" ကမ္ဘာကျော် McDonald's ကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ စီမံခန့်ခွဲမှုကို လေ့လာခြင်း "

McDonald's ဆိုတာ အားလုံးသိတဲ့ ကမ္ဘာကျော် စားသောက်ဆိုင်တစ်ဆိုင်ပဲ ဖြစ်ပါတယ်။ McDonald's ရဲ့ နာမည်ကြီးရတဲ့ အကြောင်းအရင်းများထဲက တစ်ချက်ကတော့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ စီမံခန့်ခွဲမှုကြောင့်ပဲ ဖြစ်ပါတယ်။ ဒါဆိုရင် သူတို့က လုပ်ငန်းကို ဘယ်လို လည်ပတ်နေတာလဲ?

McDonald's ဟာ လုပ်ငန်းအတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းများ ဝယ်ယူခြင်းကစလို့ နောက်ဆုံး စားသုံးသူလက်ထဲရောက်တဲ့အထိ တောက်လျှောက်ကို သေချာစွာစီမံခန့်ခွဲမှု လုပ်ထားတာဖြစ်ပါတယ်။ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ စီမံခန့်ခွဲမှုရဲ့ အဓိကကျတဲ့ နယ်ပယ် (၁၀) နေရာနဲ့သက်ဆိုင်တဲ့ မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်များကို သေချာစွာသတ်မှတ်အကောင်အထည်ဖော်ပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီမဟာဗျူဟာမြောက်ဆုံးဖြတ်ချက်(၁၀)ချက်ကို ဆောင်ရွက်တဲ့နေရာမှာလည်း McDonald's ဟာ ထုတ်လုပ်မှု ကုန်ကျစရိတ် တတ်နိုင်သမျှ နည်းပါးပြီး အမြင့်ဆုံးကုန်ထုတ်စွမ်းအားရရှိအောင် ရည်ရွယ်ပြီး လုပ်ဆောင်တာ ဖြစ်ပါတယ်။

McDonald's ရဲ့ လုပ်ငန်းလည်မှုဆိုင်ရာ စီမံခန့်ခွဲမှု - သေချာစဥ်းစားသင့်တဲ့ နယ်ပယ် (၁၀) ချက်

1.ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု ဒီဇိုင်း

လုပ်ငန်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ အကောင်းဆုံးထုတ်ကုန်များကို ထုတ်လုပ်ပေးဖို့ ဖြစ်ပါတယ်။ McDonald's ဟာ ဝန်ဆောင်မှု လုပ်ငန်းများရဲ့ စွမ်းဆောင်ရည်မြင့်မားဖို့နဲ့ ကုန်ပစ္စည်းများရဲ့အရည်အသွေး တစ်သတ်မတ်တည်းဖြစ်စေဖို့အတွက် ရည်ရွယ်ပြီး ဆောင်ရွက်တာဖြစ်ပါတယ်။ ဒါ့အပြင် အစားအစာပြင်ဆင်မှုမှာ ကုန်ကြမ်းပစ္စည်းပါဝင်မှု၊ လူအင်အား စသည်တို့ကို အလေအလွင့် နည်းအောင်လုပ်ပြီး ကုန်ပစ္စည်းများများ ထုတ်လုပ်နိုင်ခြင်းဟာ ထုတ်လုပ်မှုကုန်ကျစရိတ်ကို နည်းပါးစေပါတယ်။ နောက်တစ်နည်း ပြောရရင် ကုန်ပစ္စည်းတွေကို သတ်မှတ်စံချိန်စံညွှန်းနဲ့အညီ ပြုလုပ်တဲ့အခါ အစားအသောက်မီနူးနဲ့ ထုတ်ကုန်များ တစ်သမတ်တည်း ရှိမှုတွေကြောင့် ဝယ်ယူသူ စိတ်ကျေနပ်မှုကို ဖြစ်စေနိုင်ပါတယ်။

