"အွန်လိုင်းရောင်းချခြင်းက ပေးစွမ်းနိုင်တဲ့ ဝယ်ယူသူအကျိုးခံစားခွင့် ပက်ကေ့ခ်ျများ"

ယနေ့ခေတ်ရဲ့ လျင်မြန်တဲ့ ဒစ်ဂျစ်တယ်ကမ္ဘာမှာ အွန်လိုင်းရောင်းချမှုက စီးပွားရေးလုပ်ငန်းတွေအတွက် ပစ်မှတ်ထားတဲ့ ဖောက်သည်တွေထံ ရောက်ရှိဖို့ ရေပန်းစားနေတဲ့ နည်းလမ်းတစ်ခုဖြစ်လာပါတယ်။ အဆင်ပြေမှု၊ အလွယ်တကူဝယ်ယူနိုင်မှု၊ အင်တာနက်ရဲ့ ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်မှုနဲ့အတူ အွန်လိုင်းကနေ စျေးဝယ်ခြင်းဟာ စားသုံးသူတွေအတွက် အကျိုးကျေးဇူးများစွာကို ပေးစွမ်းပြီး လူများစွာအတွက် နှစ်သက်တဲ့ ရွေးချယ်မှု ပလက်ဖောင်းတစ်ခု ဖြစ်လာစေတယ်။ ဒီဆောင်းပါးမှာ အွန်လိုင်းစျေးဝယ်ချန်နယ်တွေအတွက် ဝယ်ယူသူရဲ့အကြိုက်ကို ဦးတည်စေနိုင်မယ့် အဓိကအားသာချက်များကို မီးမောင်းထိုးပြပြီး အွန်လိုင်းရောင်းချမှု ကနေပေးနေတဲ့ ဝယ်ယူသူ အကျိုးခံစားခွင့်များ ပက်ကေ့ချ်ကို အသေးစိတ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

၁။ အဆင်ပြေမှုနဲ့ ပြောင်းလွယ်ပြင်လွယ်ရှိမှု

အွန်လိုင်းရောင်းချခြင်းရဲ့ အရေးပါဆုံး အကျိုးကျေးဇူးတစ်ခုက ပြိုင်ဘက်ကင်းတဲ့ အဆင်ပြေမှုပဲ ဖြစ်ပါတယ်။ ဝယ်ယူသူများက နေ့ရောညပါ ဘယ်အချိန်မှာမဆို အိမ်ကနေ သက်သောင့်သက်သာနဲ့ ဈေးဝယ်နိုင်ပါတယ်။ ကုန်ပစ္စည်းတွေကို ရှာဖွေကြည့်ရှုနိုင်ပြီး စျေးနှုန်းတွေကို တစ်ခုနဲ့တစ်ခု နှိုင်းယှဉ်ကာ စတိုးဆိုင်သို့ လူကိုယ်တိုင် သွားရောက်ကြည့်ရှုစရာမလိုဘဲ ဝယ်ယူမှုများ ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် ပြောင်းလွယ်ပြင်လွယ်ရှိခြင်းက အလုပ်များသူများ၊ ရွေ့လျားသွားလာဖို့ ခက်ခဲတဲ့ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများနဲ့ ဝေးလံခေါင်သီတဲ့ ဒေသများမှာ နေထိုင်သူများအတွက် အွန်လိုင်းကနေ ဈေးဝယ်ဖို့ အထူးဆွဲဆောင်မှုတစ်ခု ဖြစ်ပါတယ်။

