5S စနစ်ကို အကောင်အထည်ဖော်ဖို့အတွက် အဆင့် (၁၀) ဆင့်

ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေမှာ ထိရောက်တဲ့ထုတ်လုပ်မှုနဲ့ စွမ်းဆောင်ရည် အများဆုံးရရှိပြီး ယှဉ်ပြိုင်နိုင်စွမ်း ရရှိဖို့ အရေးကြီးပါတယ်။ မလိုအပ်တဲ့အရာတွေနဲ့ စနစ်တကျမဟုတ်ဘဲ ရှုပ်ပွနေတဲ့ လုပ်ငန်းခွင်နေရာက အချိန်ဖြုန်းတီးခြင်း၊ အမှားများဖြစ်ပေါ်လာခြင်းနဲ့ ထုတ်လုပ်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းတို့ကို ဖြစ်စေပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်စီမံခန့်ခွဲမှုမှာ 5S နည်းလမ်းကိုအသုံးပြုခြင်းက အလုပ်လုပ်တဲ့နေရာကို စနစ်တကျဖြစ်စေပြီး သန့်ရှင်းမှုကို ထိန်းသိမ်းခြင်း၊ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များချမှတ်ခြင်း၊ မလိုတဲ့အရာတွေကို လျှော့ချခြင်းတို့ဖြင့် လုပ်ငန်းခွင်စွမ်းဆောင်ရည်ကို သိသိသာသာ တိုးတက်စေပါတယ်။ 5S ဟာ လုပ်ငန်းခွင်နေရာမှာ ထုတ်လုပ်မှုတိုးတက်စေခြင်း၊ လုံခြုံရေးစံနှုန်းများ တိုးတက်စေခြင်း၊ စနစ်တကျ ညီညွတ်မှုရှိတဲ့ အလုပ်နေရာပတ်ဝန်းကျင်တစ်ခုကို ပံ့ပိုးပေးနိုင်မယ့် နည်းလမ်းဖြစ်ကြောင်းကို လေ့လာ သွားပါမယ်။

“Lean Methodology ရဲ့ 5S”

Lean Methodology ရဲ့ နည်းလမ်းတစ်ခုဖြစ်တဲ့ 5S စနစ်ဟာ အလုပ်ခွင်နေရာရဲ့ စီမံခန့်ခွဲမှုနဲ့ ထိရောက်မှုကို တိုးတက်စေဖို့ အဓိကအချက်ဖြစ်ပါတယ်။ 5S မှာ Sort (အမျိုးအစားခွဲခြားခြင်း), Set in Order (အစီအစဉ် တကျနေရာချခြင်း), Shine (သန့်ရှင်းရေးပြုလုပ်ခြင်း), Standardise (စံနှုန်းများသတ်မှတ်ခြင်း) နဲ့ Sustain (အမြဲမပြတ်ပြုပြင်ထိန်းသိမ်းခြင်း) တို့ကို အခြေခံထားတဲ့ လမ်းညွှန်အချက်တွေ အခြေခံပါဝင်ပါတယ်။ 5S စနစ်က လုပ်ငန်းခွင်ကို စနစ်တကျစီစဉ်ထားခြင်း၊ သန့်ရှင်းမှုနဲ့ လုံခြုံမှုရှိခြင်းတွေကို သက်ဆိုင်ရာ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်များကတစ်ဆင့် အကောင်အထည်ဖော်ရပါတယ်။

