" မိသားစုလုပ်ငန်းရဲ့ အားသာချက်များနဲ့ အားနည်းချက်များ "

မိသားစုပိုင်လုပ်ငန်းများဟာ ဒေသခံဖောက်သည်များမှ လာရောက်ဝယ်ယူနိုင်ပြီး ဆွဲဆောင်မှုရှိတဲ့ နေရာလေးများ ဖြစ်ပါတယ်။ အသေးစား လက်လီအရောင်းဆိုင်များနဲ့ ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းများစတင်ရာမှာ မိသားစု ဝင်များနဲ့ တခြားသောမိသားစုနဲ့ သက်ဆိုင်မှုရှိတဲ့သူများ ပါဝင်တတ်ကြပါတယ်။ အမေရိကန်နိုင်ငံမှာဆိုရင် မိသားစုလုပ်ငန်းများမှ တချို့ဟာ လူသိများတဲ့အများပိုင်လုပ်ငန်းကြီးများအဖြစ်သို့ ကြီးထွားလာကြပါတယ်။ အမေရိကန်နိုင်ငံရဲ့ အကြီးမားဆုံး ကော်ပိုရေးရှင်းတစ်ခုဖြစ်တဲ့ Walmart ဟာ 1962 ခုနှစ်က အစ်ကိုဖြစ်သူ Sam Walton နဲ့ James "Bud" Walton တို့မှ Arkansas မှာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။ Dell မိသားစုဟာ Dell Technologies ရဲ့ ၇၅ ရာခိုင်နှုန်းလောက်ကို ယခုအထိ ပိုင်ဆိုင်လျက်ရှိပြီး Knight မိသားစုဟာလည်း Nike ရဲ့ လုပ်ငန်းအများစုကို ထိန်းချုပ်လျက်ရှိပါတယ်။ ယခုလက်ရှိထိ Koch Industries ဟာ ဓာတုပစ္စည်းများ၊ သတ္တုများ၊ စွမ်းအင်နဲ့ ပလတ်စတစ်များ လုပ်ကိုင်နေတဲ့ မိသားစုတစ်ခုတည်းပိုင် ကော်ပိုရေးရှင်းဖြစ်ပြီး Cargill ဟာလည်း စိုက်ပျိုးမှုပစ္စည်းများ ထုတ်လုပ်ဖြန့်ဝေခြင်းနဲ့ မွေးမြူရေးလုပ်ကိုင်နေတဲ့ ကုမ္ပဏီဖြစ်ကာ မိသားစုပိုင် ဖြစ်လျက်ရှိပါတယ်။ သကြားလုံးကုမ္ပဏီဖြစ်တဲ့ Mars Inc. နဲ့ Reyes Holdings ဟာ အစားအစာနဲ့ သောက်စရာများ ဖြန့်ဝေပေးတဲ့ ထိပ်တန်းကုမ္ပဏီဖြစ်ကာ ၁၀၀ ရာခိုင်နှုန်း မိသားစုပိုင်ဖြစ်ပါတယ်။ မိသားစုပိုင်လုပ်ငန်းတစ်ခုကို စတင်ပြုလုပ်ခြင်းနဲ့ လည်ပတ်ခြင်းဟာ တကယ့်ကို အများနဲ့မတူတဲ့ အကျိုးအမြတ်များ၊ အခက်အခဲများကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ အကျိုးအမြတ်တချို့ကိုတော့ အောက်မှာဖော်ပြထားပါတယ်။

 

ယုံကြည်မှုနဲ့ တာဝန်ခံမှု

မိသားစုဝင်များဟာ အချင်းချင်းယုံကြည်မှုနဲ့ သစ္စာရှိတတ်တာကြောင့် လုပ်ငန်းကို ညီညွတ်တဲ့ လုပ်ဖော်ကိုင်ဖက်အဖွဲ့အစည်းအဖြစ် မြှင့်တင်ပေးနိုင်ပါတယ်။ သူတို့ဟာ အပြင်လူတွေထက် လုပ်ငန်းရဲ့ ရေရှည်အောင်မြင်မှုဆီ လျှောက်လှမ်းလေ့ရှိပါတယ်။ အဓိကအကြောင်းအရင်းမှာ နောက်လာမယ့် မျိုးဆက်တွေ အတွက် လက်ဆင့်ကမ်းဖို့ ရည်ရွယ်ထားတာကြောင့် ဖြစ်ပါတယ်။