၂။ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ကုန်ရွေးချယ်နိုင်မှု

အွန်လိုင်းစျေးကွက်တွေက ပုံမှန်စတိုးဆိုင်တွေမှာ တွေ့ရှိနိုင်တဲ့ ထုတ်ကုန်ပစ္စည်း အရေအတွက်ထက် ကျော်လွန်တဲ့ ထုတ်ကုန်များကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ အမျိုးမျိုးရွေးချယ်ဖို့ ပေးစွမ်းနိုင်ပါတယ်။ ဝယ်ယူသူများက ပြည်တွင်းမှာ မရရှိနိုင်တဲ့ တမူထူးခြားတဲ့ ထုတ်ကုန်များအပါအဝင် ပိုမိုကျယ်ပြန့်တဲ့ ရွေးချယ်စရာများကို ဝင်ရောက်ကြည့်ရှုကာ စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်ကြပါတယ်။ ဒီလိုမျိုး စုံလင်စွာရွေးချယ်နိုင်မှုက ဝယ်ယူသူများရဲ့ သီးသန့်လိုအပ်ချက်များ ဒါမှမဟုတ် ကြိုက်နှစ်သက်ရာများ ဘယ်လိုပဲရှိနေပါစေ သူတို့ ရှာဖွေနေတဲ့ အရာကို အတိအကျ ရှာဖွေနိုင်ပါတယ်။

၃။ စျေးနှုန်း သက်သာခြင်း

အွန်လိုင်းကနေ လက်လီရောင်းချသူများကို သာမန်စတိုးဆိုင်များနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုပါက အပိုကုန်ကျခံရတဲ့ ကုန်ကျစရိတ်များ လျော့နည်းလေ့ရှိတဲ့အတွက် သက်သာတဲ့စျေးနှုန်းများနဲ့ ရောင်းချပေးနိုင်ပါတယ်။ ဒါ့အပြင် အွန်လိုင်းစျေးကွက်တွေမှာ ရောင်းချသူ အများအပြားရှိနေခြင်းက အပြိုင်အဆိုင် ရောင်းချတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးစေပြီး စျေးနှုန်းများကို ကျဆင်းစေပါတယ်။ ဒီလိုစျေးနှုန်းသက်သာတဲ့ အားသာချက်က သမားရိုးကျ လက်လီရောင်းချတဲ့ဆိုင်များထက် အွန်လိုင်းကနေ စျေးဝယ်ရွေးချယ်ဖို့ ဝယ်ယူသူများအတွက် အဓိက ဆွဲဆောင်နိုင်မယ့် မက်လုံးတစ်ခုဖြစ်နေပါတယ်။

၄။ အချိန်ကုန်သက်သာခြင်း

အွန်လိုင်းစျေးဝယ်ခြင်းက ဝယ်ယူသူတွေအတွက် အချိန်များစွာကို သက်သာစေပါတယ်။ ဝယ်ယူသူတွေဟာ စတိုးဆိုင်သို့ သွားရခြင်း၊ ကုန်ပစ္စည်းများ ရှာဖွေရခြင်း၊ ငွေရှင်းကောင်တာများမှာ စောင့်ဆိုင်းရခြင်း တို့ကို ရှောင်ရှားနိုင်ပါတယ်။ အဲဒီအစား အွန်လိုင်းကတ်တလောက်များမှတစ်ဆင့် လျင်မြန်လွယ်ကူစွာ ရှာဖွေနိုင်ခြင်း၊ ထုတ်ကုန်တွေကို စစ်ထုတ်ပြီး ဝယ်ယူမှုတွေကို မိနစ်ပိုင်းအတွင်း အပြီးသတ် လုပ်ဆောင်နိုင်ပါတယ်။ အလုပ်များတဲ့ သူများ သို့မဟုတ် အချိန်ကို တန်ဖိုးထားတတ်သူများအတွက် ဒီလို အချိန်ချွေတာနိုင်ခြင်းက အထူးတန်ဖိုးရှိပါတယ်။

