အထက်လူကြီး သဘောကျအောင် ဘယ်လိုလုပ်ဆောင်သင့်သလဲ?

ဘယ်လုပ်ငန်းခွင်တွင်မဆို လုပ်ဖော်ကိုင်ဖက်များနဲ့ ပေါင်းသင်းဆက်ဆံတတ်ဖို့ အရေးကြီးပေမယ့် သင့်ရဲ့အထက်လူကြီးနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးရှိခြင်းက အသက်မွေး၀မ်းကြောင်းလုပ်ငန်းတစ်လျှောက်မှာ ရေရှည်အောင်မြင်ဖို့အတွက် ပိုမိုလွယ်ကူစေပါတယ်။ အလုပ်ရှင်က သင့်ရဲ့လုပ်ရည်ကိုင်ရည်ကို သဘောကျနှစ်သက်တဲ့အခါမှာ ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းများ၊ ယုံကြည်မှုများ တိုးမြင့်လာပြီး ပိုမိုပံ့ပိုးပေးနိုင်တဲ့ အလုပ်ပတ်ဝန်းကျင်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ လမ်းကြောင်းမှန်တဲ့ personal နဲ့ professional သဘောထားများကို ထိန်းသိမ်းထားခြင်းကလည်း သင့်ရဲ့နေ့စဉ်လုပ်ငန်းခွင်ကို ပိုမိုလွယ်ကူစေပြီး ရေရှည်မှာ အောင်မြင်မှုရရှိစေနိုင်မယ့် အနေအထားကို ပို့ဆောင်ပေးနိုင်ပါတယ်။ ဒီဆောင်းပါးမှာ သင့်ရဲ့အလုပ်ရှင်နဲ့ သဟဇာတဖြစ်စေဖို့အတွက် လက်တွေ့ကျတဲ့ အကြံပြုချက်များအကြောင်းကို ဆွေးနွေးထားပါတယ်။

သင့်အလုပ်ရှင်က သင့်ကိုသဘောကျဖို့ ဘာကြောင့်အရေးကြီးတာလဲ?

သင်နဲ့ အထက်လူကြီးတို့ရဲ့ ဆက်ဆံရေးက သင့်ဘဝရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ အောင်မြင်မှုအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နိုင်ပါတယ်။ အလုပ်ရှင်နဲ့ အပြုသဘောဆောင်တဲ့ အပြန်အလှန်ဆက်ဆံရေးများက သင့်ရဲ့စိတ်ဖိစီးမှုများကို ကန့်သတ်နိုင်ပြီး ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်လည်း အကျိုးပြုနိုင်ပါသေးတယ်။

အခွင့်အလမ်းများရဖို့အတွက် သင့်ဘက်မှ စတင်လှုပ်ရှားလိုက်ပါ။

အလုပ်ရှင်တိုင်းမှာ ကွဲပြားတဲ့အလေ့အကျင့်များနဲ့ မတူညီတဲ့မျှော်လင့်ချက်များ ရှိတက်ကြပါတယ်။ ဒါ့ကြောင့် အထက်လူကြီးရဲ့ စီမံခန့်ခွဲမှုပုံစံ၊ နှစ်သက်မှုများနဲ့ ပန်းတိုင်များကို နားလည်ဖို့အတွက် အချိန်ယူလေ့လာရမှာ ဖြစ်ပါတယ်။ လုပ်ငန်းခွင်အခက်အခဲပြဿနာများ ဖြစ်ပေါ်လာတဲ့အခါမှာ သင်က တိကျခိုင်မာတဲ့ ဖြေရှင်းချက်များ ပေးနိုင်အောင်လည်း ကြိုးစားရပါမယ်။ အထက်လူကြီးက တခြားသူများနဲ့ ဘယ်လိုဆက်ဆံတယ်ဆိုတာကိုသတိပြုပြီး သင့်ရဲ့ချဉ်းကပ်ပုံနဲ့အညီ လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ရမှာဖြစ်ပါတယ်။ သင့်ရဲ့အလုပ်လုပ်တဲ့ပုံစံကို သူတို့ရဲ့မျှော်လင့်ချက်များနဲ့အညီ ချိန်ညှိခြင်းက သူတို့ရဲ့အမြင်မှာ တာဝန်ယူမှုရှိတာကိုပြသနိုင်ပြီး မျက်နှာသာရရှိဖို့အတွက် အခွင့်အလမ်းများရှိပေလိမ့်မယ်။

