတ်တယ်။ စိတ်ဓာတ်ကျနေတတ်တယ်။

ကျွန်တော်တို့တွေဟာ ငယ်ရွယ်တုန်းမှာ ပညာသင်ကြတယ်။ အဲဒီလို ပညာသင်တာကလည်း အသက်ကြီးလာတဲ့အခါ အဲ့ဒီပညာကို အသုံးချပြီး သက်သောင့်သက်သာနေနိုင်မယ့်ဘဝကို မျှော်လင့်ကြတယ်။ ဒီတော့ ခြုံပြောရရင် ကျွန်တော်တို့တွေဟာ ငွေရှာဖို့ အလုပ်လုပ်ကြရတယ်။ အလုပ်လုပ်ဖို့ ပညာသင်ကြရတယ်။ တကယ်အလုပ်လုပ်တဲ့အခါမှာလည်း လိုအပ်တဲ့ အရည်အချင်း၊ ကျွမ်းကျင်မှု၊ အတွေ့အကြုံနဲ့ လက်တွေ့ လုပ်ဆောင်ချက်တွေ အများကြီးလိုအပ်ပါတယ်။

• အလုပ်ဆိုတာလူတစ်ယောက်အတွက် အားဆေးဖြစ်တယ်။

• အလုပ်ဆိုတာ လူတစ်ယောက်အတွက် ကိုယ့်ကိုယ်ကိုယ် ဖန်တီးရာနေရာဖြစ်တယ်။

• အလုပ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာဖွေရာနေရာဖြစ်တယ်။

• အလုပ်ဆိုတာ ဘဝအတွက် မဖြစ်မနေ လုပ်ဆောင်ရမယ့်အရာတစ်ခုဖြစ်တယ်။

ဝါသနာနဲ့အလုပ်

ကျွန်တော်တို့ဟာ လူဖြစ်လာတဲ့အခါ အလုပ်လုပ်ရမယ်ဆိုတာ သိလာပြီး အလုပ်စလုပ်တော့မယ်ဆိုရင် သတိထားရမယ့် အရေးကြီးတဲ့အချက်တစ်ချက်ရှိတယ်။ အဲဒါဘာလဲဆိုတော့ ဝါသနာဖြစ်တယ်။ ဝါသနာတောင် ရိုးရိုးဝါသနာနဲ့မရဘူး။ အရူးအမူးဝါသနာပါမှ ဖြစ်မယ်။ ကျွန်တော်တို့တွေဟာ အလုပ်တစ်ခုကို လုပ်စရာမရှိတော့လို့ ကောက်လုပ်လိုက်ရတာမျိုး၊ ဝင်ငွေကောင်းမယ်ထင်လို့ လုပ်လိုက်တာမျိုး မဖြစ်သင့်ပါဘူး။ဝါသနာကို အရင်းခံမှ ကိုယ်လုပ်တဲ့အလုပ်ကို ချစ်တတ်လာမယ်။ အလုပ်ကို ပိုကောင်းအောင် လုပ်ချင်လာမယ်။ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်လုပ်ချင်လာမယ်။ ဝါသနာနဲ့အလုပ် ထပ်တူကျမှလည်း ကိုယ့်အလုပ်မှာ ပျော်ပြီး အဆင်ပြေလာမယ်။ဒါဆိုရင် ကျွန်တော်တို့က အလုပ်မှာ ပျော်လာနိုင်ဖို့၊ အောင်အောင်မြင်မြင်လုပ်လာနိုင်ဖို့ လုပ်ရမယ့် အဆင့်တွေ၊ သိထားရမယ့်အချက်အလက်တွေ ရှိလာပါတယ်။ ဒါလေးတွေကို ဆွေးနွေးတင်ပြချင်ပါတယ်။