2. အရည်အသွေး စီမံခန့်ခွဲမှု

McDonald's ဟာ အရည်အသွေးစီမံခန့်ခွဲမှုမှာ အစားအစာ၊ အချိုရည်များနဲ့ ဝန်ဆောင်မှုတွေကို စားသုံးသူတွေရဲ့ အရည်အသွေး မျှော်လင့်ချက်၊ အကြိုက်တွေနဲ့ ကိုက်ညီအောင် ဆောင်ရွက်ထားပါတယ်။ ဒါ့အပြင် ကုမ္ပဏီပိုင်လုပ်ငန်း၊ franchised လုပ်ငန်းများနဲ့ လိုင်စင်ရထားတဲ့ လုပ်ငန်းတွေမှာလည်း စားသုံးသူတွေရဲ့ အကြိုက်တွေနဲ့ ကိုက်ညီမှုရှိအောင် စံသတ်မှတ်ချက်တွေ သေချာစွာချမှတ်ပြီး ဆောင်ရွက်ထားပါတယ်။ အခုလိုကုန်ပစ္စည်း စံနှုန်းသတ်မှတ်ခြင်းဟာ အရည်အသွေး တစ်သမတ်တည်းဖြစ်စေပြီး McDonald's အတွက် အားသာချက်တစ်ချက်လည်း ဖြစ်စေပါတယ်။

3. လုပ်ငန်းစဉ်နဲ့ စွမ်းဆောင်ရည်ဒီဇိုင်း

လုပ်ငန်းစဥ်နဲ့ စွမ်းဆောင်ရည်ဒီဇိုင်းဆိုတာ ဘာဂါနဲ့ကြက်ကြော် ထုတ်လုပ်ခြင်းတို့လို ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ဖို့ စဥ်းစားတဲ့ နယ်ပယ်တစ်ခု ဖြစ်ပါတယ်။ McDonald's မှာသုံးတဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ မဟာဗျူဟာကတော့ ပြိုင်ဘက်‌တွေကို ယှဥ်နိုင်တဲ့စျေးနှုန်းနဲ့ ရောင်းနိုင်ဖို့အတွက် ကုန်ပစ္စည်းထုတ်လုပ်မှုမှာ များများထုတ်ပြီး ကုန်ကျစရိတ် သက်သာတဲ့နည်းလမ်းကို သုံးထားတာဖြစ်ပါတယ်။ ဒီလိုများများထုတ်နိုင်ဖို့အတွက် McDonald's ဟာ ၎င်းတို့ စိတ်ကြိုက်ပြင်ဆင်ထားတဲ့ စက်ပစ္စည်းတွေကို သုံးထားပါတယ်။

4. တည်နေရာဗျူဟာ

McDonald's အောင်မြင်ဖို့အတွက် ပံ့ပိုးပေးတဲ့အထောက်အကူ များစွာရှိပါတယ်။ အဲ့ဒီထဲကတစ်ချက်က‌တော့ တည်နေရာဗျူဟာကို သေချာစွာ စဥ်းစားထားတာပဲ ဖြစ်ပါတယ်။ McDonald's ရဲ့ မဟာဗျူဟာမြောက်ရည်ရွယ်ချက်တွေထဲက တစ်ချက်ကတော့ စားသုံးသူများ လက်လှမ်းမီမှု၊ resources များလက်လှမ်းမီမှု၊ supply chain၊ ကုန်ကျစရိတ်နဲ့ ကုန်ထုတ်စွမ်းအားတို့အတွက် အကောင်းဆုံးဆိုတဲ့နေရာတွေကို ရယူထိန်းသိမ်းနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဥပမာ-McDonald's ရဲ့ ကုန်ပစ္စည်းထုတ်လုပ်တဲ့နေရာတွေဟာ စားသောက်ဆိုင်‌တွေအတွက် လိုအပ်ချက်တွေကို လွယ်လွယ်ကူကူဖြည့်ဆည်းနိုင်ဖို့ စီစဥ်ထားပါတယ်။ ဒ့ါအပြင် စျေးကွက်အများဆုံးရနိုင်ဖို့အတွက်လည်း ကုမ္ပဏီပိုင် လုပ်ငန်းတွေနဲ့ Franchised လုပ်ငန်းများစွာကိုလည်း တည်ထောင်ထားပါတယ်။ နောက်ပြီးတော့ McDonald's ရဲ့ တည်နေရာဗျူဟာ စဥ်းစားတဲ့နေရာမှာ အရောင်းဆိုင်‌တွေ၊ ကုမ္ပဏီရဲ့ဝဘ်ဆိုက်‌တွေနဲ့ မိုဘိုင်းအက်ပ်တွေကိုလည်း နေရာများအဖြစ် ထည့်သွင်းစဥ်းစား ထားပါတယ်။ ဒါ့အပြင် တခြားနေရာများကတော့ Walmart ၊ Costco ၊ Amazon နဲ့ Target တို့လို McCafé ထုတ်ကုန်တွေကို ပြင်ပမှ ဖြန့်ဖြူးရောင်းချသူများ (ဒါမှမဟုတ်) လက်လီရောင်းချသူများပဲ ဖြစ်ပါတယ်။ ဒီလိုနေရာတွေကနေတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ အသင့်စား အစားအသောက်ဆိုင်တွေဟာ သမားရိုးကျနည်းလမ်းအတိုင်း ဝယ်ယူသူ‌တွေနဲ့ အွန်လိုင်းမှတစ်ဆင့် ဝယ်ယူသူများထံ ရောက်စေတာပဲ ဖြစ်ပါတယ်။

