ဝန်ထမ်းကောင်းတွေ ဘာကြောင့်အလုပ်ထွက်ကြတာလဲ?

ဝန်ထမ်းတစ်‌ယောက်အတွက် အလုပ်တစ်ခုရဖို့ဆိုတာ မလွယ်ကူတဲ့ကိစ္စပါ။ အလုပ်အကိုင်အခွင့်အလမ်း နည်းတာရော၊ ယခုလို Covid အလွန်ကာလမှာ အလုပ်ရှင်တွေက ဝန်ထမ်းအသစ်ခန့်ဖို့ အရမ်း စဥ်းစားကြတာကြောင့်ပဲ ဖြစ်ပါတယ်။ ဝန်ထမ်းတစ်ယောက်အတွက် အလုပ်အသစ်ရဖို့ခက်ခဲသလို အလုပ်သစ်မှာ ပြန်လည်စတင်လုပ်ကိုင်ဖို့ကလည်း မလွယ်ကူလှပါဘူး။ သို့ပေမဲ့ တချို့ဝန်ထမ်းတွေက ဘာကြောင့် လက်ရှိအလုပ်ကို စွန့်လွှတ်ဖို့ စဉ်းစားကြသလဲဆိုရင် ဒီအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။

၁။ စီမံခန့်ခွဲမှုကို မကျေနပ်ကြလို့ပါ။

ဝန်ထမ်းကောင်းတွေ နှုတ်ထွက်ရတဲ့ အကြောင်းရင်းတစ်ခုက စွမ်းဆောင်ရည် မပြည့်ဝတဲ့၊ ကျွမ်းကျင်မှု မရှိတဲ့၊ ဘက်လိုက်မှုရှိတဲ့ စီမံခန့်ခွဲမှုတွေကြောင့်ပါ။ အလုပ်ခွင်ဆိုတာ အချင်းချင်းကြားမှာ ကျွန်းကိုင်မှီ ကိုင်းကျွန်းမှီဆိုသလို မျှတမှုရှိရပါတယ်။ စီမံခန့်ခွဲမှုမကောင်းတဲ့အခါ ဝန်ထမ်းကောင်းတွေဟာ စိတ်ပျက် တတ်ကြပါတယ်။

၂။ တိုးတက်မှုအခွင့်လမ်းနည်းလို့ပါ။

ဝန်ထမ်းကောင်းတွေဟာ တိုးတက်မှုကို အမြဲရှာဖွေနေတတ်ကြပါတယ်။ အလုပ်တွေကို တစ်ဆင့်ပြီးတစ်ဆင့် ကျွမ်းကျွမ်းကျင်ကျင် စွမ်းဆောင်ပြချင်ကြပါတယ်။ သို့ပေမဲ့ လုပ်ငန်းခွင်ဟာ တာဝန်ယူမှုနဲ့အတူ ရာထူးနေရာ မတိုးတက်တဲ့အခါ၊ Career Development မဖြစ်လာနိုင်တဲ့ အလုပ်ကနေ ထွက်သွားတတ်ကြပါတယ်။

၃။ လစာနည်းတယ် ခံစားရလို့ပါ။

ဝန်ထမ်းကောင်းတွေဟာ သူတို့ရဲ့အချိန်နဲ့ ကြိုးစားအားထုတ်မှုတွေအပေါ် လုပ်ငန်းနဲ့မန်နေဂျာတွေက မကြည့်ပေးဘူးလို့ ခံစားရတဲ့အခါ အလုပ်ထွက်ကြပါတယ်။ ဥပမာ - Employee performance ကို သေချာအကဲဖြတ်ခြင်းမရှိဘူး၊ ကြိုးစားအားထုတ်မှုအတိုင်း ပြန်မရဘူးလို့ ခံစားရတဲ့အခါမျိုးပါ။

၄။ ခေတ်မမီတဲ့ နည်းလမ်းတွေ၊ Update မဖြစ်တဲ့လုပ်နည်းတွေလို့ ခံစားရလို့ပါ။

ဝန်ထမ်းကောင်းတွေတိုင်းဟာ ခေတ်ရေစီးကြောင်းကို အမြဲလိုက်ဖို့တွေးနေသူတွေပါ။ ဒီအချိန်က လုပ်ငန်းက Business environment ကို မလေ့လာဘဲ အဆင်ပြေနေတဲ့ Update မဖြစ်တဲ့ နည်းလမ်းတွေနဲ့ပဲ ဆက်သွားနေမယ်ဆိုရင် ဝန်ထမ်းကောင်းတွေ အလုပ်ထွက်တတ်ပါတယ်။

၅။ Over-workload ဖြစ်လို့ပါ။

ဝန်ထမ်းကောင်းတွေဟာ ဘယ်လောက်ပဲအလုပ်တွေကြိုးစားကြိုးစား လိုအပ်တာထက်တော့ ပိုမလုပ် နိုင်ကြပါဘူး။ တကယ်လို့ လုပ်နေရပြီဆိုရင်လည်း အကြာကြီးမခံနိုင်ကြပါဘူး။ ဒီလိုအလုပ်တွေ ပိလာရင် Burn-out ဖြစ်ကာ အလုပ်ထွက်တတ်ပါတယ်။