ပထမအဆင့်မှာ Sort ဖြစ်ပြီး မလိုအပ်တဲ့ ပစ္စည်းများကို ဖယ်ရှားခြင်းဖြစ်ပါတယ်။ Set in Order ကတော့ လိုအပ်တဲ့ပစ္စည်းတွေကို သတ်မှတ်ထားတဲ့နေရာမှာ အစီအစဉ်တကျထားရှိခြင်းဖြစ်ပြီး Shine ကတော့ ပုံမှန်သန့်ရှင်းအောင်နဲ့ သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်ဆောင်တာပဲ ဖြစ်ပါတယ်။ Standardise က လုပ်ငန်းခွင်နဲ့ သင့်တော်တဲ့စံနှုန်းများ သတ်မှတ်ခြင်းဖြစ်ပါတယ်။ Sustain မှာတော့ အရင်အဆင့်များကို ဆက်လက်ပြုပြင်ထိန်းသိမ်းဖို့ အရေးကြီးတဲ့နောက်ဆုံးအဆင့်ပဲ ဖြစ်ပါတယ်။ 5S အဆင့်တွေကို အကောင်အထည်ဖော်ရာမှာ လုပ်ငန်းခွင်ထဲမှာ ဒီစနစ်ကို ထိထိရောက်ရောက်အသုံးချနိုင်ဖို့ အဆင့်ဆင့်စနစ်တကျ စစ်ဆေးမှုပြုလုပ်ခြင်း၊ ထိရောက်တဲ့စီမံခန့်ခွဲမှု နည်းလမ်းတွေအပေါ်မှာ အခြေခံလုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။

လုပ်ငန်းခွင်အတွင်း လုံလောက်တဲ့ လုံခြုံရေးရှိဖို့အတွက်ကိုလည်း Lean Methodology ထဲက အပေါ်မှာ ဖော်ပြခဲ့တဲ့ 5S အပြင် Safety ကို ဆဌမမြောက် “S” အဖြစ် ထည့်သွင်းစဉ်းစားနိုင်ပါသေးတယ်။ Safety ကို 5S စနစ်မှာထည့်သွင်းခြင်းက လုပ်ငန်းခွင်ထဲမှာ လုံခြုံရေးအလေးထားတာကို အထူးဖော်ပြနိုင်ပြီး ဝန်ထမ်းတွေအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဦးစားပေးနိုင်မှာပဲဖြစ်ပါတယ်။

“5S စနစ်ကို အကောင်အထည်ဖော်ခြင်း အဆင့် ၁၀ ဆင့် ”

၁။ 5S အဖွဲ့ကို ဖွဲ့စည်းခြင်း။ ။ 5S ကို စတင်လုပ်ဆောင်တဲ့အခါ တာဝန်ယူဆောင်ရွက်မယ့် စိတ်ဆန္ဒအပြည့်ရှိတဲ့ 5S အဖွဲ့တစ်ခုကို ဖွဲ့စည်းရပါမယ်။ ဒီအဖွဲ့က 5S စနစ်အားလုံးကို ဦးဆောင်မယ့် အချိတ်အဆက်ကွန်ရက်တစ်ခု တည်ဆောက်ပြီး လုပ်ဆောင်ပါမယ်။ အဖွဲ့မှာ လုပ်ငန်းရဲ့ ဌာနစုံကလူတွေ ပါဝင်စေဖို့ စီစဉ်ရပါမယ်။ လက်ရှိ လုပ်ငန်းစဉ်တွေ၊ လုပ်ငန်းလုပ်ဆောင်မှုတွေနဲ့ များသောအားဖြင့်ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကို နားလည်တဲ့ ကိုယ်စားလှယ်တွေပါဝင်ဖို့ လိုအပ်ပါတယ်။ ဒီအဖွဲ့က 5S အကောင်အထည်ဖော်ခြင်းလုပ်ငန်းစဉ် အောင်မြင် စေဖို့ လိုအပ်တဲ့လုပ်ငန်းခွင်ယဉ်ကျေးမှု အပြောင်းအလဲကိုလည်း ဦးဆောင် ဆောင်ရွက်ရပါမယ်။