၅။ အိမ်အရောက်ပို့ခြင်း

အွန်လိုင်းရောင်းချခြင်းရဲ့ အဆင်ပြေဆုံး ကဏ္ဍများထဲက တစ်ခုမှာ အိမ်တိုင်ရာရောက်ပို့ခြင်းအတွက် ရွေးချယ်နိုင်မှု ဖြစ်ပါတယ်။ ဝယ်ယူသူတွေဟာ သူတို့ဝယ်ယူထားတဲ့ ပစ္စည်းတွေကို သူတို့ရဲ့ အိမ်ရှေ့တံခါးဝမှာပဲ လက်ခံရရှိနိုင်ပြီး လေးလံတဲ့အိတ်တွေကို သယ်ဆောင်ဖို့နဲ့ သယ်ယူပို့ဆောင်ရေးအတွက် စီစဉ်ရတဲ့ ခေါင်းရှုပ်စရာ ကိစ္စတွေကို ဖယ်ရှားနိုင်ပါတယ်။ ဒီဝန်ဆောင်မှုက လေးလံပြီး ထုထည်ကြီးတဲ့ ပစ္စည်းများအတွက်သာမက ကုန်ပစ္စည်း ဝယ်ယူကာ သယ်ယူဖို့ ခက်ခဲနေသူများအတွက်လည်း အထူးအကျိုးရှိပါတယ်။

၆။ လုံခြုံတဲ့ ငွေပေးချေမှု ရွေးချယ်စရာများ

အွန်လိုင်းလက်လီရောင်းချသူတွေဟာ လုံခြုံတဲ့ ငွေပေးချေမှုရွေးချယ်စရာတွေကို ပံ့ပိုးပေးပြီး ဝယ်ယူသူတွေရဲ့ ဘဏ္ဍာရေးအချက်အလက်များ လုံခြုံမှုနဲ့ ပုဂ္ဂလိက လုံခြုံမှုတို့ကို အာမခံပေးပါတယ်။ ယုံကြည်စိတ်ချရတဲ့ ငွေပေးချေမှုလမ်းကြောင်းတွေက

ငွေပေးငွေယူလုပ်ဆောင်ချက်အတွင်း အရေးကြီးတဲ့ အချက်အလက်တွေကို ကာကွယ်ပေးပြီး အွန်လိုင်းမှာ ဈေးဝယ်တဲ့အခါ ဝယ်ယူသူတွေကို စိတ်ပူစရာမလိုအောင် ဖန်တီးပေးနိုင်ပါတယ်။ ဒီလိုလုံခြုံမှုရှိခြင်းက ဝယ်ယူသူတွေရဲ့ ယုံကြည်မှုကိုတည်ဆောက်ဖို့နဲ့ ထပ်ခါတလဲလဲဝယ်ယူမှုများကို ဖြစ်လာစေဖို့အတွက် အရေးကြီးပါတယ်။

၇။ သုံးသပ်ချက်များနဲ့ အဆင့်သတ်မှတ်ချက်များ

အွန်လိုင်းစျေးကွက်တွေမှာ ဖောက်သည်တွေရဲ့ သုံးသပ်ချက်များနဲ့ ဆိုင်၊ လုပ်ငန်းအပေါ် အဆင့်သတ်မှတ်ချက် များကို ဖော်ပြထားလေ့ရှိပြီး ထုတ်ကုန်များရဲ့ အရည်အသွေးနဲ့ စွမ်းဆောင်ရည်ဆိုင်ရာ အချက်လက်တွေကို စတင်ဝယ်ယူမယ့်သူတွေအတွက် ဝယ်ယူမှုဆုံးဖြတ်ချက်တွေ မှန်မှန်ကန်ကန်ချမှတ်နိုင်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ဝယ်ယူသူများက တခြားစျေးဝယ်သူများထံမှ သုံးသပ်ချက်တွေကို ဖတ်ရှုနိုင်ပြီး ထုတ်ကုန်ရဲ့ အင်္ဂါရပ်များ၊ အကျိုးကျေးဇူးများနဲ့ ဖြစ်နိုင်ခြေရှိတဲ့ အားနည်းချက်များကို ပိုမိုနားလည်သဘောပေါက်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေက ဝယ်ယူသူတွေကို မှန်ကန်သင့်လျော်တဲ့ ဝယ်ယူမှု ဆုံးဖြတ်ချက်များချရာမှာ အထောက်အပံ့ဖြစ်စေပြီး ဝယ်ယူမှုနောက်ပိုင်း ပေါ်ပေါက်လာနိုင်တဲ့ မကျေနပ်မှု ဖြစ်နိုင်ခြေတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

