ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အင်္ဂါရပ်များ

ယနေ့ခေတ် ခေတ်ရေစီးကြောင်းအရ ပြိုင်ဆိုင်မှုများလာတဲ့ စီးပွားရေးပတ်ဝန်းကျင်မှာ လုပ်ငန်းခွင်အတွင်း ခေါင်းဆောင်ကောင်းများရဲ့ အခန်းကဏ္ဍက အလွန်အရေးကြီးပါတယ်။ ခေါင်းဆောင်ကောင်းတစ်ဦးဟာ မိမိကိုယ်မိမိနဲ့ တခြားသူများအပေါ် သမာဓိရှိမှု၊ သတိရှိမှု၊ လေးစားမှု၊ စာနာမှုရှိသင့်ပါတယ်။ တစ်ဦးနဲ့တစ်ဦးဆက်သွယ်ပြောဆိုခြင်း၊ တာဝန်လွှဲအပ်ပေးခြင်း ကိစ္စရပ်တို့ကို ထိထိရောက်ရောက် ကိုင်တွယ်သင့်ပါတယ်။ ခေါင်းဆောင်မှု အရည်အသွေးတွေကို သင့်အဖွဲ့အစည်းရဲ့ အဆင့်တိုင်းမှာ သင်ယူတတ်မြောက်ဖို့ လိုအပ်ပါတယ်။ လက်အောက်ငယ်သားများကို လမ်းပြဖို့နဲ့ မရှိမဖြစ်လိုအပ်တဲ့ ကြီးမားသောဆုံးဖြတ်ချက်များချဖို့ ခေါင်းဆောင်ကောင်းများ လိုအပ်ပါတယ်။ 

ခေါင်းဆောင်ကောင်းဆိုတာ ဘယ်လိုမျိုးလဲ။

ဆယ်စုနှစ်များစွာ သုတေသနနဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ကမ္ဘာတစ်ဝှမ်းရှိ အဖွဲ့အစည်းများမှာ လုပ်ဆောင်ခဲ့တဲ့ အကောင်းဆုံးခေါင်းဆောင်များဟာ အခြေခံကျတဲ့ အရည်အချင်းတချို့ကို အမြဲတစေ ပိုင်ဆိုင်ထားကြောင်း တွေ့ရှိရပါတယ်။ ခေါင်းဆောင်မှုဆိုင်ရာအင်္ဂါရပ်များကို ဖော်ပြပေးလိုက်ပါတယ်။ 

၁။သမာဓိရှိခြင်း

သမာဓိရှိခြင်းက တစ်ဦးချင်းနဲ့ အဖွဲ့အစည်းအတွက် မရှိမဖြစ်လိုအပ်တဲ့ ခေါင်းဆောင်မှုစရိုက် တစ်ခု ဖြစ်ပါတယ်။ သမာဓိရှိခြင်းက အဖွဲ့အစည်းရဲ့လမ်းစဉ်ကို ဆုံးဖြတ်ချက်များချနေတဲ့ ထိပ်တန်း အရာရှိများအတွက် အထူးအရေးကြီးပါတယ်။ ဒါကြောင့် သင့်အဖွဲ့အစည်းက ရာထူးအဆင့်တိုင်းက ခေါင်းဆောင်များအတွက် ရိုးသားမှုနဲ့ သမာဓိရဲ့ အရေးပါမှုကို အားဖြည့်ပေးဖို့ လိုအပ်ပါတယ်။

2. တာဝန်လွှဲအပ်ပေးနိုင်ခြင်း

တာဝန်လွှဲအပ်ပေးခြင်းက ခေါင်းဆောင်တစ်ဦးရဲ့ အဓိကတာဝန်များထဲမှ တစ်ခုဖြစ်ပေမယ့်လည်း ထိထိရောက်ရောက်လွှဲအပ်ဖို့ ခက်ခဲနိုင်ပါတယ်။ တာဝန်လွှဲအပ်ပေးရခြင်းရဲ့ရည်ရွယ်ချက်မှာ အဖွဲ့လိုက် လုပ်ဆောင်မှုကို လွယ်ကူချောမွေ့စေဖို့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပေးဆောင်ဖို့နဲ့ ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်များ ချမှတ်နိုင်စေဖို့ ဖြစ်ပါတယ်။ အကောင်းဆုံးခေါင်းဆောင်များဟာ ထိရောက်တဲ့ တာဝန်လွှဲအပ်ခြင်းဖြင့် သူတို့ရဲ့အဖွဲ့များအပေါ် ယုံကြည်မှုတည်ဆောက်ကြပါတယ်။