၂။ Gemba Walk လုပ်ဆောင်ခြင်း။ ။ 5S စနစ်ကို စတင်မလုပ်ဆောင်မီ ပထမဆုံးအလုပ်ခွင်နေရာအတွင်း Gemba Walk ဆောင်ရွက်မှုကို လုပ်ဆောင်ရပါမယ်။ Gemba Walk ဆိုသည်မှာ လက်တွေ့အလုပ်ခွင်နေရာသို့ လူကိုယ်တိုင် သွားရောက်လေ့လာအကဲဖြတ်ခြင်းကို ဆိုလိုပါတယ်။ Gemba Walk လုပ်ငန်းစဉ်မှာ 5S အဖွဲ့နဲ့ ဦးဆောင်သူတွေက အလုပ်သမားတွေနဲ့တွေ့ဆုံပြီး မေးခွန်းများမေးမြန်းကာ လက်ရှိအလုပ်ခွင်နေရာရဲ့ အခြေအနေများ၊ လုပ်ငန်းလုပ်ဆောင်မှုများ၊ လုပ်ငန်းခွင်အခြေအနေ ပိုမိုတိုးတက်စေမယ့် အခွင့်အလမ်း များကို ရှာဖွေရပါမယ်။

၃။ လုပ်ငန်းခွင်ဧရိယာကို စနစ်တကျ သတ်မှတ်ခြင်း (Zone Wise) ။ ။ Gemba Walk ပြီးနောက် အလုပ်ခွင်ကို လုပ်ငန်းခွင်ဒီဇိုင်းနဲ့ အလုပ်နေရာ ဧရိယာတစ်ခုစီမှာ ဆောင်ရွက်နေတဲ့ လုပ်ငန်းရဲ့လုပ်ငန်းစဉ်လိုက် သူ့အပိုင်းနဲ့သူ ဇုန်တွေ ခွဲခြားထားရပါမယ်။ ပြီးရင် ဇုန်တစ်ခုချင်းစီမှာ 5S စနစ်အကောင်အထည်ဖော်နိုင်ဖို့ တာဝန်ရှိတဲ့ အဖွဲ့ဝင်တစ်ဦးချင်းစီကို လွှဲအပ်ပေးရပါမယ်။ ဧရိယာဇုန်တွေကို အဖွဲ့ဝင်တွေထံ လွှဲအပ် ပေးခြင်းက သန့်ရှင်းမှု၊ စည်းကမ်းတကျ နေရာချထားမှုအပေါ် တာဝန်ယူမှုကို နားလည်စေဖို့နဲ့ တာဝန်ခံမှုရှိစေဖို့ အထောက်အကူ ဖြစ်စေပါတယ်။

၄။ Sorting အဆင့် (Seiri)။ ။ Sorting အဆင့်ကို Seiri လို့လည်း ခေါ်ကြပြီး အလုပ်ခွင်မှာ မလိုအပ်တဲ့ ပစ္စည်းတွေကို ပယ်ဖျက်ခြင်းနဲ့ ဖယ်ရှားခြင်းပဲ ဖြစ်ပါတယ်။ ထိုဇုန်တစ်ခုစီမှာ ပါဝင်တဲ့ အဖွဲ့ဝင်တွေက လက်ရှိလုပ်ငန်းစဉ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေနဲ့ မလိုအပ်တော့တဲ့အရာတွေကို စိစစ်ကြ ပါတယ်။ ဒီအဆင့်မှာ အသုံးမလိုတော့တဲ့အရာတွေကို အနီ‌ရောင်အမှတ်အသားလုပ်ပြီး သတ်မှတ်ကြပါတယ်။ မလိုအပ်တဲ့ပစ္စည်းတွေကို ခွဲခြားသတ်မှတ်ပြီးနောက် အဲ့ဒီပစ္စည်းတွေကို စွန့်ပစ်ဖို့၊ နေရာရွှေ့ပြောင်းဖို့ ဒါမှမဟုတ် သင့်တော်တဲ့နေရာမှာ သိမ်းဆည်းဖို့ လိုမလို ဆုံးဖြတ်ကြရပါတယ်။ ဒီအဆင့်ရဲ့ ရည်မှန်းချက်က အသုံးလိုတဲ့ ပစ္စည်းများသာရှိပြီး ရှုပ်ပွမှုမရှိဘဲ ထိရောက်မှုရှိတဲ့ အလုပ်ခွင်တစ်ခု ဖန်တီးဖို့ ဖြစ်ပါတယ်။