၈။ တစ်ဦးချင်း အကြံပြုချက်များ ပေးနိုင်ခြင်း

အွန်လိုင်းကနေ လက်လီရောင်းချသူများစွာဟာ ဖောက်သည်တွေရဲ့ ကုန်ပစ္စည်း ရှာဖွေမှုမှတ်တမ်းနဲ့ ဝယ်ယူမှု ပုံစံတွေအပေါ်အခြေခံပြီး တစ်ဦးချင်းစီရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်များအရ သီးသန့်ပြုလုပ်ထားတဲ့ ထုတ်ကုန် အကြံပြုချက်တွေကို ပေးဆောင်ဖို့အတွက် အဆင့်မြင့် algorithms နည်းပညာကို အသုံးပြုနိုင်ပါတယ်။ ဒီလို တစ်ဦးချင်းစီအတွက် အံဝင်ခွင်ကျဖြစ်အောင် လုပ်ထားတဲ့ အတွေ့အကြုံက ဝယ်ယူသူတွေအတွက် စိတ်ဝင်စားမှုများ၊ နှစ်သက်မှုများနဲ့အညီ လိုက်လျောညီထွေဖြစ်စေတဲ့ ထုတ်ကုန်တွေကို အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ပြီး စျေးဝယ်မှု အတွေ့အကြုံကို မြှင့်တင်ပေးရုံသာမက ထပ်ခါတလဲလဲ ဝယ်ယူမှုဖြစ်နိုင်ခြေကို တိုးမြင့်လာစေပါတယ်။

၉။ အလွယ်တကူ ပြန်အမ်းငွေပေးနိုင်ခြင်းနဲ့လဲလှယ်ပေးမှုများ

အွန်လိုင်းလက်လီရောင်းချသူတွေဟာ ပုံမှန်အားဖြင့် လွယ်ကူတဲ့ ပြန်အမ်းငွေပေးခြင်းနဲ့ ပစ္စည်းလဲလှယ်မှု မူဝါဒတွေကို သတ်မှတ်ထားပြီး လိုက်လျောညီထွေရှိတဲ့ ဝန်ဆောင်မှုပြယုဒ်တစ်ခုအဖြစ် ဝယ်ယူသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုအတွက် ပံ့ပိုးလုပ်ဆောင်ပေးပါတယ်။ အွန်လိုင်းကနေ မှာယူလိုက်တဲ့ ထုတ်ကုန်တစ်ခုဟာ မျှော်လင့်ထားတဲ့အတိုင်း မကိုက်ညီပါက ဝယ်ယူသူတွေဟာ အလုပ်ရှုပ်စရာမလိုဘဲ ပြန်အမ်းငွေ ဒါမှမဟုတ် တခြားပစ္စည်းတစ်ခုနဲ့ လဲလှယ်ဖို့အတွက် မှာယူထားတဲ့ ပစ္စည်းကို ပြန်ပေးနိုင်ပါတယ်။ ဒီမူဝါဒက အွန်လိုင်းစျေးဝယ်ခြင်းကနေ ဆက်စပ်နေတဲ့ အန္တရာယ်ကို လျှော့ချပေးပြီး ဝယ်ယူသူတွေကို မဆိုင်းမတွ ချက်ချင်း ထုတ်ကုန်အသစ်တွေကို စမ်းသပ်ကြည့်ဖို့ တွန်းအားဖြစ်နိုင်ပါတယ်။