(၁) ကိုယ့်ရဲ့အရည်အချင်းကို ဖြည့်ဆည်းပါ။

ကိုယ့်ရဲ့အရည်အချင်းကို ဖြည့်ဆည်းတဲ့ကိစ္စဟာ သိပ်ကို အရေးပါတဲ့အခန်းကဏ္ဍဖြစ်တယ်။ ကိုယ့်အရည် အချင်းကို ဖြည့်တဲ့နေရာမှာလည်း အဆက်မပြတ်လေ့လာခြင်း၊ အချိန်စီမံခန့်ခွဲတတ်ခြင်း၊ ပညာရှင် စိတ်ထားရှိခြင်း၊ အတွေးအခေါ် ကောင်းခြင်း၊ တီထွင်ဖန်တီးနိုင်ခြင်း၊ သဘောထားပွင့်လင်းခြင်း၊ ကိုယ့်ကိုယ်ကိုယ် လေးစားမှုရှိခြင်း၊ စမတ်ကျကျ လုပ်တတ်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ကျန်းမာရေး ကောင်းခြင်း စတာတွေ လိုအပ်ပါတယ်။ အဆက်မပြတ်လေ့လာခြင်းဟာ သင်ကိုယ်တိုင်အတွက်ရော၊ သင့်လုပ်ငန်းအတွက်ရော ကောင်းမွန်ချောမွေ့ စေတဲ့အခိုက်အတန့်လေးတွေကို ဖန်တီးနိုင်ပါတယ်။ သင့်ရဲ့လေ့လာမှုကို သင့်ဘဝအတွက်လို့သာ ယူဆလိုက်ပါ။ သင် အဲဒီလို ယူဆလိုက်တာနဲ့ ဒီနေ့လေ့လာလိုက်တဲ့အရာတွေက မနက်ဖြန်မှာ သင်နဲ့ပတ်သက်တဲ့ အကြောင်းအရာတိုင်း၊ အလုပ်တိုင်းမှာ များစွာအထောက်အကူပြုစေပါတယ်။ အချိန်ကို စီမံခန့်ခွဲတတ်တဲ့အလေ့အကျင့်ကလည်း သင်ကိုယ်တိုင်နဲ့ သင့်လုပ်ငန်းအတွက် များစွာ အထောက်အကူပြုနိုင်ပါတယ်။ သင်က အချိန်ကို ကောင်းကောင်းစီမံခန့်ခွဲနိုင်သူတစ်ယောက် ဖြစ်ပြီဆိုရင် သင့်ရဲ့ နေစဉ်လုပ်ငန်းဆောင်တာတွေအားလုံးကို စိတ်အေးလက်အေးလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သတ်မှတ် ရက်ထက်နောက်မကျဘဲ အချိန်မီပြီးရမယ့်အလုပ်တွေကိုလည်း တိတိကျကျလုပ်နိုင်မှာ ဖြစ်ပါတယ်။

ပညာရှင်စိတ်ထားရှိခြင်း (Professional mindset) ကလည်း လုပ်ငန်းခွင်မှာ တကယ်ကို အရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒီစိတ်ထားဟာ သင့်ကို အမြင့်တွန်းတင်ပေးမယ့် စိတ်ထားဖြစ်ပါတယ်။ သင်က ပညာရှင်စိတ်ရှိရင် သင့်အလုပ်မှာ တခြားသူတွေက ဘယ်ပုံစံနဲ့ပဲလုပ်လုပ် သင်က စိတ်ဝင်စားတော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် တခြားသူတွေနဲ့လိုက်ပြီးလည်း တွက်ကပ်နေမှာလည်း မဟုတ်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သင်က သင်ကိုယ်တိုင် ပညာရှင်ဆန်ဆန်နေပြီး ပညာရှင်ဆန်ဆန် အလုပ်လုပ်နေလို့ ဖြစ်ပါတယ်။ သင့်စိတ်မှာ ပညာရှင်ဆန်ဆန် အလုပ်လုပ်နေနိုင်ပြီဆိုရင် ပညာရှင်မဆန်တဲ့လူတွေကိုလည်း သတိထားနေနိုင်မှာ မဟုတ်တော့ပါဘူး။ အတွေးအခေါ်ကောင်းခြင်း၊ တီထွင်ဖန်တီးနိုင်စွမ်းရှိခြင်းနဲ့ သဘောထားပွင့်လင်းခြင်းကလည်း သင့်ကို တိုးတက်စေမယ့် အလေ့အကျင့်ဖြစ်ပါတယ်။ သင့်ရဲ့အတွေးအခေါ်ကောင်းခြင်းနဲ့ တီထွင်ဖန်တီးတတ်ခြင်းတို့က သင့်ကို သင့်အလုပ်ရှင်က မျက်စိကျစေမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ်လေးစားမှုရှိခြင်းက သင်ကိုယ်တိုင်အတွက် အကျိုးဖြစ်ထွန်းစေမယ့် အရာတစ်ခု ဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ ဘဝအတွက်ပဲဖြစ်ဖြစ် အရေးကြီးပါတယ်။ တစ်လောကလုံးက သင့်ကို မလေးစားရင်တောင် သင့်စိတ်မှာ ကိုယ့်ကိုယ်ကိုယ်လေးစားနေမယ်ဆိုရင် သင့်ကို ဘယ်သူကမှ အောက်ကို ဆွဲချလို့ရမှာ မဟုတ်ပါဘူး။ စမတ်ကျကျ (smart) လုပ်တတ်ခြင်းက သင့်လုပ်ငန်းနဲ့ ဘဝမှာ အကူပစ္စည်းလို အရေးပါပါတယ်။ သင်က လုပ်ငန်းခွင်မှာ ပေးအပ်ထားတဲ့တာဝန်ကို မြန်မြန်နဲ့မှန်မှန် လုပ်ပေးတတ်ဖို့ လိုအပ်ပါတယ်။ သင်က အလုပ်မှာ စမတ်ကျကျလုပ်တတ်ခြင်းဟာ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကလည်း သဘောကျစေနိုင်ပါတယ်။ စမတ်ကျကျလု ပ်တတ်ခြင်းဟာ သင့်ကိုယ်သင်လည်း လေးစားမှုဖြစ်လာစေမှာပါ။

