စီးပွားရေးဟာ အမြဲထာ၀ရတိုးတက်နိုင်ပါ့မလား?

တကယ်လို့ သင်က 25 နှစ်ကို တစ်ကြိမ် နှစ်ဆပွားပေးနိုင်တဲ့ မှော်အစွမ်းရှိ ရွှေဒင်္ဂါးပြားတစ်ပြားကို ရှာဖွေ ပိုင်ဆိုင်ထားတယ် ဆိုကြပါစို့။ 75 နှစ်ကြာပြီးတဲ့နောက်မှာ သင့်လက်ထဲ ဒင်္ဂါး (😎 ခု ရှိလာမယ်။ ဒါပေမဲ့ အနှစ် 1,000 ကြာပြီးတဲ့နောက် လက်ထဲမှာ ဒင်္ဂါးပြား ထရီလီယံနဲ့ချီ ရှိလာမှာဖြစ်သလို နှစ်ပေါင်း 4,600 အတွင်းမှာတော့ သင့်ရဲ့ရွှေဒင်္ဂါးတွေဟာ ခုလက်ရှိမြင်နိုင်တဲ့ စကြ၀ဠာနဲ့ ဆတူ အရေအတွက်အထိ ရောက်ရှိသွားနိုင်ပါတယ်။ အခုလိုမျိုး အချိန်ကာလအလိုက် နှစ်ဆတိုးတယ်ဆိုတာကတော့ ကိန်းဂဏန်းတွေရဲ့ တိုးပွားလာမှုကို မြင်သာ အောင်ပြတဲ့ ဥပမာတစ်ခုဖြစ်ပေမယ့် ဒီလိုရွှေဒင်္ဂါးဆိုတာကတော့ လက်တွေ့ဘ၀မှာ တကယ်မရှိတဲ့အရာပါ။ သို့ပေမဲ့ ဥပမာပေးခဲ့တဲ့ ရွှေဒင်္ဂါးအတိုင်း လက်တွေ့လောကမှာ လွန်ခဲ့တဲ့အနှစ် 200 ကစပြီး တိုးတက်ပွားများ လာတဲ့အရာတစ်ခုကတော့ ရှိပါတယ်။ အဲ့ဒါကတော့ ကမ္ဘာ့စီးပွားရေး (Global economy) ပဲ ဖြစ်ပါတယ်။

စီးပွားရေးပညာရှင်အများစု ယူဆထားကြတာကတော့ လူတွေရဲ့ဘ၀ကို တိုးတက်မြှင့်တင်ပေးနိုင်ဖို့အတွက် စဉ်ဆက်မပြတ် တိုးတက်နေတဲ့စီးပွားရေးဟာ မရှိမဖြစ်လိုအပ်တာကြောင့် တကယ်လို့များ ကမ္ဘာ့စီးပွားရေးဟာ တိုးတက်မှုရပ်တန့်သွားခဲ့တယ်ဆိုရင် လူတွေဟာ ကိုယ့်ရဲ့စီးပွားရေးကို ဆထက်ထမ်းပိုးဖြစ်စေဖို့ အလုပ်လုပ်မယ့် အစား အချင်းချင်းလုယူတိုက်ခိုက်ပြီး အသက်မွေး၀မ်းကျောင်းဖို့ပဲ ဆောက်ရွက်ကြမယ်ဆိုတာကိုပါ။ ဒီလို အကြောင်းအရာတွေကြောင့်ပဲ မေးခွန်းတစ်ခုမေးဖို့ လိုအပ်လာပါတယ်။ ဘာလုပ်လုပ် အကန့်အသတ်တွေရှိနေတဲ့ ဒီကမ္ဘာပေါ်မှာ အကန့်အသတ်မရှိ တိုးတက်နေတဲ့ စီးပွားရေးဆိုတာက ဖြစ်နိုင်ပါ့မလားဆိုတာပါပဲ။

