ကျောင်းသားတွေ ပညာရေးမှာ မအောင်မြင်ရခြင်းရဲ့ အဓိကအချက်များ

ဖွံ့ဖြိုးတိုးတက်လာတဲ့ နည်းပညာတွေရဲ့ လွှမ်းမိုးမှုနဲ့အတူ ကျောင်းသားတွေရဲ့ နည်းပညာပေါ်အခြေခံပြီး သင်ခန်းစာများကို သင်ယူလေ့လာပုံနဲ့ နည်းပညာရဲ့ အရေးပါပုံကို သိမြင်လာတဲ့ အမြင်တွေဟာလည်း ပိုမိုကျယ်ပြန့်လာခဲ့ပါတယ်။ ဒီနေ့ခေတ်မှာ ကျောင်းသားတွေဟာ ဖွံ့ဖြိုးလာတဲ့ နည်းပညာတွေကြောင့် Self learning လို့ခေါ်တဲ့ ကိုယ်ကိုယ်တိုင် သင်ယူလေ့လာမှုတွေကို လုပ်ဆောင်လာနိုင်ကြပါတယ်။ ဆရာများအနေနဲ့ကတော့ ကျောင်းသားတွေအတွက် လမ်းညွှန်မှုများနဲ့အတူ လေ့လာမှုများကို စိတ်အားထက်သန်စွာ ပြုလုပ်နိုင်ဖို့အတွက် လှုံ့ဆော်မှုများ ပြုလုပ်ပေးရတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာကြပါတယ်။ နည်းပညာကြောင့် ပညာရေးစနစ်က ဘယ်လိုပဲပြောင်းလဲလာပါစေ ကျောင်းသားတွေ ပညာရေးမှာ မအောင်မြင်ရခြင်းရဲ့ နောက်ကွယ်က အကြောင်းရင်းများကတော့ ဆယ်စုနှစ်တိုင်အောင် အရာအားလုံးနီးပါ တူညီနေကြတာကို တွေ့ရှိရပါတယ်။ လက်ရှိခေတ်ပညာရေးမှာ နည်းပညာက ကြီးမားတဲ့လွှမ်းမိုးမှုရှိနေပေမယ့်လည်း ကျောင်းသားများအနေနဲ့ ဘာကြောင့် မအောင်မြင်မှုတွေ ကြုံတွေ့နေရတာလဲဆိုတဲ့ အကြောင်းရင်းကို အတိအကျသိရှိနိုင်ဖို့အတွက် လေ့လာမှုများစွာ ပြုလုပ်ခဲ့ကြ ရာမှာ လှုံ့ဆော်မှုနဲ့ ဇွဲလုံ့လမရှိခြင်း၊ ကြိုတင်ပြင်ဆင်မှုနဲ့ အားထုတ်မှုမရှိခြင်း၊ အချိန်စီမံခန့်ခွဲမှုပိုင်း အားနည်းခြင်းနဲ့ တခြားအချက်များစွာကို တွေ့ရှိခဲ့ရပါတယ်။ ကျောင်းသားတွေ ပညာရေးမှာ မအောင်မြင်ရခြင်းရဲ့ နောက်ကွယ်မှ အကြောင်းရင်းတွေထဲက အချက်တွေကတော့