တကိုယ်ရည်သန့်ရှင်းမှုနဲ့ ကျန်းမာရေးကောင်းခြင်းကလည်း တကယ်ကို အရေးပါတဲ့အရာတစ်ခု ဖြစ်ပါတယ်။ ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးပါပဲ။ သင်က အမြဲတမ်း သပ်သပ်ရပ်ရပ်နဲ့ သန့်သန့်ရှင်းရှင်း နေမယ်ဆိုရင် သင့်ကို မြင်လိုက်တဲ့လူတိုင်းက သဘောကျစေမှာဖြစ်ပါတယ်။ အထင်ကြီးစေမှာ အသေအချာပါပဲ။ ကျန်းမာရေးကောင်းကောင်းနဲ့ အလုပ်လုပ်နိုင်ခြင်းကလည်း သင့်အတွက် များစွာ အထောက်အကူပြုနိုင်ပါတယ်။ သင်က ကျန်းမာနေတဲ့အခါ အရာရာကို စိတ်သွားတိုင်းခန္ဓာကိုယ်က လိုက်ပါစွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။

(၂) ကောင်းမွန်တဲ့အလေ့အကျင့်မွေးပါ။

ကောင်းမွန်တဲ့အလေ့အကျင့်တွေမှာ အချိန်တိကျခြင်း၊ အစီစဉ်၊ ဇယားဆွဲခြင်း၊ စောစောထခြင်း၊ အာရုံစူးစိုက်ခြင်း၊ ဆက်ဆံရေးကို သတိပြုခြင်းတို့ ပါဝင်ပါတယ်။ အချိန်တိကျတာကလည်း အလေ့အကျင့်တစ်ခု ဖြစ်ပါတယ်။ သင်က နောက်ကျတဲ့အကျင့်ရှိရင် အမြဲနောက်ကျနေမှာပါပဲ။ ဒီလိုပါပဲ။ အချိန်တိကျတဲ့အကျင့်လုပ်ထားရင် အချိန်ကို အမြဲတိကျနေစေမှာပါ။ သင်က သင်လုပ်မယ့်အလုပ်ကို ကြိုတင်ပြီး အစီအစဉ်ဆွဲထားတာမျိုး၊ အချိန်ဇယားလုပ်ထားတာမျိုးက အင်မတန်ကောင်းပါတယ်။ အဲဒီလိုလုပ်ခြင်းက သင်အလုပ်တစ်ခုပြီးတဲ့အခါ တခြားအရာတစ်ခုကို ထပ်လုပ်ရမယ့် အစီအစဉ်ကိုလည်း ကြိုသိနိုင်ပါတယ်။ စောစောထခြင်းကလည်း သင့်ရဲ့တစ်နေ့တာကို လန်းဆန်းစေပါတယ်။ သင်က ကောင်းမွန်ပြီး စိတ်ကြည်စေတဲ့ မနက်ခင်းတစ်ခုကို အစပြုလိုက်တာနဲ့ သင့်တစ်နေ့တာဟာ တက်ကြွစေနိုင်ပါတယ်။ စောစောထတဲ့ အကျင့်လေးလုပ်ပြီး အစီအစဉ်ဆွဲတာမျိုးလုပ်ကြည့်ပါ။