၅။ Set In Order အဆင့် (Seiton)။ ။ Set In Order အဆင့်ကို Seiton ဟုလည်း ခေါ်ကြပြီး လက်ရှိ လုပ်ငန်းခွင်နေရာအတွက် လိုအပ်တဲ့ပစ္စည်းတွေကို တိကျတဲ့နေရာမှာ စနစ်တကျစီစဉ်ထားရှိခြင်းကို ဆိုလိုပါတယ်။ ဒီအဆင့်မှာ 5s အဖွဲ့က လုပ်ငန်းသုံးစက်ပစ္စည်းများ၊ ကုန်ပစ္စည်းတွေထားရှိမယ့် သင့်တော်တဲ့ နေရာကို သတ်မှတ်ပေးရပါမယ်။ ပစ္စည်းတိုင်းကို သတ်သတ်မှတ်မှတ် နေရာတစ်ခုပေးထားပြီး အမှတ် အသားများ၊ လမ်းညွှန်တွေကိုအသုံးပြုကာ အဲ့ဒီပစ္စည်းများ ထားသိုရာနေရာများကို အလွယ်တကူ ရှာနိုင်အောင် ညွှန်ပြပေးနိုင်ရပါမယ်။ အဲ့ဒီလိုစီစဉ်မှုက ပစ္စည်းတွေကို ရှာဖွေရမယ့်အချိန်ကို လျှော့ချပေးပြီး လုပ်ငန်းခွင်တစ်ခုလုံးရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပါတယ်။

၆။ Shine အဆင့် (Seiso)။ ။ Shine အဆင့်ကို Seiso လို့လည်း ခေါ်ကြပြီး အလုပ်ခွင်နေရာနဲ့ ပစ္စည်းတွေကို သန့်ရှင်းရေးပြုလုပ်ခြင်း၊ သေချာစွာထိန်းသိမ်းခြင်းတို့ ပါဝင်ပါတယ်။ ဒီအဆင့်ကို အကောင်အထည် ဖော်ဖို့အတွက် 5s အဖွဲ့က ဇုန်အလိုက် လူတိုင်းပါဝင်တဲ့ ပုံမှန်သန့်ရှင်းရေးအချိန်ဇယားကို သတ်မှတ်ထား ရပါမယ်။ အဲ့ဒီလိုလုပ်ဆောင်ခြင်းက လုပ်ငန်းခွင်ရဲ့ အသွင်အပြင်ကို မြှင့်တင်ပေးရုံသာမက ဖြစ်နိုင်ခြေရှိတဲ့ ဘေးကင်းလုံခြုံရေးဆိုင်ရာ အန္တရာယ်များ၊ စက်ပစ္စည်းဆိုင်ရာ ပြဿနာများကို ဆောလျင်စွာ ဖြေရှင်း နိုင်စေမယ့် အလားအလာတွေကို ရှာဖွေဖော်ထုတ်ရာမှာလည်း ကူညီပေးပါတယ်။ သန့်ရှင်းပြီး စနစ်တကျ လုပ်ဆောင်ထားတဲ့ ပတ်ဝန်းကျင်က အလုပ်သမားတွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးကာ ထုတ်လုပ်မှု တိုးတက်စေပြီး အရည်အသွေးလည်း တိုးမြင့်လာစေပါတယ်။

၇။ Standardise အဆင့် (Seiketsu)။ ။ Standardise အဆင့်ကို Seiketsu လို့လည်း ခေါ်ကြပြီး လုပ်ငန်းခွင်အတွင်းရှိ လုပ်ငန်းဧရိယာဇုန်တွေအားလုံးမှာ 5S စနစ်အတွက် စံပြလုပ်ငန်းစဉ်တွေ၊ စံပြလုပ်ဆောင်ချက် စည်းမျဉ်းစည်းကမ်းတွေကို သတ်မှတ်ထားခြင်းဖြစ်ပါတယ်။ အဖွဲ့က 5S ရဲ့ ဦးတည်ချက် တစ်ခုချင်းစီအတွက် ရှင်းလင်းပြတ်သားတဲ့ လမ်းညွှန်ချက်များ၊ စစ်ဆေးဖို့စာရင်းများနဲ့ မြင်သာတဲ့ စံနှုန်းတွေကို ပူးပေါင်းပြီး သတ်မှတ်ထားရပါမယ်။ ရေးဆွဲထားတဲ့စံနှုန်းတွေကို ကုမ္ပဏီအတွင်းမှာ လိုအပ်တဲ့ သင်တန်းပေးခြင်း၊ သတင်းအချက်များ ပုံမှန်ဆက်သွယ်ပေးခြင်းတို့ဖြင့် လုပ်ငန်းခွင်ရှိ လူတွေအားလုံး သိရှိလိုက်နာစေရမှာ ဖြစ်ပါတယ်။