3. ဆက်သွယ်ပြောဆိုနိုင်ခြင်း

အကောင်းဆုံးခေါင်းဆောင်များဟာ လုပ်ငန်းနဲ့ပတ်သက်ပြီး သတင်းအချက်အလက်များပေးပို့ခြင်းဖြင့် တခြားသူများကို လှုံ့ဆော်မှုပေးပြီး နည်းလမ်းအမျိုးမျိုးနဲ့ ဆက်သွယ်ပြောဆိုနိုင်တဲ့ ကျွမ်းကျင်သော ဆက်သွယ်ပြောဆိုသူများဖြစ်ဖို့ လိုအပ်ပါတယ်။ သင့်အဖွဲ့အစည်းရှိ ခေါင်းဆောင်များကြား ဆက်သွယ်ရေးအရည်အသွေးနဲ့ ထိရောက်မှုဟာ သင့်လုပ်ငန်းဗျူဟာရဲ့ အောင်မြင်မှုကိုလည်း တိုက်ရိုက်သက်ရောက်ပါတယ်။ 

4. Self-Awareness ရှိခြင်း

Self-awareness ရှိခြင်းက မိမိကိုယ်ကိုယ် အာရုံစူးစိုက်မှုပိုရှိတဲ့ အချက်တစ်ခုဖြစ်ပေမယ့်လည်း မိမိကိုယ်ကိုယ် အသိတရားနဲ့ နှိမ့်ချမှုက ခေါင်းဆောင်မှုအတွက် အရေးကြီးဆုံးဖြစ်ပါတယ်။ မိမိကိုယ်ကိုယ် ပိုနားလည်ပြီး မိမိရဲ့အားသာချက်၊ အားနည်းချက်တွေကို အသိအမှတ်ပြုလေလေ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ပိုထိရောက်လေလေပါပဲ။ မိမိကိုယ်မိမိ သိရှိနားလည်ဖို့ အချိန်ယူ လေ့လာပါ။

5. ကျေးဇူးတရားရှိခြင်း

ကျေးဇူးသိတတ်ခြင်းက မိမိကိုယ်ကို လေးစားမှု မြင့်မားစေပြီး စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်ပူပန်မှုတို့ကို လျော့ကျစေကာ ပိုမိုကောင်းမွန်စွာ အိပ်ပျော်စေနိုင်ပါတယ်။ ကျေးဇူးသိတတ်ခြင်းက သင့်ကို ပိုကောင်းတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်စေနိုင်ပါတယ်။ မိမိရဲ့လက်အောက်ငယ်သားများအပေါ် ကျေးဇူးစကားပြောဖို့ လိုအပ်ပါတယ်။ 

6. သွက်လက်တဲ့ သင်ယူမှုရှိခြင်း

သွက်လက်တဲ့သင်ယူမှုရှိခြင်းက လေ့လာသင်ယူခြင်းနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ရမယ်ဆိုတာကို သိနိုင်တဲ့စွမ်းရည်ဖြစ်ပါတယ်။ တကယ်လို့ သင်က "အမြန်လေ့လာခြင်း" ဒါမှမဟုတ် မရင်းနှီးတဲ့ အခြေအနေများမှာ ထူးချွန်ပါက သင်ဟာ လျင်မြန်စွာ သင်ယူနေပြီဖြစ်ပါတယ်။ သို့ပေမဲ့ ဘယ်သူမဆို လေ့ကျင့်မှု၊ အတွေ့အကြုံနဲ့ ကြိုးစားအားထုတ်မှုမှတစ်ဆင့် သင်ယူမှု သွက်လက်တက်ကြွမှုကို မွေးမြူနိုင်ပါတယ်။