နောက်ထပ် သင်က အရာရာကို အာရုံစူးစိုက်ပြီး လုပ်သင့်ပါတယ်။ တချို့က အလုပ်လုပ်နေရင်း သီချင်းနားထောင်တာမျိုး လုပ်တတ်တယ်။ ဒါကို တချို့က အလုပ်ကို ပေါ့ပေါ့ပါးပါးလုပ်တယ်၊ အလုပ်လုပ်ရင်း အပန်းဖြေတယ်လို ထင်တတ်ကြပါတယ်။ တကယ်က လုပ်စရာရှိတဲ့အလုပ်ကို အာရုံစူးစိုက်ပြီး မြန်မြန်နဲ့မှန်မှန် ပြီးစီးအောင်လုပ်၊ ပြီးတဲ့အခါ သေချာနားပြီး သီချင်းနားထောင်။ အဲဒါကမှ တကယ်အလုပ်ပြီးမြောက်သလို အပန်းလည်း ပိုပြေစေပါတယ်။ နောက်ဆုံးအရေးကြီးတဲ့တစ်ချက်ကတော့ လုပ်ငန်းခွင်မှာ သင့်ရဲ့ပေါင်းသင်းဆက်ဆံရေးကို သတိပြုတာပဲ ဖြစ်ပါတယ်။ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေက ရည်ရွယ်ချက်ချင်းတူတဲ့ အပေါင်းအဖော်တွေပဲ ဖြစ်ပါတယ်။ သင်နဲ့ ဝါသနာ၊ သဘောထားချင်း၊ အလုပ်ချင်းတူတဲ့မိတ်ဆွေကောင်းတွေရှိနေတာဟာ သင့်အတွက် ရတနာသိုက်တစ်ခုလိုပါပဲ။

အထက်မှာ ပြောပြခဲ့သလို သင်က သဘောထားပွင့်လင်းတဲ့စိတ်၊ ပညာရှင်စိတ်ထား တွေနဲ့သာ သင့်မိတ်ဆွေတွေကို ဆက်ဆံမယ်ဆိုရင် သူတို့ကလည်း သင့်ကို သင်ပြုမူတဲ့အတိုင်း ဆက်ဆံကြမှာပဲ။ အဲဒီအခါ သင်က သင့်ထက်သာနေတဲ့ သူတို့ရဲ့အရည်အချင်းတွေကိုလည်း လေ့လာခွင့်ရပါလိမ့်မယ်။ လုပ်ငန်းခွင်မှာရော၊ သင့်ဘဝမှာရော လူမှုဆက်ဆံရေးကောင်းခြင်းက သင့်ကို အများကြီး တိုးတက်ပြောင်းလဲ စေနိုင်ပါလိမ့်မယ်။ ဒါတွေကတော့ သင့်ကို အလုပ်မှာ ပိုမိုအဆင်ပြေစေပြီး အမြဲတက်ကြွစေမယ့် အချက်တွေဖြစ်ပါတယ်။ ဒါ့အပြင် သင်ကိုယ်တိုင်အတွက်ရော၊ သင့်လုပ်ငန်းအတွက်ရော များစွာ တိုးတက်စေပါတယ်။ ဒီလောက် ဆိုရင်တော့ အလုပ်လုပ်ခြင်းအနုပညာ၊ အတတ်ပညာကို နားလည်သဘောပေါက်နိုင်လောက်ပါပြီ။ လက်တွေ့ ကျင့်ကြံပြီး အကျိုးထူးကြပါစေ။

 

Aung Thu

M.Com, B.Com (Mtl Eco)

PG Dip in Research Studies (Myw Eco)