၈။ Sustain အဆင့် (Shitsuke)။ ။ Sustain အဆင့်ကို Shitsuke ဟုလည်း ခေါ်ကြပြီး 5S အကောင်အထည်ဖော်ခြင်းရဲ့ နောက်ဆုံးနဲ့ အရေးအကြီးဆုံးအဆင့်ဖြစ်ပါတယ်။ ဒီအဆင့်မှာ 5S လုပ်ငန်းစဉ် တွေကို စဉ်ဆက်မပြတ်တိုးတက်စေမယ့် လုပ်ငန်းခွင်ယဉ်ကျေးမှုကို ဖန်တီးခြင်း၊ 5S မူဝါဒတွေအတွက် ရေရှည်ဆောင်ရွက်လိုစိတ် ကတိကဝတ်များ ပါဝင်ရပါမယ်။ 5S အဖွဲ့ရဲ့ ခေါင်းဆောင်တွေဟာ 5S စံနှုန်းတွေကို တက်ကြွစွာ ထိန်းသိမ်းထားတဲ့ ဝန်ထမ်းများအား feedback ပေးခြင်း၊ ဆုချီးမြှင့်ခြင်းဖြင့် 5S ကျင့်ထုံးများကို အားကောင်းလာစေဖို့ လုပ်ဆောင်ရပါမယ်။ 5S အဆင့်တွေကို အချိန်တိုင်းအမြဲ ပြုပြင်ထိန်းသိမ်းခြင်း အတွက် လုပ်ငန်းအတွင်း ဌာနအားလုံး၊ ရာထူးတာဝန်အဆင့်အားလုံးရဲ့ စဉ်ဆက်မပြတ် ကြိုးစားအား ထုတ်မှုနဲ့ စိတ်ထက်သန်မှု လိုအပ်ပါတယ်။

၉။ 5S စစ်ဆေးခြင်း။ ။ 5S စစ်ဆေးခြင်းဟာ 5S စနစ်ကို ဇုန်တစ်ခုစီရဲ့ လိုက်နာမှု၊ ပြုပြင်ပြောင်းလဲမှုများအပေါ် အခြေခံတဲ့ စစ်ဆေးခြင်း လုပ်ငန်းစဉ်ဖြစ်ပါတယ်။ စစ်ဆေးမှုကို ပုံမှန်ကြားကာလအတွင်း ပြုလုပ်ပြီး လုပ်ငန်းခွင်ရဲ့ အခြေအနေတွေကို အကဲဖြတ်ခြင်း၊ စံပြလုပ်ထုံးလုပ်နည်းများနဲ့အညီ လိုက်နာခြင်း၊ 5S နည်းစနစ်ကို အလုံးစုံ လိုက်နာမှု ရှိ/မရှိ စစ်ဆေးရပါတယ်။ 5S စစ်ဆေးမှုမှာ တခြားဌာနများမှ ကိုယ်စားလှယ်များလည်းပါဝင်သင့်ပြီး ကြိုတင်သတ်မှတ်ထားတဲ့ စစ်ဆေးရေးစာရင်း (checklist) ကို အသုံးပြုကာ စာရင်းစစ်လုပ်ဆောင်ပါတယ်။ စစ်ဆေးမှုရလဒ်များက တိုးတက်ရန်လိုအပ်တဲ့ ဧရိယာဇုန်တွေ၊ 5S စနစ်အကောင်အထည်ဖော်မှုရဲ့ ထိရောက်မှုကို သိသာမြင်သာစေဖို့ အထောက်အကူ ပြုပါတယ်။