စီးပွားရေးတိုးတက်မှုကို တိုင်းတာတဲ့နေရာမှာ နိုင်ငံတစ်ခု (ဒါမှမဟုတ်) ကမ္ဘာကြီးရဲ့ ဈေးကွက်ထဲကို ထုတ်လုပ်ရောင်းချမှုအားလုံး တန်ဖိုးစုစုပေါင်းကို သတိထားကြည့်လေ့ရှိပါတယ်။ ဒီထုတ်လုပ်မှုရဲ့ ထုတ်ကုန်တွေ ဟာဆိုရင် လူသားတွေရဲ့ အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းပေးသလို တစ်‌ဦးချင်းသာမက အားလုံးအတွက် ဘ၀တိုးတက်မြင့်မားလာရေးကိုလည်း မြှင့်တင်ပေးနေပါတယ်။ သို့ပေမဲ့ ဒီထုတ်ကုန်တွေအတွက် ထုတ်လုပ်တာပဲ ဖြစ်ဖြစ်၊ ထိန်းသိမ်းဖို့ပဲဖြစ်ဖြစ် ဒီတိုင်းမပြီးဘဲ စွမ်းအင်ရင်းမြစ်တွေကိုအသုံးချရတဲ့ အရေးကြီးတဲ့အချက်လည်း ရှိနေပါသေးတယ်။ ဥပမာ လက်ထဲမှာ ကိုင်ထားတဲ့ဖုန်း၊ ဒီဖုန်းဟာ တန်ဖိုးရှိပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင် ဖုန်းထဲမှာပါ၀င်တဲ့ Aluminium, Gallium, Silicon တွေ သတ္တုအားလုံးဟာဆိုရင် စတင်တူးဖော်တာကအစပြုလို့ သတ္တုကိုသန့်စင် ဖုန်းကိုယ်ထည်မှာပါတဲ့ ပါ၀င်ပစ္စည်းအဖြစ် ပြောင်းစေဖို့ လူအား၊ ငွေအား အင်တိုက်အားတိုက်အသုံးပြုခဲ့ရသလို ဒီဖုန်းအကြမ်းထည်ကိုဆက်လက်ပြီး ပုံစံဆန်းဆန်းပြားပြား ဖြစ်စေဖို့နဲ့ အထဲက software အတွက်လည်း ဆက်လက်ပြီး အကုန်အကျခံရတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုပစ္စည်းကို ပိုပြီးတန်ဖိုးရှိသွားစေတာကလည်း Steve Jobs ဆိုတဲ့ပုဂ္ဂိုလ်က စင်ပေါ်တက်ပြီး မိတ်ဆက်ကြေညာ သွားတာကြောင့်လည်း ပါတာပေါ့။

အဲ့ဒီတော့ ဒီထုတ်ကုန်ပစ္စည်းတွေရဲ့ တန်ဖိုးကိုပိုတက်စေပြီး စီးပွားရေးကိုလည်း တစ်ဖက်တစ်လမ်းက တိုးတက်အောင် ဘယ်လိုလုပ်ကြသလဲ။ တစ်နည်းကတော့ ပစ္စည်းတွေကို များများထုတ်ခြင်းနဲ့ နောက် တစ်နည်းကတော့ ပစ္စည်းတွေကို ပိုမိုဆန်းသစ်အောင်လုပ်ပြီး ထုတ်ခြင်းတို့နဲ့ပဲ လုပ်ဆောင်နေကြပါတယ်။ ဒါပေမဲ့ ဒီလိုအသစ်သစ်ထုတ်ပြီး စီးပွားရေးကို တိုးတက်အောင်လုပ်လေလေ စွမ်းအင်၊ ငွေအရင်းအမြစ် ပိုလိုအပ် လေလေဖြစ်တာကြောင့် တကယ်လို့များ ဒီအရင်းအမြစ်တွေ ကုန်ခမ်းသွားတဲ့အခါ ဘယ်လိုလုပ်ကြဦးမလဲ။ ဒီမေးခွန်းအတွက်အဖြေကတော့ ဘောဂဗေဒမှာ အရိုးရှင်းဆုံး input , output သဘောတရားအတိုင်း input ဖြစ်ကြတဲ့ လုပ်အား၊ ငွေ၊ နောက် သဘာ၀အရင်းအမြစ်တွေ၊ ရေ ဒါမှမဟုတ် စွမ်းအင်ကို အသုံးချပြီးမှ output ပစ္စည်းတစ်ခု တန်ဖိုးတစ်ခုဆိုတာကို ပြောင်းလဲပေးတာလည်း ဖြစ်ပါတယ်။