5. အခင်းအကျင်းဒီဇိုင်းနဲ့ မဟာဗျူဟာ

အခင်းအကျင်းပြင်ဆင်မှုမှာလည်း McDonald's ဟာ လုပ်ငန်းရဲ့ resources တွေရော information တွေပါ မြန်မြန်ဆန်ဆန် ရောက်ရှိနိုင်ဖို့ စီစဥ်ထားပါတယ်။ အစားအသောက်လုပ်ငန်းတွေအတွက်သာမက တခြားသောလုပ်ငန်းတွေအတွက်ပါ သတင်းအချက် အလက်စီးဆင်းမှု မြန်ဆန်ခြင်းဟာ မြင့်မားတဲ့စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ပါတယ်။ တစ်နည်းပြောရရင် စားသောက်ဆိုင်များနဲ့ အရောင်းဆိုင်များမှာသုံးတဲ့ McDonald's ရဲ့ အခင်းအကျင်းဒီဇိုင်းဟာ သက်သောင့်သက်သာရှိပြီး ကျယ်ဝန်းမှုဖြစ်တယ်ဆိုတာထက် ‌‌နေရာကို သေချာစွာအသုံးချမှုနဲ့ ကုန်ထုတ်စွမ်းအားကို အမြင့်ဆုံးဖြစ်စေမယ့် အပြင်အဆင်များကို သုံးထားပါတယ်။ ဥပမာ-မီးဖိုချောင်ကို အစားအစာ ပြင်ဆင်မှုအဆင့်များအတိုင်း တစ်ဆင့်ပြီးတစ်ဆင့်သွားတဲ့ ဒီဇိုင်းထုတ်ထားပါတယ်။ ဒ့ါအပြင် စားသောက်ဆိုင်များမှာ များပြားလှတဲ့ ညစာစားပွဲများကို စီစဥ်နိုင်ဖို့ စားပွဲငယ်များစွာကိုလည်း စီစဉ်ပေးထားပါတယ်။

6. လူ့စွမ်းအားအရင်းအမြစ်နှင့် အလုပ်ဒီဇိုင်း

McDonald's မှာ လုပ်ငန်းတိုးတက်ဖို့အတွက် လုံလောက်တဲ့ ဝန်ထမ်းအင်အားကို ပြုစုပျိုးထောင်ဖို့နဲ့ ဝန်ထမ်းတွေကို ထိန်းထားနိုင်ဖို့ ရည်ရွယ်ချက်တွေ ပါဝင်ပါတယ်။ နိုင်ငံပေါင်းစုံမှာ လည်ပတ်နေတဲ့လုပ်ငန်းတွေဟာ သူတို့ဆိုင်တွေရဲ့ ဝန်ထမ်းလိုအပ်ချက်တွေကို တတ်နိုင်သမျှ ပံ့ပိုးပေး‌လေ့ရှိပါတယ်။ ဥပမာ-ကုမ္ပဏီဟာ အစားအသောက်ထုတ်လုပ်မှုနဲ့ ပြင်ဆင်မှုမှာ လိုအပ်တဲ့ကျွမ်းကျင်မှုတွေအတွက် စံသတ်မှတ်ထားတဲ့ လေ့ကျင့်ရေးအစီအစဉ် များစွာထားရှိပါတယ်။ လူ့စွမ်းအားအရင်းအမြစ်နဲ့ပတ်သက်ပြီး စဥ်းစားတဲ့နေရာမှာ တစ်ဦးချင်းနဲ့ အဖွဲ့အစည်းတစ်ခုလုံး သင်ယူနိုင်ဖို့ အလေးထားဆောင်ရွက်ကြပါတယ်။ McDonald's ရဲ့ အဖွဲ့အစည်းယဉ်ကျေးမှုဟာလည်း လွယ်ကူစွာ သင်ယူနိုင်ဖို့အတွက် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုပရိုဂရမ်များစွာကို စီစဥ်ပေးထားပါတယ်။