၁။ ကြိုတင်ပြင်ဆင်မှုမရှိခြင်း။

ကျောင်းသားအများစုဟာ သင်ခန်းစာတွေကို လေ့လာရာမှာ မြန်ဆန်လွယ်ကူပြီး လတ်တလောအတွက် အဆင်ပြေနိုင်မယ့် နည်းလမ်းတွေကိုသာ အသုံးပြုလေ့ရှိကြပါတယ်။ စနစ်တကျနဲ့ သင်ယူလေ့လာဖို့အတွက် သင့်တော်တဲ့ပြင်ဆင်မှုတွေ၊ ပြုလုပ်တာတွေ အဲ့လိုပြင်ဆင်ပြီး လေ့လာလို့ရလာတဲ့ အကျိုးကျေးဇူးတွေကို သိရှိနားလည်မှုလည်း နည်းပါးကြပါတယ်။ ဒီအချက်ဟာ ပညာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအဆင့်မြင့်တဲ့ ပံ့ပိုးမှုတွေ ပေးနေပါစေ ကျောင်းသားတွေ မအောင်မြင်ရခြင်းရဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ချက်ပဲဖြစ်ပါတယ်။ ဒါကြောင့် ဆရာများ၊ မိဘများအနေနဲ့ သူတို့တွေရဲ့ ဘဝမှာ လေ့လာသင်ယူမှုတွေ လုပ်တဲ့အခါမှာ နားလည်ထားရမယ့် အဓိကအချက်တွေကို သိလာအောင် လုပ်ပေးထားသင့်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ အခြေခံအုတ်မြစ်ဖြစ်တဲ့ ငယ်ရွယ်စဉ်မှာ အချိန်ကို ဘယ်လိုအကျိုးရှိစွာ သုံးရမလဲဆိုစတဲ့ အကြံဉာဏ်များ ပေးသင့်ပါတယ်။ သူတို့တွေကို လွတ်လပ်မှုတွေ၊ အားလပ်မှုတွေနဲ့အတူ ပျော်ရွှင်မှုတွေ ပေးထားမယ်။ ဒါ့အပြင် အရာရာတိုင်းမှာ ကြိုတင်ပြင်ဆင်မှု မရှိခြင်းဟာလည်း အရေးပါကြောင်းကို သိအောင် ပြောပြ ထားသင့်ပါတယ်။

၂။ လှုံ့ဆော်မှုမရှိခြင်း ဒါမှမဟုတ် စိတ်ဝင်စားမှုမရှိခြင်း။

သင်ခန်းစာများကို လေ့လာရာမှာ တက်ကြွစွာပါဝင်မှုမရှိခြင်းဟာ မအောင်မြင်ရခြင်းရဲ့ အကြောင်းရင်းတစ်ခုဖြစ်ပြီး စိတ်ပါဝင်စားမှု မရှိခြင်းကလည်း ကျောင်းသားတွေ မအောင်မြင်ရခြင်းရဲ့ နောက်ထပ် အကြောင်းရင်းတစ်ခုပဲ ဖြစ်ပါတယ်။ မိဘများ၊ ဆရာများအနေနဲ့ ဘဝမှာ လေ့လာသင်ယူရခြင်းရဲ့ အရေးပါပုံကို ကျောင်းသားများ သိရှိစေပြီး ကျောင်းသားတွေ အနေနဲ့ တက်ကြွစွာ လေ့လာသင်ယူနိုင်ဖို့အတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီပေးသင့်ပါတယ်။ ဒီအချက်ဟာ သူတို့ရဲ့ဘဝအတွက် ပန်းတိုင်များသတ်မှတ်ပြီး အဲ့ဒီပန်းတိုင်းများကို ရောက်အောင်သွားနိုင်ဖို့ရာအတွက် ကူညီပေးရာ ရောက်ပါလိမ့်မယ်။

၃။ ကြိုးစားအားထုတ်မှုကင်းမဲ့ခြင်း။

ဒီအချက်ဟာ ကျောင်းသားများ မအောင်မြင်ရခြင်းရဲ့ နောက်ထပ်အဓိက အကြောင်းရင်းတစ်ခုဖြစ်ပြီး သူတို့တွေရဲ့ဘဝ တစ်လျှောက် တိုးတက်မှု တစ်စုံတစ်ရာကို တွေ့ရဖို့ခက်ခဲနိုင်တဲ့ နောက်ထပ်အဓိကအကြောင်းရင်း တစ်ခုလည်းဖြစ်ပါတယ်။ လေ့လာရာမှာ ကြိုးစားအားထုတ်မှု၊ အားစိုက်မှုမရှိတဲ့ ကျောင်းသားတွေဟာ လတ်တလော သူတို့ရရှိနေတဲ့ ရလဒ်တွေပေါ်မှာပဲ ကျေနပ်နေပြီး ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေရလာအောင် ကြိုးစားဖို့အတွက်ကို ပြင်ဆင်မှုလည်း မရှိကြပါဘူး။ သူတို့ရဲ့ ရလဒ်တွေ ကောင်းမွန်လာအောင် အိမ်စာများ၊ assignments များပေးပြီး ပြုလုပ်ခိုင်းသည့် တိင်အောင် ကြိုးစားအားထုတ်ခြင်း မရှိဘဲ ပျတ်ကွက်မှုတွေသာ ရှိလာခဲ့ကြပါတယ်။