သီအိုရီနည်းကျကျ ဒီလိုမျိုး input ကို efficient များများဖြစ်စေပြီး output ကို ပိုများအောင် ထုတ်လုပ်တာ၊ တစ်ခါတလေ input ကို နည်းနည်းပဲသုံးပြီး အကောင်းဆုံးဖြစ်အောင်လုပ်တဲ့ ကိစ္စတွေဟာ အံ့မခန်း လုပ်ဆောင်မှုတွေဖြစ်ပြီး ဒီလိုဖြစ်အောင် လုပ်ဆောင်နိုင်တာကလည်း နည်းပညာဆင့်ကဲပြောင်းလဲမှုကြောင့်လို့ ပြောရင် မမှားနိုင်ပါဘူး။

ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးဟာ လောလောဆယ်မှာတော့ resources တွေ ချက်ချင်း ဒါမှမဟုတ် မလွဲမသွေ ကုန်ဆုံးသွားမယ့် အလားအလာမရှိတာလို့ အရင်းအမြစ်ပြဿနာကို စိုးရိမ်စရာမလိုသေးပေမယ့်လည်း ဒီထက်ပိုပြီး အကျိုးဆက်များ ဒုက္ခတွေ့နိုင်မယ့် ပြဿနာတစ်ခုကတော့ ကမ္ဘာ့စီးပွားရေးကို အဓိက မောင်းနှင်နေတဲ့ ချမ်းသာပြီး နိုင်ငံတွေရဲ့ သဘာ၀ပတ်၀န်းကျင်ကိုဖျက်ဆီးပြီး ရာသီဥတုပြောင်းလဲမှုကို တဖြည်းဖြည်းနဲ့ တွန်းပို့နေတဲ့အချက်ပဲ ဖြစ်ပါတယ်။ သူတို့ရဲ့မိုက်မဲမှုကြောင့် တန်ဖိုးရှိ အစားထိုးမရတဲ့ သဘာ၀အရင်းအမြစ် သယံဇာတအလုံးစုံဟာလည်း ပျက်စီးခြင်းစိုက်နေပြီး ဒီသယံဇာတအပေါ်မှီခိုနေရတဲ့ လူမှုအဖွဲ့အစည်းအပေါ်ကိုလည်း ဒုက္ခတွေ့စေပါတော့တယ်။ ဒါပေမဲ့ စီးပွားရေးပညာရှင်တော်တော်များများက ဒုက္ခဖြစ်စေနိုင်တာကို ငြင်းချက်ထုတ်ပြီး ဒီလိုစီးပွားရေးပိုတိုးတက်စေတဲ့ အရင်းအမြစ်တွေကို ပိုထုတ်ယူသုံး စွဲလေ သဘာ၀ပတ်၀န်းကျင်ကို ပိုထိခိုက်စေတယ်ဆိုပေမယ့်လည်း ပိုတိုးတက်လာတဲ့လူသားတွေရဲ့ အကြံဉာဏ် တီထွင်ကွန့်မြူးနိုင်စွမ်းက ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ယုံကြည်ထားကြပါတယ်။ ဥပမာတစ်ခုအ‌နေနဲ့ 2000-2014 ကြားမှာ ကာဗွန်ထုတ်လွှင့်မှုကို 12% ထိ လျှော့ချခဲ့တဲ့ ဂျာမနီနိုင်ငံရဲ့ GDP ဟာ 16% တက်‌အောင် ဆောင်ရွက်နိုင်ခဲ့သလိုပါပဲ။ ရုတ်တရက်ကြည့်မယ်ဆိုရင်တော့ ဒါဟာအောင်မြင်သလိုရှိပေမယ့် လက်တွေ့ မှာတော့ ဂျာမနီဟာ အပူချိန် 1.5 degrees Celsius ထက်မကျော်လာအောင် တားဆီးဖို့အတွက် ကာဗွန်လျှော့ချမှုကို နိုင်နိုင်နင်းနင်း မလုပ်နိုင်ခဲ့ပါဘူး။ ဒီလိုအဓိကကျတဲ့အချက်ကို မလုပ်ဆောင်နိုင်ခဲ့တာကြောင့်လည်း တချို့စီးပွားရေးပညာရှင်တွေကနေ ခုလက်ရှိ ကျင့်သုံးလက်ခံနေတဲ့ စီးပွားရေး model ကို ပြုပြင်ဖို့လိုတယ်လို့ ထောက်ပြလာကြပါတယ်။ ဘယ်လိုပြုပြင် နိုင်မလဲဆိုရင် လူသားတွေဟာ စီးပွားရေးဘယ်လောက် တိုးတက်တယ်ဆိုတာကို ကိန်းဂဏန်းတွေ တိုင်းတာပြီးနဲ့ သာယာနေတဲ့အကျင့်ကို ပယ်ဖျောက်စွန့်ခွာပြီး post-growth economy model ကိုသွားဖို့ပါပဲ။