7. Supply Chain Management

အစားအသောက်ဝန်ဆောင်မှုကုမ္ပဏီတွေရဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာစီမံခန့်ခွဲမှုဟာ ကုမ္ပဏီရဲ့လိုအပ်ချက်များ ကိုက်ညီစေဖို့နဲ့ ကုန်ကြမ်းပစ္စည်း ရောင်းချပေးသူများကို အသိပေးဖို့ သတင်းအချက်အလက်နည်းပညာကို သုံးလေ့ရှိပါတယ်။ McDonald's မှာ စံချိန်စံညွှန်း မြင့်မားတဲ့ ကုန်ကြမ်းပစ္စည်းများရဖို့အတွက် ဒေသတွင်းရောင်းချသူများနဲ့ ပုပ်သိုးပျက်စီးလွယ်တဲ့ပစ္စည်းများအတွက် ဒေသဆိုင်ရာ ရောင်းချသူများ ပါဝင်ကြပါတယ်။ ကုန်ကြမ်းပစ္စည်းရောင်းချသူများရဲ့ ကုန်ထုတ်စွမ်းအားဟာ စားသောက်ဆိုင်လုပ်ငန်းရဲ့ ကုန်ထုတ်စွမ်းအား ပေါ်မှာလည်း သက်ရောက်မှုရှိပါတယ်။ ဒီလိုစဉ်းစားထားတဲ့အတွက် McDonald's ဟာ ကုန်ကြမ်းရောင်းချသူများ လိုက်နာဖို့လိုအပ်တဲ့ လူမှုရေးဆိုင်ရာ တာဝန်ယူမှု (CSR)၊ အစုအဖွဲ့ပိုင်စီမံခန့်ခွဲမှုဗျူဟာများ၊ တခြားလုပ်ငန်းဗျူဟာများနှင့် ပတ်သက်ပြီး မူဝါဒများနဲ့ စည်းမျဉ်းစည်းကမ်းများကိုလည်း သတ်မှတ်ထားပါတယ်။

8. ကုန်ပစ္စည်း စီမံခန့်ခွဲမှု

နောက်ထပ်လုပ်ငန်းလည်ပတ်မှုဆိုင်ရာ စီမံခန့်ခွဲမှုရည်ရွယ်ချက်တစ်ချက်က‌တော့ resources ရရှိနိုင်မှုမှာ အနှောင့်အယှက်အနည်းဆုံးနဲ့ လုပ်ငန်းလည်ပတ်မှုကို ချောမွေ့စေဖို့ဖြစ်ပြီး လုံလောက်တဲ့ ကုန်ပစ္စည်းတွေရှိနေတာ သေချာစေဖို့ပဲ ဖြစ်ပါတယ်။ ဒီစီမံခန့်ခွဲမှုမှာ ကုန်ကြမ်း ပစ္စည်းရောင်းချသူများဆီက ပစ္စည်းများကို လုပ်ငန်းတွေရဲ့လိုအပ်ချက်များအလိုက် ကုန်ပစ္စည်းကို လုပ်ငန်းလိုအပ်ရာနေရာဆီ တိုက်ရိုက် သော်လည်းကောင်း (ဒါမှမဟုတ်) နောက်ပိုင်းသုံးနိုင်ဖို့အတွက် စတိုမှာ သိမ်းထားခြင်းသော်လည်းကောင်း စီစဥ်ထားလို့ရပါတယ်။ ကုန်ပစ္စည်းစီမံခန့်ခွဲမှု ထိရောက်ခြင်းဟာ လုပ်ငန်းရဲ့ကုန်ထုတ်စွမ်းအားအပေါ် လွှမ်းမိုးမှု ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး McDonald's ဟာ သူ့ရဲ့ ဆိုင်တွေကို လိုအပ်တဲ့အရာများ ပံ့ပိုးပေးပြီး ကုန်ပစ္စည်းအတွက်ကုန်ကျစရိတ်ကို လျှော့ချနိုင်ဖို့ စီစဥ်ဆောင်ရွက်ထားပါတယ်။