အဖွဲ့အစည်းအတွင်း မျှဝေထားတဲ့ တန်ဖိုးထားမှုများနဲ့ မျှော်မှန်းချက်

မိသားစုလုပ်ငန်းများဟာ wခြားလုပ်ငန်းများနဲ့ယှဉ်ရင် အခြေခံတန်ဖိုးများနဲ့ မျှော်မှန်းချက်များ တူညီလေ့ ရှိပါတယ်။ ဒါကြောင့် အားလုံးသဘောတူညီတဲ့ ဆုံးဖြတ်ချက်၊ မဟာဗျူဟာစီမံကိန်းများနဲ့ တည်ငြိမ်မှုရှိတဲ့ ကုမ္ပဏီယဉ်ကျေးမှုဆီကို ဦးတည်နေပါတယ်။

လိုက်ရောညီထွေမှုရှိတဲ့ စီမံအုပ်ချုပ်မှုပုံစံ

မိသားစုလုပ်ငန်းများဟာ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဗျူရိုကရေစီစနစ်မှာတွေ့ရတဲ့ အလွှာအဆင့်ဆင့်တွေထက် ပိုပြီး လိုက်လျောညီထွေမှုရှိပြီး အလွယ်တကူဆက်သွယ်နိုင်တဲ့ ဆက်သွယ်ရေး လမ်းကြောင်းများရှိခြင်းကြောင့် ဆုံးဖြတ်ချက်ချရာမှာ ပိုလျင်မြန်နိုင်ပါတယ်။

စိတ်ရှည်လက်ရှည်ရှိတဲ့ ရင်းနှီးမြှုပ်နှံသူများ

မိသားစုလုပ်ငန်းများဟာ အများပြည်သူပိုင်ကုမ္ပဏီများလို အမြတ်ရဖို့ ဦးတည်နေတာမျိုး မဟုတ်ပါဘူး။ ရင်းနှီးမြှုပ်နှံသူများဟာ ဝင်ငွေ၊ အမြတ်အစွန်းနဲ့ ပေးဆပ်ငွေတို့အပေါ် သည်းခံနိုင်ကြတယ်။ ဒါ့အပြင် မိသားစုဝင်များဟာ ရရှိလာတဲ့အကျိုးအမြတ်များကို ကုမ္ပဏီရဲ့ ရေရှည်တိုးတက်ကြီးထွားလာမှုအတွက် ပြန်လည် ရင်းနှီးမှုများပြုလုပ်ကြပါတယ်။

ဖောက်သည်များရှိခြင်း

မိသားစုလုပ်ငန်းများဟာ ဖောက်သည်များနဲ့ ပိုမိုအားကောင်းတဲ့ပုဂ္ဂိုလ်ရေးဆက်ဆံမှုမျိုး တည်ဆောက်နိုင်ကြ ပါတယ်။ ဒေသတွင်းနေထိုင်တဲ့သူများက မိမိတို့‌ဒေသတွင်းမှာ လုပ်ကိုင်နေတဲ့ "မိသားစုလုပ်ငန်း" များမှ အားပေးရတာကိုလည်း ဂုဏ်ယူလေ့ရှိကြပါတယ်။ မိသားစုဝင်များရဲ့ပုဂ္ဂိုလ်ရေးများ ပါဝင်ပတ်သက်မှုကြောင့် ဖောက်သည်များရဲ့အမြင်မှာ ကုမ္ပဏီအတွက် အကျိုးပြုမှုနဲ့ယုံကြည်မှုကို တိုးတက်စေပါတယ်။ သို့ပေမဲ့ မိသားစုပိုင်လုပ်ငန်းမှာ အကျိုးအမြတ်များရှိသလို အခက်အခဲများရှိတာကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။

