လေ့လာသင်ယူတဲ့အခါ အကျိုးသက်ရောက်မှုရှိအောင် ဘယ်လိုလေ့လာကြမလဲ?

လူတွေဟာ စတင်မွေးဖွားလာချိန်ကစလို့ အိုမင်းသွားတဲ့အချိန်အထိ အမြဲမပြတ် လေ့လာသင်ယူနေရပါတယ်။ ဘယ်အရာကိုမဆို လေ့လာသင်ယူတဲ့အခါ ထိရောက်မှုရှိအောင် လေ့လာသင့်ပါတယ်။ သင်ဟာ လူတွေထဲက လူတစ်ယောက်ဖြစ်တဲ့အတွက် ရရှိလာတဲ့ လူ့ဘဝမှာ လေ့လာစရာတွေ အများကြီးထဲက ပညာရေးနဲ့ဆိုင်တဲ့ သင်ယူမှုတွေလုပ်ဖို့က အရေးကြီးတဲ့အချက်ထဲက တစ်ခုဖြစ်ပါတယ်။ ဒါမှသာ အများနည်းတူ လူ့ပတ်ဝန်းကျင်မှာ ကောင်းမွန်စွာ ကျင်လည်နိုင်မှာ ဖြစ်ပါတယ်။

ပညာရေးနဲ့ ပတ်သက်လို့ လေ့လာမှုတွေ လုပ်တဲ့အခါမှာ ကျောင်းသားအများစုကတော့ လေ့လာထားသမျှကို ပြန်လည်လေ့ကျင့်တာမျိုးတွေ မလုပ်ဘဲ ဒီအတိုင်းထားလိုက်တတ်ကြပါတယ်။ စာမေးပွဲ‌ဖြေမယ်ဆိုရင်လည်း ဖြေမယ့်ညမှ ညလုံးပေါက် စာလုပ်တာ၊ ခေါင်းထဲထပ်မထည့်နိုင်တော့ပါဘူးဆိုပြီး ဖတ်ပြီးသားတွေကိုဘဲ ပြန်ဖတ်နေတာမျိုးတွေ လုပ်တတ်ကြပါတယ်။ ဒီလိုနည်းလမ်းတွေက လက်ရှိစာမေးပွဲအတွက် ခဏတာ အဆင်ပြေနိုင်ပေမယ့် ထိရောက်တဲ့သင်ယူမှု ဖြစ်လာဖို့အတွက်တော့ အထောက်အကူ မပေးနိုင်ပါဘူး။ လေ့လာ သင်ယူရာမှာ မြန်ဆန်ပြီး ထိရောက်မှုရှိနိုင်ဖို့အတွက် ဘယ်လိုနည်းလမ်းတွေနဲ့ သင်ယူလို့ရနိုင်မလဲ ဆိုတာကိုသာ သိထားခဲ့မယ်ဆိုရင် သင်ယူရာမှာ ပိုပြီးအကျိုးကျေးဇူးတွေ ရရှိလာနိုင်ပါလိမ့်မယ်။ ထိရောက်မှုရှိတဲ့ သင်ယူ လေ့လာမှုတွေ ဖြစ်လာအောင် လိုက်နာသင့်တဲ့ နည်းလမ်းတွေကတော့ -

၁။ ကိုယ်လေ့လာနေတဲ့ အရာအပေါ်မှာ အာရုံစူးစိုက်ပါ။

 သင်ယူထားသမျှကို ပြန်လည်မှတ်မိနေမှသာ ထိရောက်မှုရှိတဲ့ သင်ယူမှုဆိုတာ ဖြစ်လာမှာပါ။ တစ်ခုခုကိုမှတ်မိဖို့ဆိုရင် အာရုံစူးစိုက်ဖို့ လိုပါတယ်။ အာရုံလည်း မစူးစိုက်ဘူး။ ပတ်ဝန်းကျင်မှာလည်း အနှောင့်အယှက်တွေ ရှိနေခဲ့မယ်ဆိုရင်တော့ မှတ်မိနေဖို့ လွယ်ကူမှာ မဟုတ်ပါဘူး။ ဥပမာ စာဖတ်လိုက်၊ facebook လေးဝင်ကြည့်လိုက် လုပ်နေခဲ့မယ်ဆိုရင် ကိုယ်ဖတ်နေတဲ့စာပေါ်မှာ စိတ်ဝင်စားမှုမရှိဘဲ မှတ်မိနေမှာ မဟုတ်ပါဘူး။ ဒါကြောင့် တစ်ခုခုကို မှတ်မိဖို့ဆိုရင် ပတ်ဝန်းကျင်မှာ အနှောင့်အယှက်တွေ ရှိမနေစေဘဲ သင်ယူမှုပေါ်မှာပဲ အပြည့်အဝ အာရုံစူးစိုက်ထားသင့်ပါတယ်။ ကိုယ် လေ့လာနေတဲ့ အရာတစ်ခုအပေါ်မှာ အာရုံစူးစိုက်ခဲ့မယ်ဆိုရင် ဦးနှောက်ထဲမှာ မှတ်မိနေပြီး ပြန်လည် အသုံးချနိုင်တာဖြစ်တဲ့အတွက် အကျိုးရှိတဲ့ သင်ယူမှုဖြစ်လာမှာပါ။