9. Scheduling

ဒီနယ်ပယ်ရဲ့ မဟာဗျူဟာမြောက် ရည်မှန်းချက်က‌တော့ လုပ်ငန်းဟာ စားသုံးသူတွေကို ကျေနပ်စေဖို့ ကြိုးစားရာမှာ resources များနဲ့ လုပ်ငန်းရဲ့ပိုင်ဆိုင်မှုပစ္စည်းများကို အပြည့်အဝအသုံးချနိုင်ဖို့အတွက် အစီအစဥ် (Schedule) များရေးဆွဲပြီး သေချာစွာသုံးဖို့ပဲ ဖြစ်ပါတယ်။ ပုံမှန်အစီအစဥ် (Schedule) တွေကို McDonald's ရဲ့ ကော်ပိုရိတ်ရုံးများနဲ့ စားသောက်ဆိုင်တည်နေရာများအတွက် အသုံးပြုလေ့ရှိပါတယ်။ ဒ့ါအပြင် အစားအသောက်များအတွက်ဆိုရင်တော့ လုပ်ငန်းလည်ပတ်မှုများကို သေချာပံ့ပိုးနိုင်ဖို့ စျေးကွက်ဝယ်လိုအား မြင့်တဲ့အချိန်မှာ ရာသီအလိုက် အစီအစဥ် (Schedule) တွေကို ရေးဆွဲပြီး သုံးနိုင်ပါတယ်။ McDonald's နဲ့ လုပ်ဖော်ကိုင်ဖက်လုပ်ငန်းများအတွက် လုပ်ငန်းလိုအပ်ချက်များနဲ့ အစီအစဥ် (Schedule) ကိုက်ညီခြင်းက လုပ်ငန်းအတွက် များစွာအကျိုးဖြစ်ထွန်းစေနိုင်ပါတယ်။

10. ပြုပြင်ထိန်းသိမ်းမှု

ကုန်ထုတ်စွမ်းအားမြင့်နိုင်ဖို့အတွက် McDonald's ဟာ ၎င်းတို့ စားသောက်ဆိုင်တွေရဲ့ လိုအပ်ချက်များကို အမြဲစောင့်ကြည့်လေ့ ရှိပါတယ်။ စောင့်ကြည့်ပြီးရလာတဲ့ ရလဒ်တွေကို ပြုပြင်ထိန်းသိမ်းရေးအဖွဲ့တွေဆီ အကြောင်းကြားပြီး လိုအပ်တဲ့ ထိန်းသိမ်းမှုတွေကို ဆောင်ရွက်လေ့ရှိပါတယ်။ တစ်ခါတစ်ရံမှာ‌တော့ ဥပမာ- ချက်ပြုတ်တဲ့ကိရိယာတွေနဲ့ စက်ပစ္စည်းများ ပြုပြင်ခြင်းကဲ့သို့ တချို့အခြေ အနေတွေမှာ ပြင်ပကဝန်ဆောင်မှုပေးသူများကိုလည်း သုံးလေ့ရှိပါတယ်။ ဒါ့အပြင် လုပ်ငန်းလည်ပတ်နိုင်မှုစွမ်းရည်နဲ့ လူ့စွမ်းအားအရင်း အမြစ်များကိုလည်း လက်ရှိလိုအပ်ချက်များအလိုက် ပြုပြင်ထိန်းသိမ်းမှုကို လုပ်ဆောင်လေ့ရှိပါတယ်။

Daw Hninn Pwint Oo

B.Com (Q), M.Com (Meiktila University of Economics)

References

Gregory, L., 2023. McDonald’s Operations Management: 10 Critical Decisions, Productivity. [Online]

Available at: https://panmore.com/mcdonalds-operations-management-10...

[Accessed 23 December 2023].