လုပ်ငန်းနဲ့ ဘဝပေါင်းစပ်မှု

အလုပ်နဲ့ဘ၀မျှတမှုရှိပြီး ကျန်းမာတဲ့လုပ်ငန်းနဲ့ ဘဝပေါင်းစပ်မှုအခြေအနေကို ထိန်းသိမ်းဖို့အတွက်က ခက်ခဲလှပါတယ်။ မိသားစုဝင်များကို စဉ်းစားမိနေတာမျိုးနဲ့ အမြဲလုပ်ငန်းအပေါ် အာရုံစိုက်မိနေတာမျိုး စတဲ့ အခြေအနေများကို ကြုံတွေ့ရနိုင်ပါတယ်။ ပုဂ္ဂိုလ်ရေးနဲ့ အလုပ်ဆက်ဆံမှုများအကြား နယ်နိမိတ်များထားရှိဖို့ ဆိုတာက ခက်ခဲလှပါတယ်။ လုပ်ငန်းဘဝနဲ့မိသားစုဘဝကို ခွဲခြားမထားနိုင်ခြင်းကြောင့် ပင်ပန်းမှုအပြင် စိတ်ဖိစီးမှုများပါ ဖြစ်ပေါ်တတ်ပါတယ်။

မိသားစုပြဿနာများ

ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြဿနာများနဲ့ စိတ်ခံစားမှုများဟာ လုပ်ငန်းနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချရတဲ့အပိုင်းတွေမှာ သက်ရောက်မှုရှိနိုင်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့အခန်းကဏ္ဍနဲ့ တာဝန်ယူရမယ့်အပိုင်းတွေမှာ ရှုပ်ထွေးမှု ဖြစ်တာမျိုးနဲ့ မိသားစုတွေကြား အာဏာပြိုင်ဆိုင်မှုတွေ စတဲ့အရာများကြုံရနိုင်ပါတယ်။

ပရော်ဖက်ရှင်နယ် စီမံခန့်ခွဲမှု

မိသားစုဝင်များမှာ လုပ်ငန်းဆိုင်ရာ လိုအပ်တဲ့ကျွမ်းကျင်မှု ဒါမှမဟုတ် အတွေ့အကြုံများမရှိပါက စီမံခန့်ခွဲမှု အပိုင်းမှာ ပြဿနာများကြုံရလာနိုင်ပါတယ်။ အထူးသဖြင့် လုပ်ငန်းကြီးလာလေလေ စီမံရေးကိစ္စတွေဟာ ရှုပ်ထွေးလာလေလေ ဖြစ်ပါတယ်။ ဒါကြောင့် မိသားစုဝင်တချို့ဟာ ပြင်ပမှကျွမ်းကျင်ပညာရှင်များကို လုပ်ငန်းအတွက် ရှာဖွေလေ့ရှိပြီး တချို့မိသားစုဝင်များကတော့ ပြင်ပမှဝင်ရောက်လာတဲ့အမြင်များကို ရှောင်ကြဉ်ကာ စီးပွားရေးလုပ်ငန်းအတွက် အကျိုးရှိစေမယ့် နည်းလမ်းအသစ်များကျင့်သုံးဖို့ ငြင်းဆန်နေတာ မျိုးတွေရှိကောင်းရှိနိုင်ပါတယ်။ ဆန်းသစ်တီထွင်မှုများနဲ့ ပြောင်းလဲမှုများကို ဆန့်ကျင်ခြင်းဟာ စီးပွားရေးလုပ်ငန်းရဲ့ ကြီးထွားမှုအလားအလာကို ကန့်သတ်မှုဖြစ်စေပါတယ်။

ငွေကြေးဆိုင်ရာ တင်းမာမှုများ

ရင်းနှီးမြှုပ်နှံမှုများအတွက် မိသားစုဝင်တွေအပေါ်မှီခိုခြင်းဟာ ကိုယ်ပိုင်ငွေကြေးများမှာ အန္တရာယ် ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါ့အပြင် မိသားစုစီးပွားရေးလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုရယူဖို့ ပိုမိုခက်ခဲနိုင်ပြီးတော့ ပြင်ပရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာရင် မိသားစုပိုင်ဆိုင်မှုအပေါ် သက်ရောက်မှုများ ဖြစ်စေနိုင်ပါတယ်။ ဒီကိစ္စရပ်များကို လျော့နည်းစေနိုင်တဲ့ အခြေအနေမှာ ချေးငွေရယူခြင်း (ဥပမာ- ဘဏ်ချေးငွေများ ဒါမှမဟုတ် ဘဏ်မဟုတ်တဲ့ ချေးငွေရှင်များထံမှ ရင်းနှီးမြှုပ်နှံမှုများ) ကို ရှာဖွေသင့်ပါတယ်။

