" ကိုယ့်ရဲ့စိတ်ကလေး ကျန်းမာစေဖို့ "

ကျန်းမာရေးနဲ့ပတ်သက်ရင် လူတော်တော်များများဟာ ကိုယ်ခန္ဓာကျန်းမာရေးကို ဦးစားပေးဂရုစိုက်မိကြပါတယ်။ ဒါပေမဲ့ စိတ်ရော ကိုယ်ပါကျန်းမာနေမှ ဒီလူတစ်ယောက်ဟာ ကျန်းမာပါတယ်လို့ သတ်မှတ်နိုင်တာကိုတော့ မေ့လိုက်လို့မရတဲ့အတွက် စိတ်ကျန်းမာရေးကလည်း အရေးပါတယ်လို့ ဆိုနိုင်ပါတယ်။ ဒီမှာ ဂရုပြုရမှာက စိတ်ကျန်းမာရေးမကောင်းဘူးဆိုတာ ရူးနေတာကို ဆိုလိုခြင်း မဟုတ်တာပါပဲ။ စိတ်ကျန်းမာရေးဟာ ကလေးအရွယ်ကစလို့ လူကြီးဖြစ်သည်အထိ အသက်အရွယ်တိုင်းမှာ အရေးပါလှပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေကြောင့် နောက်ဆက်တွဲ အနေနဲ့ ကိုယ်ခန္ဓာရဲ့ကျန်းမာရေးပါ ထိခိုက်လာနိုင်တာဖြစ်လို့ စိတ်ကျန်းမာရေးကို လူတိုင်း အထူးဂရုစိုက်သင့်ပါတယ်။

စိတ်ကျန်းမာရေးကို ထိခိုက်စေတာတွေကတော့ အကြောင်းအမျိုးမျိုးရှိနိုင်ပါတယ်။ ငယ်ငယ်က ပတ်ဝန်းကျင်မကောင်းတာတွေ၊ အနိုင်ကျင့်ခံရမှုတွေကနေ စိတ်ဒဏ်ရာရသွားတာမျိုးရှိသလို၊ အထီးကျန်တာတွေ၊ သီးသီးသန့်သန့်နဲ့ တစ်ကိုယ်တည်းဖြစ်လာတာတွေကလည်း စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ထို့အတူ အလုပ်ခွင်မှာ၊ ကျောင်းမှာ စိတ်အရမ်းဖိစီးတာ၊ မိသားစုဝင်အချင်းချင်း စိတ်ပိုင်းဆိုင်ရာဖိနှိပ်ခံရတာတွေကြောင့်လည်း စိတ်ကျန်းမာရေးကို ထိခိုက်လာစေနိုင်သလို ဆေးလိပ်၊ အရက်နဲ့ မူးယစ်ဆေးဝါး စတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

စိတ်ကျန်းမာရေး ထိခိုက်နေတာက်ို သိနိုင်ဖို့ကတော့ လူပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ တချို့က စကားအပြောအဆိုတွေ၊ အပြုအမူတွေကနေတစ်ဆင့် ခန်မှန်းနိုင်ပေမဲ့ ဘယ်လိုမှ ခန့်မှန်းမရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ mood swing အရမ်းဖြစ်နေတာမျိုး၊ အထီးကျန်နေတယ်လို့ ခံစားနေရတာမျိုးလည်း ရှိနိုင်သလို pressure တွေ၊ stress တွေပိတယ်လို့ ခံစားရတာ၊ အလိုလိုနေရင်း ဒေါသထွက်လွယ်၊ ဝမ်းနည်းလွယ် ဖြစ်နေတာကလည်း စိတ်ကျန်းမာရေးထိခိုက်နေကြောင်း ပြသနေတဲ့ လက္ခဏာရပ်တွေပါပဲ။

ဒီတော့ ကိုယ်ရဲ့စိတ်လေးကျန်းမာစေဖို့ ကိုယ့်ကိုယ့်ကို အရင်ဆုံးဂရုစိုက်ပေးရပါမယ်။ ကိုယ်ရဲ့ ကိုယ်ခန္ဓာကျန်းမာနေမှသာ စိတ်က ကြည်လင်လန်းဆန်းနိုင်တာ ဖြစ်ပါတယ်။ ဒီတော့ စားချိန်၊ အိပ်ချိန်တွေလည်း ပုံမှန်လုပ်ပေးပြီး နားတဲ့အချိန်မှာလည်း အပြည့်အဝ အနားယူသင့်ပါတယ်။ အချိန်ပေးရင်ပေးနိုင်သလို တရားထိုင်ပေးတာ၊ အကောင်းမြင်စိတ်မွေးတာ၊ ကိုယ့်ကိုယ့်ကိုသုံးသပ်ကြည့်တာ၊ ယောဂကျင့်တာ၊ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ အချိန်အတူတူကုန်ဆုံးတာတွေကို လုပ်ပေးခြင်းကလည်း ကိုယ့်ရဲ့ စိတ်အခြေအနေကို တိုးတက်လာစေနိုင်ပါတယ်။

“စိတ်ထောင်းလို့ ကိုယ်ကြေ” ဆိုတဲ့ရှေးစကားကို ကြည့်ခြင်းအားဖြင့် ကိုယ့်ရဲ့စိတ်ကျန်းမာရေးက ဘယ်လောက်အရေးပါလဲဆိုတာကို လူတိုင်းမှန်းဆမိနိုင်ပေမဲ့ တကယ်တမ်းကျ စိတ်ကျန်းမာရေးကို လျစ်လျူရှုမိတတ်ကြပါတယ်။ ဒါကြောင့် ဒီစာလေးကိုဖတ်ပြီး စိတ်ကျန်းမာရေးနဲ့ ပတ်သက်တာ၊ ကိုယ်အပေါ် သက်ရောက်တာတွေကို ဗဟုသုတရရှိပြီး မိမိရဲ့ စိတ်ကျန်းမာရေးကို ပြန်လည်သုံးသပ်မိကြနိုင်လိမ့်မယ်လို့ ယုံကြည်ရင်း ဒီစာလေးကို အဆုံးသတ်လိုက်ချင်ပါတယ်။

References

* https://www.cdc.gov/mentalhealth/learn/index.htm...

* https://www.verywellmind.com/the-importance-of-mental...

* https://www.nimh.nih.gov/.../caring-for-your-mental-health

Su Yadanar Htet

SFU-Media Club

Undergraduate Programme