ဒီလိုလုပ်ဖို့အတွက်ကိုလည်း စီးပွားရေးပညာရှင်တွေ အကြံပေးထားတာကတော့ အပေါ်မှာ တင်ပြခဲ့တဲ့ ချမ်းသာပြီး နိုင်ငံတွေအနေနဲ့လည်း ပိုမိုကောင်းမွန်ပြီး အာမခံချက်ရှိတဲ့ လုပ်ခလစာတွေကိုပံ့ပိုးခြင်း၊ ဆင်းရဲချမ်းသာမညီမျှမှုကိုလည်း လျှော့ချခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ လူမှုအသိုင်းအ၀န်းအတွက် လိုအပ်တဲ့ services အစရှိတာတွေကို ဖော်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ တစ်ဖက်မှာလည်း လူတွေအနေနဲ့ အလုပ်လုပ်မှ ဘ၀အတွက် လိုအပ်တဲ့ ကျန်းမာရေးအာမခံချက်၊ အိုစာစုဆောင်းရေးတွေအတွက် ကြိုပြင်ဆင် နိုင်မယ်ဆိုတဲ့ အတွေးအခေါ်ကိုလည်း‌ လျှော့ချအောင်လုပ်ပေးမယ်ဆိုရင်တော့ model အသစ်ကို ကူးပြောင်းရာမှာ အောင်မြင်မှုရရှိလာမှာ အသေအချာပါပဲ။

အထက်မှာတင်ပြခဲ့တဲ့ လူသားတွေရဲ့ တီထွင်ကွန့်မြူးနိုင်မှုနဲ့ ပြဿနာအပေါ် ချဉ်းကပ်မှု အကျိုးဆက်အဖြစ် ဒီလိုမျိုးယုတ္တိကျကျနဲ့ လုပ်ဆောင်မယ်ဆိုရင် ချမ်းသာတဲ့နိုင်ငံတွေတောင်မှ အခက်အခဲကြုံရမယ်ဆိုရင်လည်း တစ်နည်းမဟုတ်တစ်နည်းနဲ့ ကျွန်ုပ်တို့အတွက်သာမက ကမ္ဘာမြေကြီအတွက်ပါ အကျိုးရှိစေဖို့ကိုပဲ ဦးတည် ဆောင်ရွက်ကြရမှာပါပဲ။

Ted ed မှ can the economy grow forever ကို ဘာသာပြန် ရေးသားထားပါတယ်။

https://www.ted.com/.../ted_ed_can_the_economy_grow...

Paing Soe Myat

SFU Media Club Undergraduate Programme