7. လွှမ်းမိုးမှု

ခေါင်းဆောင်ကောင်းများက လက်အောက်ငယ်သားများအပေါ် ကောင်းတဲ့ လွှမ်းမိုးခြင်းနဲ့လွှမ်းမိုး ဖို့လိုအပ်ပါတယ်။ ဩဇာလွှမ်းမိုးမှုဟာ ခြယ်လှယ်ခြင်းနဲ့မတူပါဘူး။ ကောင်းတဲ့ ဩဇာလွှမ်းမိုးမှုဆိုသည်မှာ လက်အောက်ငယ်သားတွေအပေါ် ခေါင်းဆောင်များဟာ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှု တည်ဆောက်ထားခြင်းကို ဆိုလိုပါတယ်။

8. စာနာမှု

စာနာမှုဟာ အလုပ်စွမ်းဆောင်ရည်နဲ့ ဆက်နွှယ်နေပြီး ခေါင်းဆောင်မှုရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ စာနာနားလည်မှု အမူအကျင့်များကို ပြသပါက သုတေသနပြုချက်များအရ လက်အောက် ငယ်သားတွေရဲ့ ယုံကြည်မှု၊ အားကိုးမှု၊ လေးစားမှုတို့ကို ရရှိနိုင်ပါတယ်။ ဒါ့အပြင် စာနာမှုနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုက သင့်ပတ်ဝန်းကျင်ရှိသူများအတွက် လုပ်ငန်းခွင်အခြေအနေများ ပိုမိုကောင်းမွန်လာစေဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။

9. သတ္တိ

မိမိရဲ့လုပ်ငန်းအတွက်ဖြစ်စေ၊ ဝန်ထမ်းလက်အောက်ငယ်သားများအတွက်ဖြစ်စေ အကြံသစ်တစ်ခု ထုတ်ချင်တာပဲဖြစ်ဖြစ်၊ တိုက်ရိုက်အစီရင်ခံစာအတွက် တုံ့ပြန်ချက် ပေးချင်တာပဲဖြစ်ဖြစ် သတ္တိရှိခြင်းက ခေါင်းဆောင်ကောင်းများရဲ့ အဓိက သော့ချက်တစ်ခုဖြစ်ပါတယ်။ ပဋိပက္ခ (Conflict) များကို ဆိုးရွားစေမယ့် ပြဿနာများကို ရှောင်ရှားခြင်းမရှိဘဲ သတ္တိရှိခြင်းက ခေါင်းဆောင်များကို မှန်ကန်မှု လမ်းကြောင်းမှန်ပေါ် ရောက်လာစေနိုင်ပါတယ်။

10. လေးစားပါ။

နေ့စဉ်နေ့တိုင်း လူတွေကို လေးလေးစားစားဆက်ဆံတာက ခေါင်းဆောင်တစ်ယောက်လုပ်နိုင်တဲ့ အရေးကြီးဆုံးအရာတွေထဲက တစ်ခုပါ။ လေးစားမှုရှိခြင်းဟာ တစ်ဦးနဲ့တစ်ဦး တင်းမာမှုများ၊ ပဋိပက္ခများကို ဖြေလျှော့ပေးမှာဖြစ်ပြီး ယုံကြည်မှုကိုဖန်တီးကာ ထိရောက်မှုကို မြှင့်တင်ပေးမှာ ဖြစ်ပါတယ်။ 

ဒီဝိသေသန လက္ခဏာများက ခေါင်းဆောင်များရဲ့ ရည်မှန်းချက်များ၊ လမ်းညွှန်မှုများကို ခွန်အားပေးစွမ်းနိုင်ပြီး ထိရောက်တဲ့ ခေါင်းဆောင်ကောင်းများ ဖြစ်လာအောင် ပံ့ပိုးပေးနိုင်ပါတယ်။

ဒီဆောင်းပါးကို center for creative leadership ဝက်ဆိုဒ်မှရေးသားထားတဲ့ The 10 Characteristics of a Good Leader ဆောင်းပါးကို ဘာသာပြန်ဆိုရေးသားထားပါတယ်။

 

Daw Hlaing May Win
B.Com, MBA (Meikhtila University of Economics)