၁၀။ 5S အချက်များအပေါ် ပြုပြင်ဆောင်ရွက်ခြင်း။ ။ နောက်ဆုံးအဆင့် 5S စစ်ဆေးမှုမှာ တွေ့ရှိတဲ့ ပြဿနာများနဲ့ တိုးတက်စေဖို့ အခွင့်အလမ်းများကို အမြန်ဆုံးချက်ချင်းဆောင်ရွက်ပါ။ 5S အဖွဲ့က ဝန်ထမ်းတွေ၊ ဇုန်အလိုက်ဦးဆောင်သူတွေနဲ့ ပူးပေါင်းပြီး လိုအပ်တဲ့ပြုပြင်မှုများ၊ လေ့ကျင့်သင်ကြား ပေးမှုများကို ထပ်ဆင့်ပြုလုပ်ကာ လုပ်ငန်းစဉ်တွေကို ထပ်မံတိုးတက်လာအောင် ဆောင်ရွက်ရပါမယ်။ 5S အလေ့အကျင့်များကို စဉ်ဆက်မပြတ် မြှင့်တင်ဖို့နဲ့ သန့်ရှင်းသော၊ စနစ်ကျသော၊ ထိရောက်သော လုပ်ငန်းခွင်တစ်ခု ရေရှည်တည်တံ့ဖို့အတွက် လုပ်ငန်းအတွင်း စဉ်ဆက်မပြတ်တိုးတက်မှုက အဓိက ဖြစ်ပါတယ်။

5S နည်းလမ်းဟာ အလုပ်ခွင်နေရာ စနစ်တကျဖြစ်စေခြင်း၊ ထိရောက်မှုနဲ့ လုံခြုံမှုများကို ကောင်းမွန်စေပါတယ်။ ဒီနည်းလမ်းက အလုပ်ခွင်နေရာတွေ စနစ်တကျဖြစ်စေတဲ့ လုပ်ငန်းစဉ်ကို ပံ့ပိုးပေးပြီး စွန့်ပစ်ပစ္စည်းများကို လျှော့ချခြင်း၊ ထုတ်လုပ်မှုတိုးတက်စေခြင်းနဲ့ အရင်းအမြစ်များကို ကောင်းစွာအသုံးပြု စေနိုင်တဲ့ စနစ်တစ်ခု ဖြစ်စေပါတယ်။ သန့်ရှင်းမှု၊ စည်းကမ်းရှိမှုတို့ကို မြှင့်တင်ခြင်းအားဖြင့် 5S လုပ်ငန်း စဉ်ဟာ စဉ်ဆက်မပြတ်တိုးတက်မှုကို အားပေးတဲ့ အပြုသဘောဆောင်တဲ့ အလုပ်ခွင်ယဉ်ကျေးမှုကို ဖြစ်ပေါ်စေပါတယ်။ ဒီလိုပုံဖော်ထားတဲ့ စနစ်တစ်ခုက အလုပ်သမားတွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ကာ မတော်တဆမှုများကို လျှော့ချပေးပြီး ပိုမိုလုံခြုံတဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို ဖန်တီးပေးပါတယ်။ 5S နည်းစနစ်ဟာ လုပ်ငန်းစဉ်များကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ဖို့၊ အရည်အသွေးကို တိုးမြင့်လာစေဖို့၊ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အကောင်းဆုံးအဆင့် ရောက်ရှိလာဖို့နဲ့ အဖွဲ့အစည်းအတွင်း ပိုမိုကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။

# Lean transition solutions ဝက်ဆိုဒ်မှာ Brett Griffiths ရေးသားတဲ့ 10 Steps for effective 5S implementation in your Industry ဆောင်းပါးကို ဆီလျော်အောင် မြန်မာပြန်ဆိုထားပါတယ်။

U Myo Htet Naing

B.Com (Hons), M.Com (YIE)