၂။ အသစ်အသစ်သော အရာတွေကို ဆက်လက်သင်ယူနေပါ။

 လေ့လာသင်ယူတဲ့အချိန်မှာ ပိုပြီးထိရောက်မှု ရှိစေဖို့ သေချာတဲ့နည်းလမ်းတစ်ခုကတော့ အကြောင်းအရာ အသစ်တွေကို အမြဲလေ့လာနေခြင်းပဲ ဖြစ်ပါတယ်။ သုတေသီတွေရဲ့ တွေ့ရှိချက်အရ လူတွေရဲ့ဦးနှောက်ဟာ ဦးနှောက်ဆဲလ်အသစ်တွေကို ထုတ်လုပ်နိုင်စွမ်းရှိတယ်လို့ ဆိုကြပါတယ်။ လူတစ်ယောက်ဟာ လေ့လာသင်ယူမှု တစ်ခုခု လုပ်မနေဘူးဆိုရင် ထိုဆဲလ်တွေဟာ သေဆုံးသွားကြပါတယ်။ ဒါကြောင့် ဦးနှောက်ဆဲလ်အသစ်တွေ အလုပ်လုပ်နေနိုင်ဖို့ အမြဲသင်ယူနေရပါမယ်။ ဥပမာ သင်ဟာ ဘာသာစကား အသစ်တစ်ခုကို သင်ယူနေမယ်ဆိုရင် ကိုယ်လေ့လာထားသမျှကို အကျိုးရှိစေဖို့အတွက် အဲ့ဒီဘာသာစကားကို ဆက်လက်လေ့လာလေ့ကျင့်နေဖို့ လိုအပ်ပါတယ်။

၃။ နည်းလမ်းအမျိုးမျိုးနဲ့ သင်ယူပါ။

သင်ယူတဲ့အခါမှာ အကောင်းဆုံးနည်းလမ်း တစ်ခုကတော့ တစ်နည်းထက် ပိုပြီး အာရုံစိုက်လေ့လာခြင်းပဲ ဖြစ်ပါတယ်။ အကြားအာရုံတစ်ခုနဲ့တင်မကဘဲ အမြင်အာရုံနဲ့ နုတ်ကနေပါ လေ့ကျင့်လို့ရအောင် နည်းလမ်းတွေ ရှာသင့်ပါတယ်။ ဥပမာ ပြောနေတဲ့အသံကို နားထောင်ခြင်းနဲ့အတူ မှတ်စုရေးထားခြင်း၊ နုတ်ကနေအသံထွက်အောင် ရွတ်ဆိုခြင်းဟာလည်း အာရုံစူးစိုက်မှုပိုရှိပြီး မှတ်မိလွယ်ပါတယ်။ မှတ်စုရေးတဲ့အခါ လက်ရေးဖြင့် ချရေးထားခြင်းဟာ ကိုယ့်ရဲ့ဦးနှောက်ထဲမှာ ပိုပြီးမှတ်မိစေနိုင်သလို ကိုယ်သင်ယူထားသမျှကို သူငယ်ချင်းတွေကို ပြန်ရှင်းပြပေးတာဟာလည်း လေ့လာရာမှာ ပိုပြီးထိရောက်မှု ရှိပါတယ်။ ပြန်ရှင်းပြလိုက် ခြင်းအားဖြင့် အဲ့ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ပိုနားလည်သွားနိုင်သလို ကိုယ် ဘယ်နေရာမှာ မှားနေလဲဆိုတာကိုပါ သိရှိနိုင်ပါတယ်။