၄။ ပုဂ္ဂိုလ်ရေးကိစ္စများ

လူမှုရေး ကိစ္စတွေကြောင့်လည်း ကျောင်းသားတွေဟာ မအောင်မြင်တဲ့ဘက်ကို ဦးတည်သွားနိုင်ပါတယ်။ လူမှုရေး ပြဿနာတွေကတော့ တစ်ယောက်နဲ့တစ်ယောက် မတူကြတဲ့အတွက် ပြဿနာရဲ့အကြောင်းရင်းတွေကို ရှာတွေ့ဖို့နဲ့ ပြုပြင်ပေးနိုင်ဖို့ ခက်ခဲနိုင်ပါတယ်။ မိသားစုနဲ့ပတ်သက်ပြီး ဖြစ်နိုင်သလို တချို့က လူမှုဆက်ဆံရေး မရှိတဲ့အပြင် အတန်းဖော်တွေ၊ အဖွဲ့အစည်းတွေနဲ့ ဆက်စပ်မှုမလုပ်ဘဲ သီးခြားနေထိုင်မှုပုံစံကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အတန်းဖော်များနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီးတော့ တက်ကြွစွာ သင်ယူလာတတ်ခြင်းကလည်း  သူတို့တွေအတွက် အောင်မြင်မှုရရှိစေတဲ့ အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။

၅။ ဇွဲလုံ့လမရှိခြင်း။

လေ့လာသင်ယူခြင်းဆိုတာ စဉ်ဆက်မပြတ် လုပ်ဆောင်နေရတဲ့ အလုပ်တစ်ခုဖြစ်ပြီး လေ့လာမှုတွေကို နှစ်အနည်းငယ် အတွင်းမှာပဲ ရပ်တန့်လိုက်ဖို့ မဖြစ်နိုင်ဘူးဆိုတာကို ကျောင်းသားများအနေနဲ့ နားလည်ထားသင့်ပါတယ်။ ဘဝမှာ အခြေအနေ အမျိုးမျိုးကြောင့် ဦးစားပေးရမယ့်အရာတွေ ပြောင်းလဲသွားသည့်တိုင်အောင် အောင်မြင်မှုရရှိဖို့အတွက် သင့်တော်တဲ့ သင်ယူလေ့လာမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။

၆။ တက္ကသိုလ်အတွက် အသင့်မဖြစ်သေးခြင်း။

အထက်တန်းကျောင်းအဆင့်ဟာ ပိုမိုမြင့်မားတဲ့ လေ့လာသင်ယူမှုတွေ ပြုလုပ်ဖို့အတွက် အခြေခံအုတ်မြစ်ကောင်း ရရှိနိုင်တဲ့ အရေးအကြီးဆုံး အချိန်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအဆင့်ကို ပေါ့ပေါ့ပါးပါး ကျော်ဖြတ်လာခဲ့မယ်ဆိုရင်တော့ ကျောင်းသားတွေဟာ တက္ကသိုလ်တက်ဖို့ အသင့်မဖြစ်သေးဘူးလို့ ထင်ရပါတယ်။ အထက်တန်းကျောင်းအဆင့်မှာ လုပ်ဆောင်ခဲ့တဲ့ မှတ်စုရေးသားရာမှာ အားနည်းခြင်း၊ လေ့လာသင်ယူမှုပုံစံ အားနည်းခြင်း စတဲ့အချက်တွေဟာ  တက္ကသိုလ် ရောက်လို့ ပိုမိုမြင့်မားတဲ့သင်ခန်းစာတွေကို လေ့လာရချိန်မှာ အခက်အခဲတွေနဲ့အတူ သူတို့အတွက် စိန်ခေါ်မှုတွေ၊ အတားအဆီးတွေနဲ့ ရုန်းကန်လာရနိုင်ပြီး ကျရှုံးတဲ့ဘက်ကို ဦးတည်သွားနိုင်ပါတယ်။