မိမိကိုယ်ကိုယ် တာဝန်ခံမှုရှိပါ။

အမှားလုပ်မိရင် တာဝန်ယူမှု၊ တာ၀န်ခံမှုရှိရပါမယ်။ အမှားလုပ်မိတဲ့အခါမှာ တောင်းပန်ခြင်းက ယုံကြည်မှုကိုတည်ဆောက် နိုင်ပြီး အလုပ်ရှင်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို တိုးပွားလာစေနိုင်ပါတယ်။ ဒါဟာ သင့်ရဲ့သစ္စာရှိမှုနဲ့ ရိုးသားမှုကိုလည်း ပြသရာ ရောက်ပါတယ်။

သင့်လျော်စွာ ဝတ်စားဆင်ယင်ပါ။

လုပ်ငန်းခွင်အသီးသီးမှာ မတူညီတဲ့ ၀တ်စားဆင်ယင်ပုံများရှိပေမယ့် များသောအားဖြင့် အလုပ်ခွင်နဲ့သင့်လျော်တဲ့ အသွင်အပြင်ကိုရွေးချယ်ခြင်းက ပိုမိုကောင်းမွန်ပါတယ်။ အဲဒီလိုဝတ်စားခြင်းက အသေးစိတ်အချက်အလက်တွေကအစ အာရုံစူးစိုက်ပြီး စေ့စပ်မှုရှိကြောင်းကိုလည်း ပြသရာရောက်ပါတယ်။

အချိန်တိကျမှုရှိပါစေ။

အလုပ်ခွင်ကိုလာတဲ့အခါမှာ အချိန်မီ (ဒါမှမဟုတ်) စောစောရောက်ဖို့ ကြိုးစားပါ။ သင့်ရဲ့အထက်လူကြီး (ဒါမှမဟုတ်) အလုပ်ရှင်ရောက်လာတဲ့အခါမှာ သင်က အဆင်သင့်ဖြစ်နေပြီး တစ်စိုက်မတ်မတ်အလုပ်လုပ်လိုတဲ့ ဆန္ဒရှိနေတာကို တွေ့တဲ့အခါမှာ သင့်ရဲ့အားကိုးရနိုင်မှုက သူတို့ရဲ့ယုံကြည်ချက်ကို တည်ဆောက်နိုင်အောင် ကူညီပေးနိုင်ပါတယ်။

အထက်လူကြီးကို အစီရင်ခံစာတင်ပြပါ။

လုပ်ငန်းခွင်မှာ ကြုံတွေ့နေရတဲ့ ပြဿနာမှန်သမျှကို သင့်ရဲ့အထက်လူကြီးကို ကြိုတင်ပြောပြထားရပါမယ်။ ဥပမာ (ပရောဂျက်တစ်ခုက သတ်မှတ်ထားတဲ့အချိန်ဇယားထက်နောက်ကျစွာ လုပ်ဆောင်နေရပြီး အချိန်ဇယားကို ချိန်ညှိဖို့ လိုအပ်နေတဲ့ အကြောင်းအရာများ)။ စက္ကန့်မလပ် အမြဲပြောင်းလဲနေတဲ့ သတင်းအချက်အလက်များကို အလုပ်ရှင်တွေဆီ  အဆင်ပြေတဲ့ ဆက်သွယ်မှုနည်းလမ်းများနဲ့ ချက်ချင်းဆက်သွယ်ရပါမယ်။ သင်ပြီးမြောက်ခဲ့တဲ့ အရာများ၊ တိုးတက်မှုများ၊ စိန်ခေါ်မှုများ၊ အောင်မြင်မှုများနဲ့ လုပ်ဆောင်မယ့် အလုပ်များအကြောင်းကို အထက်လူကြီးထံ အစီရင်ခံစာတင်ပြရပါမယ်။ အဲဒီလိုလုပ်ဆောင်ခြင်းဖြင့် သင်က အမြဲတက်ကြွနေပြီး အလုပ်ကို အလေးအနက်ထားလုပ်ဆောင်နေကြောင်း သူတို့ကို အသိပေးနေသလို ဖြစ်နေပေလိမ့်မယ်။