လုပ်ငန်းဆက်ခံခြင်း

လုပ်ငန်းကို မျိုးဆက်တစ်ဆက်မှ နောက်တစ်မျိုးဆက်ဆီ လက်ဆင့်ကမ်းလွှဲပြောင်းခြင်းကို ချောချောမွေ့မွေ့ဖြင့် ကျစ်လျစ်သိပ်သည်းစွာ ပြီးမြောက်စေဖို့ဆိုတာက ကြီးမားတဲ့စိန်ခေါ်မှုများဖြစ်ပြီး ပဋိပက္ခရင်းမြစ်များကို ရင်ဆိုင် ရနိုင်ပါတယ်။ လုပ်ငန်းအတွက် နောက်ထပ်ဦးဆောင်သူရွေးချယ်ခြင်းဟာ စီးပွားရေးလုပ်ငန်းရဲ့ အနာဂတ်အပေါ် သိသာစွာသက်ရောက်မှု ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဆက်ခံသူရွေးချယ်ခြင်းနဲ့ ပိုင်ဆိုင်မှုမျှဝေခြင်းတွေအပေါ်မှာ ပဋိပက္ခများ ဖြစ်ပေါ်နိုင်ပါတယ်။

မိသားစုရဲ့နောက်မျိုးဆက်ဟာ စီးပွားရေးလုပ်ငန်းကို လက်ခံရယူဖို့ ခိုင်လုံတဲ့အထောက်အထားမရှိခြင်း ဒါမှမဟုတ် အလုပ်အပေါ်စိတ်မပါခြင်းများရှိနေရင် လုပ်ငန်းအတွက် စိန်ခေါ်မှုမျိုး ဖြစ်လာနိုင်ပါတယ်။ တချို့အခြေအနေများမှာ ဒီဖြစ်ရပ်များဟာ စီးပွားရေးလုပ်ငန်းကို ပြိုကွဲမှု ဖြစ်ပေါ်စေနိုင်ပါတယ်။ မိသားစုပိုင်စီးပွားရေးလုပ်ငန်းများဟာ လုပ်ငန်းနဲ့ ဘဝပေါင်းစပ်မှုအပေါ် ညီမျှမှုရှိခြင်း၊ ကိုယ်ပိုင်စိတ်ပိုင်းဆိုင်ရာ ပဋိပက္ခများနဲ့ နောက်ထပ်လုပ်ငန်းဆက်ခံသူရွေးချယ်ခြင်းတို့ မတူညီတဲ့ စိန်ခေါ်မှုများရင်ဆိုင်နေရပါတယ်။ ဒါတွေကိုကျော်လွှားဖို့အတွက် သေချာပြတ်သားတဲ့ဆက်သွယ်မှု၊ မဟာဗျူဟာ စီမံကိန်းရေးဆွဲခြင်းနဲ့ လိုအပ်တဲ့ အချိန်များမှာ ပြင်ပမှ ကျွမ်းကျင်သူများ၊ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ဖို့ အဆင်သင့်ဖြစ်နေရမယ်။

မိသားစုပိုင်စီးပွားရေးရဲ့ အားသာချက်များကို အပြည့်အဝအသုံးချပြီး အားနည်းချက်များကိုလည်း ကောင်းမွန်စွာ ဖြေရှင်းခြင်းက မိသားစုပိုင်စီးပွားရေးလုပ်ငန်းများဟာ အနာဂတ်မှာ ပုဂ္ဂလိကပိုင်လုပ်ငန်းများ ဒါမှမဟုတ် Publicly Traded ကော်ပိုရေးရှင်းများဖြစ်တဲ့ ဥပမာ Walmart၊ Ford နဲ့ Nike လို ကြီးပွားတိုးတက်နိုင်ပါတယ်။

www.forbes.com မှ Rohit Arora (Co-founded Biz2Credit and Senior Contributor of Forbes) ရေးသားထားတဲ့ All In The Family Business: The Pros And Cons Of A Familial Company ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ရေးဖွဲ့ထားပါတယ်။

Daw May Thiri Khit

BA (Russian), YUFL

Diploma in English (YUFL), ADBM, DBM

M.Econ. (International Program)

Chiang Mai University, Thailand