၁၀။ ဖောက်သည်မြဲမြံမှု အစီအစဉ်များနဲ့ ဆုလာဘ်များ

အွန်လိုင်းလက်လီရောင်းချသူများဟာ ထပ်ခါထပ်ခါ ပြန်လည်ဝယ်ယူသူတွေကို ဆုချဖို့ ဖောက်သည်မြဲမြံမှု အစီအစဉ်တွေကို အကောင်အထည်ဖော်လေ့ရှိပါတယ်။ ဒီအစီအစဉ်တွေမှာ လျှော့စျေးများပေးခြင်း၊ အထူးသီးသန့် ကမ်းလှမ်းမှုများပေးခြင်း၊ အခမဲ့ ပို့ဆောင်ပေးခြင်းကဲ့သို့ မက်လုံးများ ပေးဆောင်ကာ ဖောက်သည်များကို တစ်ဦးတည်းသော လက်လီရောင်းချသူထံမှ ဝယ်ယူမှုများစွာပြုလုပ်ဖို့ တွန်းအား ဖြစ်စေနိုင်ပါတယ်။ ဖောက်သည်မြဲမြံမှု အစီအစဉ်များဟာ ဖောက်သည်တွေကို ထိန်းထားနိုင်စေပြီး လုပ်ငန်းတွေနဲ့ ဖောက်သည်များကြား ရေရှည်ဆက်ဆံရေးကိုလည်း တည်ဆောက်ပေးနိုင်ပါတယ်။

အွန်လိုင်းရောင်းချခြင်းရဲ့ ဝယ်ယူသူအကျိုးခံစားခွင့် ပက်ကေ့ဂျ်ဟာ လက်ရှိမော်ဒန်ဈေးကွက်မှာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဆွဲဆောင်မှုရှိပြီး အွန်လိုင်းစျေးဝယ်ချန်နယ်တွေအတွက် ဝယ်ယူသူရဲ့ အကြိုက်ကို ဦးတည်စေနိုင်မယ့် အကျိုးကျေးဇူးများစွာကို ပေးဆောင်နိုင်ပါတယ်။ အဆင်ပြေလွယ်ကူမှုနဲ့ လိုက်လျော ညီထွေရှိတဲ့ ကုန်ပစ္စည်းရွေးချယ်မှု၊ ယှဉ်ပြိုင်စျေးနှုန်းကြောင့် ဈေးသက်သာမှု၊ အချိန်ကုန်သက်သာမှု၊ အိမ်အရောက်ပို့ဆောင်မှု၊ လုံခြုံတဲ့ငွေပေးချေမှု ရွေးချယ်စရာများ၊ ဝယ်ယူသူသုံးသပ်ချက်များ၊ ပုဂ္ဂိုလ်ရေးသီးသန့်အကြံပြုချက်များ၊ လွယ်ကူတဲ့ ပြန်အမ်းငွေပေးခြင်းများနဲ့ ဖောက်သည်မြဲမြံမှု အစီအစဉ်များအထိ အွန်လိုင်းရောင်းချမှုဟာ တိုးတက်ပြောင်းလဲနေတဲ့ လိုအပ်ချက်များ၊ မျှော်လင့်ချက်များနဲ့ ကိုက်ညီပြီး သာလွန်ကောင်းမွန်တဲ့ စျေးဝယ်အတွေ့အကြုံကို ပေးဆောင်ပါတယ်။ ယနေ့ဒစ်ဂျစ်တယ် အခင်းအကျင်းဟာ ဆက်လက်တိုးတက်ပြောင်းလဲ လာတာနဲ့အမျှ အွန်လိုင်းလက်လီ ရောင်းချသူများသာမက Ecommerce လုပ်ငန်းကြီးများကို တာဝန်ယူကိုင်တွယ်နေရတဲ့ operations မန်နေဂျာများကပါ ဝယ်ယူသူ အကျိုးခံစားခွင့်ပက်ကေ့ဂျ်များကို ဆန်းသစ်တီထွင်ကာ ဆက်လက်မြှင့်တင်ခြင်းဖြင့် လက်လီရောင်းချခြင်း လုပ်ငန်းမှာ အွန်လိုင်းရောင်းချခြင်းရဲ့ ဈေးကွက်လွှမ်းမိုးမှုကို ပိုမိုခိုင်မာစေမှာ ဖြစ်ပါတယ်။

Reference:

What are the benefits of selling products online?, Builderfly Ecommerce Platform to Sell Online & Grow Business. Available at: https://www.builderfly.com/what-are-the-benefits-of.../ (Accessed: 24 February 2024).

Malloy, Q. (2019) Benefits of E-commerce For Customers and Businesses, CloudTalk. Available at: https://www.cloudtalk.io/.../benefits-of-e-commerce-for.../ (Accessed: 24 February 2024).

U Myo Htet Naing

B.Com (Hons), M.Com (YIE)