၄။ ပြန်လည်သင်ကြားပေးပါ။

တစ်ခုခုကို လေ့လာနေတယ်ဆိုရင် အဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး တခြားသူတွေကို ပြန်လည်မျှဝေ သင်ကြားပေးခြင်းက လေ့လာသင်ယူတဲ့အခါမှာ အကျိုးရှိပြီး ထိရောက်တဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ဥပမာ သင်က Programming language အသစ်တစ်ခုကို လေ့လာနေတယ် ဆိုကြပါစို့။ ဒီ Language နဲ့ပတ်သတ်ပြီး ကိုယ်သိသမျှ အရာအားလုံးကို သူငယ်ချင်းတွေကို ဒါမှမဟုတ် တစ်ခြားသူတွေကို ပြန်လည်သင်ပြပေးလိုက်ပါ။ ဒါဆို ကိုယ်လေ့လာထားသမျှကို ပိုမှတ်မိသွားနိုင်ပြီး ဒီ Language ကို ရှေ့ဆက်ပြီး လေ့လာဖို့အတွက်လည်း စိတ်ပါဝင်စားမှုတွေ ရရှိလာနိုင်သလို ကိုယ့်ရဲ့လေ့လာသင်ယူမှုဟာလည်း အကျိုးရှိတဲ့ သင်ယူမှု ဖြစ်လာပါလိမ့်မယ်။

၅။ သင်ယူထားပြီးတဲ့ အရာများအပေါ် ပြန်လည်အသုံးချပါ။

သင်ယူထားပြီးတဲ့ အရာတွေအပေါ် ပြန်လည်အသုံးချခြင်းကလည်း လေ့လာသင်ယူမှုအပေါ်မှာ ထိရောက်မှု ရှိစေပါတယ်။ ဥပမာ Programming Language တစ်ခုကို လေ့လာပြီးပြီဆိုရင် ဒီ Language ပေါ်အခြေခံပြီး နောက်ထပ်ဘာတွေ ထပ်ပြီးလေ့လာလို့ရလဲ၊ ရတဲ့အရာတွေကို ထပ်ဆောင်းလေ့လာသင့်ပါတယ်။ ဒါမှသာ လေ့လာထားသမျှ အရာအားလုံးက ကိုယ့်အတွက် အကျိုးရှိမှာပါ။ လေ့လာပြီး ဘာမှဆက်မလုပ်ဘဲ ဒီတိုင်း ထားမယ်ဆိုရင်တော့ လေ့လာမှုက အကျိုးရှိမှာ မဟုတ်ပါဘူး။

၆။ လက်တွေ့ လေ့ကျင်မှုများ ပြုလုပ်ပါ။

ကိုယ်လေ့လာထားသမျှ အကျိုးရှိဖို့ဆိုရင် လေ့လာထားသမျှအရာတွေကို လက်တွေ့လေ့ကျင်မှုများ ပြုလုပ် သင့်ပါတယ်။ ဥပမာ Web Design နဲ့ပတ်သက်ပြီး လေ့လာထားတယ်ဆိုရင် Website အသေးစားလေး တစ်ခုဖြစ်အောင် ဆောက်ကြည့်တာမျိုးတွေကို လက်တွေ့ကျကျ လေ့ကျင့်သင့်ပါတယ်။ လက်တွေ့ လေ့ကျင့် မထားဘူးဆိုရင် မှတ်မိဖို့ ခက်ခဲနိုင်သလို ကြာရင်မေ့သွားနိုင်ပြီး ကိုယ့်ရဲ့လေ့လာထားမှုဟာလည်း အချိန်ကုန်တာပဲ အဖတ်တင်ပါလိမ့်မယ်။

၇။ အမှားလုပ်ဖို့ မကြောက်ပါနဲ့။

သင်ယူလေ့လာတဲ့အခါ အမှားလုပ်မိမှာကို မကြောက်ပါနဲ့။ ဘယ်အရာမဆို အမှားနဲ့မကင်းပါဘူး။ အမှားလုပ်မိမှ ကိုယ့်ရဲ့အမှားကိုမြင်ပြီး အမှန်ကိုပြင်လို့ရမှာ ဖြစ်ပါတယ်။ အမှန်ကိုပြင်ဖို့အတွက် ကြိုးစားအားထုတ်ရင်းနဲ့ ကိုယ် လေ့လာနေတဲ့အရာပေါ်မှာ ပိုပြီးသဘောပေါက် နားလည်လာပါလိမ့်မယ်။