၇။ စီးပွားရေးပြဿနာများ

စီးပွားရေးပြဿနာဟာ ကျောင်းသားများအတွက် ကြီးမားတဲ့ အခက်အခဲကို ဖြစ်လာနိုင်စေတဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။ ကျောင်းလခ မပေးနိုင်ခြင်း၊ သင်ကြားရေးအတွက် လိုအပ်တဲ့ အထောက်အကူပြုပစ္စည်းများကို မဝယ်နိုင်ခြင်း စတဲ့ အခက်အခဲများဟာလည်း ကျောင်းသားတွေ မအောင်မြင်ရခြင်းရဲ့ တစ်စိတ်တစ်ဒေသပဲ ဖြစ်ပါတယ်။ ဒီလိုအ‌ခြေအနေတွေက သူတို့အတွက် အခက်အခဲတွေကြုံတွေ့ရပြီး ပိုမိုကြိုးစားချင်စိတ်ရှိလာအောင် လှုံ့ဆော်မှုတွေပေးနိုင်သကဲ့သို့ ဆက်လက်ပြီး သင်ယူလေ့လာချင်စိတ် မရှိအောင်လည်း ဖြစ်လာနိုင်စေပါတယ်။

၈။ အချိန်စီမံခန့်ခွဲမှု အားနည်းခြင်း။

အချိန်ကို ထိရောက်စွာ စီမံခန့်ခွဲပြီး ရရှိနိုင်တဲ့အချိန်ကို မှန်ကန်တဲ့ရည်ရွယ်ချက်အတွက် အသုံးပြုတတ်ဖို့က အရေးကြီးပါတယ်။ ကျောင်းသားတစ်ယောက်ဟာ မိမိရဲ့ဦးစားပေးရမယ့်အရာတွေကို သိထားသင့်ပြီး သင်ယူဖို့အတွက် အချိန်ကိုကောင်းစွာ စီမံခန့်ခွဲထားသင့်ပါတယ်။ ကျောင်းသားအများစုဟာ ပညာရေးမှာ မအောင်မြင်ရခြင်းရဲ့ နောက်ထပ်အကြောင်းရင်း တစ်ခုကတော့ သင်ယူလေ့လာဖို့အတွက် ဦးစားပေးမှုနည်းပြီး တခြားအရာတွေပေါ်မှာ အချိန်ဖြုန်းနေတတ်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။

ကျောင်းသားတွေ ကျရှုံးရတဲ့အကြောင်းရင်းတွေကို လေ့လာကြည့်တဲ့အခါမှာ ကျောင်းသားတွေကို အောင်မြင်တဲ့ ရလဒ်ကောင်း တွေ ရလာအောင် ကူညီပေးရာမှာ မိဘများ၊ ဆရာများအနေနဲ့ အဓိကအခန်းကဏ္ဍကနေ ပါဝင်နိုင်တယ်ဆိုတာကို တွေ့ရှိ ရပါတယ်။ ကျောင်းသားတွေ အောင်မြင်လာအောင် လှုံ့ဆော်ပေးသည်ဖြစ်စေ၊ ကျၡုံးမှာကို ကြောက်ရွံ့တဲ့စိတ်ကို ကျော်လွှားနိုင်ဖို့ ကူညီပေးသည်ဖြစ်စေ မိဘများ၊ ဆရာများဟာ ကျောင်းသားတွေရဲ့ဘဝကို ပြောင်းလဲမှုတွေ ပြုလုပ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်များအဖြစ် ပါဝင်နေကြပါတယ်။ ဒါ့အပြင် ပညာရေးအဖွဲ့အစည်းများအနေနဲ့ ပညာရေး နှီးနှောဖလှယ်ပွဲများ၊ စိတ်ခွန်အားပေးနိုင်တဲ့ အစီအစဉ်များဖြင့် ကျောင်းသားတွေရဲ့ မအောင်မြင်ရတဲ့ အကြောင်းရင်းတွေကို ကျော်လွှားနိုင်ဖို့ အတွက် ကူညီပေးတာမျိုးတွေကိုလည်း လုပ်ဆောင်ပေးသင့်ပါတယ်။

Why Do Students Fail? - Faculty's Perspective | Edsys မှ သင့်တော်သလို ကိုးကားဘာသာပြန်ဆိုထားခြင်း ဖြစ်ပါတယ်။

 

Daw Sandi Su Hlaing 

B.C.Sc, (U.C.S.Y) , B.C.Sc, (Hons) (U.C.S.Y) 

M.C.Sc, (U.C.S.Y)