ပေါင်းသင်းဆက်ဆံရေးတိုးတက်ဖို့ အခွင့်အလမ်းများကို အသုံးချပါ။

Holiday Party များနဲ့ Team building ပွဲများက အထက်လူကြီးများ၊ လုပ်ဖော်ကိုင်ဖက်များနဲ့ ရင်းနှီးမှုရရှိဖို့အတွက် အခွင့်အရေးကောင်းများ ပေးနိုင်ပါတယ်။ သူတို့ကို ပုဂ္ဂိုလ်ရေးအရ ပိုမိုရင်းနှီး သိကျွမ်းဖို့ကြိုးစားခြင်းက လုပ်ငန်းခွင်အတွက် ပိုမိုအဆင်ပြေစေပါတယ်။

သင့်ရဲ့လုပ်ဆောင်နိုင်တဲ့ဘောင်အတွင်း ကန့်သတ်ချက်တွေအပေါ်မှာ ရိုးသားပါ။

သင့်ဆီရောက်ရှိလာမယ့် ပရောဂျက်တိုင်းကို လုပ်ဆောင်ဖို့ တာ၀န်ယူလက်ခံနိုင်ပေမယ့်လည်း သင်လုပ်ဆောင်နိုင်မယ့် ကန့်သတ်ချက်များအတွင်း လုပ်ဆောင်ခြင်းကသာ အရည်အသွေးမြင့်ရလဒ်များကို ရရှိစေမှာဖြစ်ပါတယ်။ လုပ်ဆောင်နိုင်တဲ့ အတိုင်းအတာအပြင်ဘက် သတ်မှတ်ချက်တစ်ခုကို ရောက်တဲ့အခါမှာ အထက်လူကြီးကို ရိုးရိုးသားသားပြောဆို အသိပေးရမှာ ဖြစ်ပါတယ်။

အသင်းအဖွဲ့စိတ်ဓာတ်နဲ့ လုပ်ဆောင်နိုင်သူဖြစ်ပါစေ။

အလုပ်ရှင်များက သူတို့အဖွဲ့ရှိလူများ ဘယ်လိုပူးပေါင်းဆောင်ရွက်နေတယ်ဆိုတာကို သတိပြုမိတာကြောင့် တခြားသူများနဲ့ ကောင်းစွာပူးပေါင်းလုပ်ဆောင်နိုင်ကြောင်း ပြသဖို့လိုအပ်ပါတယ်။ သင့်ရဲ့ အသိပညာနဲ့ အရည်အချင်းများကို အသင်းဖော်များနဲ့ မျှဝေပြီး သူတို့ရဲ့အလုပ်မှာ အခက်အခဲများကြုံနေရပါက တခြားသူများကို ကူညီဖို့ကြိုးစားပါ။ Team Building လုပ်ဆောင်မှုများမှာ သင်ကိုယ်တိုင်ဦးဆောင်ပြီး စေတနာ့ဝန်ထမ်းအဖြစ် လုပ်ဆောင်သင့်ပါတယ်။

သင့်အလုပ်ရှင်နဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့အတွက် အားထုတ်မှုနဲ့ ချဉ်းကပ်မှုတို့က မဖြစ်မနေ လိုအပ်ပါတယ်။ သင့်အလုပ်ရှင်ရဲ့ မျှော်လင့်ချက်များကို နားလည်သဘောပေါက်ခြင်း၊ ထိထိရောက်ရောက် ပြောဆိုအကြံပေးခြင်းနဲ့ လုပ်ငန်းခွင်မှာ ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ဆောင်နိုင်မှုတို့ကို ထိန်းသိမ်းခြင်းဖြင့် သင့်ရဲ့အခွင့်အလမ်းများ သိသိသာသာ တိုးတက်စေနိုင်ပါတယ်။ သင့်အထက်လူကြီးနဲ့ ခိုင်မာတဲ့ဆက်ဆံရေးရှိခြင်းက အလုပ်တည်မြဲမှုကို စိတ်ချရစေပြီး ၊အခွင့်အလမ်းများ တိုးပွားလာစေကာ ပိုမိုအကျိုးရှိတဲ့ အသက်မွေး၀မ်းကြောင်းခရီးကို ဖြစ်ပေါ်စေနိုင်ပါတယ်။

Indeed.com Career Guide website မှ How To Make Boss Like You ဆောင်းပါးကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

 

Daw Zin Lin Htet

BE (Civil-MGTU)

M.Sc (Construction Project Mgt),

Heriot-Watt University