၆။ စိန်ခေါ်မှုမရှိတဲ့အလုပ်တွေကြောင့်ပါ။

ဝန်ထမ်းကောင်းတွေဟာ သူတို့ရဲ့လုပ်နိုင်စွမ်းတွေကိုပြဖို့နဲ့ အတွေ့အကြုံတွေရဖို့ အမြဲမျှော်လင့်ကြပါတယ်။ တကယ်လို့ လုပ်နေရတဲ့အလုပ်တွေက အရမ်းသမားရိုးကျမထူးခြားဘူးဆိုရင်လည်း အလုပ်ထွက်တတ်ပါတယ်။

။ အသိအမှတ်ပြု မခံရလို့ပါ။

ဝန်ထမ်းတိုင်းက သူတို့ရဲ့ကောင်းမွန်တဲ့ ရလဒ်တွေ၊ လုပ်ဆောင်ချက်တွေအပေါ် အသိမှတ်ပြုတာ လိုချင်ကြပါတယ်။ ဒီလိုလုပ်တာကလည်း သူတို့ရဲ့ စိတ်ကိုတက်ကြွစေပြီး အလုပ်မှာ ကျေနပ် ပျော်ရွှင်စေကာ မနက်ဖြန်တိုင်းကို ရင်ဆိုင်လုပ်ဆောင်နိုင်လို့ပါ။ Non-financial ဖြစ်တဲ့ အသိအမှတ် ပြုတာလေးတောင် မလုပ်ခံရတာများလာတဲ့အခါ အလုပ်ထွက်တတ်ကြပါတယ်။

၈။ အလုပ်နဲ့ ဘဝ ဟန်ချက်မညီလို့ပါ။

ဒီဘက်ခေတ်လိုမျိုး Work-life balance ကို သိသိသာသာ လုပ်ဆောင်လာကြတဲ့ခေတ်မှာ ဝန်ထမ်းဟာ အလုပ်ထဲမှာပဲ ခေါင်းထိုးပြီး သူငယ်ချင်းတွေ၊ ပြင်ပပတ်ဝန်းကျင်တွေနဲ့ အဆက်သွယ်ပြတ်လာတဲ့အခါ Work-life balance ကို မခံစားရတော့လို့ အလုပ်ထွက်တတ်ပါတယ်။

၉။ လွတ်လပ်မှုကို မခံစားရလို့ပါ။

မန်နေဂျာတွေဟာ ဝန်ထမ်းကောင်းတွေကို လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်တွေ ပေးရပါတယ်။ ဒီလိုမှလည်း ဝန်ထမ်းတွေက သူတို့ကို ယုံကြည်မှုရှိကြောင်း၊ တန်ဖိုးထားကြောင်း ခံစားရမှာပါ။ မဟုတ်ရင်တော့ နေရာ’ရာထူးသာရထားတယ် ဘာလုပ်ပိုင်ခွင့်မှမရှိဘူးဆိုပြီး အလုပ်ထွက်တတ်ပါတယ်။ ဒါကြောင့် တကယ်အရည်ချင်းရှိတဲ့ဝန်ထမ်းတွေ အလုပ်မထွက်ဖို့ လုပ်ငန်းရှင်တွေ၊ မန်နေဂျာတွေ ဒီအချက်များကို ပြည်လည်သုံးသပ်ဖို့ လိုအပ်ပါတယ်။ ဝန်ထမ်းအသစ်ဟာ လက်ရှိဝန်ထမ်းလောက် လုပ်ဆောင်နိုင်ဖို့ မသေချာပါဘူး။ လုပ်နိုင်ရင်တောင် သူ့ကိုသင်ပေးဖို့အတွက် အချိန်နဲ့ တခြားသော စရိတ်များစွာ ရှိနိုင်ပါတယ်။ လက်ရှိစွမ်းဆောင်ရည်ရှိတဲ့ဝန်ထမ်းတွေ ဘာ့ကြောင့် အလုပ်ထွက်ဖို့ စဥ်းစားလဲဆိုတဲ့အကြောင်းရင်းကို ရှာဖွေဖို့လိုအပ်ပါတယ်။ တစ်ယောက်ထွက်သွားခြင်းက ပြသနာမဟုတ်ပေမယ့် တကယ့်အလုပ်ခွင်မှာ ပြဿနာရှိနေရင် နောက်ထပ်ဝန်ထမ်းများ ဆုံးရှုံးနိုင်ခြေ ရှိတယ်ဆိုတာ သိထားရပါမယ်။

Indeed မှာ Amber Krosel ရေးသားထားတဲ့ Reason why good employee leaves မှ တချို့ကို ကောက်နုတ်ရေးသားထားပါတယ်။

U Zin Lwin Thant

B.Act, M.Act (MUE)