၈။ နေရာပေါင်းစုံကနေ လေ့လာတဲ့ အလေ့အကျင့်ကို လုပ်ပါ။

 တစ်ခုခုကို လေ့လာတဲ့အခါ တစ်နေရာတည်းကနေ လေ့လာတာထက် နေရာပေါင်းစုံကနေ လေ့လာတာဟာ ပိုပြီး ထိရောက်ပါတယ်။ တစ်နေရာတည်းကနေပဲ လေ့လာနေမယ်ဆိုရင် ကြာလာရင် ပျင်းရိလာတတ်ပါတယ်။ လက်ရှိ ခေတ်ဟာ နည်းပညာခေတ်ဖြစ်တဲ့အတွက် အင်တာနက်ပေါ်မှာ နေရာပေါင်းစုံကနေ လေ့လာလို့ရပါတယ်။ စာအုပ်တွေ၊ စာစောင်တွေ၊ video file တွေ၊ Websites  တွေ အစရှိတဲ့ လေ့လာလို့ရတာတွေ အများကြီးရှိပါတယ်။ နေရာပေါင်းစုံကနေ လေ့လာခြင်းအားဖြင့် အကြောင်းအရာတွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာနိုင်ပြီး နောက်ထပ် အသစ်အသစ်သော အရာတွေကို လေ့လာချင်တဲ့စိတ်တွေလည်း ဖြစ်ပေါ်လာစေနိုင်ပါတယ်။

၉။ တစ်ပြိုင်နက်တည်းမှာ တစ်ခုထက်ပိုပြီး လေ့လာတာမျိုး မလုပ်ပါနဲ့။

 အကြောင်းအရာ (၂) ခု ဒါမှမဟုတ် (၃) ခု ကို တစ်ပြိုင်နက်တည်းမှာ မလေ့လာသင့်ပါဘူး။ အဲ့လိုလေ့လာခြင်းဟာ တစ်ခုချင်းစီပေါ်မှာ အာရုံစူးစိုက်မှု လျော့ပါးသွားနိုင်ပြီး ဟိုဟာလည်းသေချာမသိ ဒါကိုလည်း သေချာ နားမလည်ဆိုတဲ့ အကျိုးဆက်ကို ရရှိနိုင်ပါတယ်။ သေချာနားမလည်တဲ့အတွက် ကိုယ်လေ့လာထားမှုဟာ ပြန်လည် အသုံးချတဲ့အခါ အသုံးဝင်မှာ မဟုတ်ပါဘူး။ သင်ယူထားသမျှ အကျိုးရှိနေဖို့အတွက် ဘယ်လိုနည်းလမ်းတွေနဲ့သင်ယူရင် ပိုပြီး ထိရောက်မှုရှိတယ်ဆိုတာကို ဖော်ပြထားတဲ့ သင်ယူမှုနည်းစနစ်တွေကို စူးစမ်းလေ့လာကြည့်ဖို့ အရေးကြီးပါတယ်။ အာရုံစူးစိုက်ခြင်းနဲ့ နည်းလမ်း အမျိုးမျိုးဖြင့် သင်ယူခြင်းအစရှိတဲ့ နည်းဗျူဟာများက အထောက်အကူပေးနိုင်သလို အကြောင်းအရာ အသစ်များကို မှန်မှန်သင်ယူခြင်း၊ တစ်နေရာတည်းကနေ လေ့လာတာမျိုးမဟုတ်ဘဲ နေရာများစွာကနေ လေ့လာတဲ့ အလေ့အကျင့်ကို ပြုလုပ်ခြင်းက သင်ယူတဲ့အခါ ပိုပြီးအကျိုးသက်ရောက်မှုရှိဖို့ အထောက်အကူ ပေးနိုင်မယ့် နည်းလမ်းများ ဖြစ်ကြပါတယ်။

 

How to Learn More Effectively: 10 Learning Techniques to Try (verywellmind.com) မှ သင့်တော်သလို ကိုးကားပြီး ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

Daw Sandi Su Hlaing 

B.C.Sc, (U.C.S.Y) ,

B.C.Sc, (Hons) (U.C.S.Y),

M.C.Sc, (U.C.S.Y)