How does Money Laundering work?

သမိုင်းမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဂိုဏ်းစတားတွေထဲကတစ်ယောက်ဖြစ်တဲ့ Al Capone ဟာဆိုရင် အလွန်ကြီးမားကျယ်ပြန့်တဲ့ စီးပွားရေးလုပ်ငန်းတွေကို သူ့ရဲ့ဒုစရိုက်အင်ပါယာကြီး အောက်ကနေ လုပ်ဆောင်ခဲ့ပြီး ချမ်းသာကြွယ်၀လာခဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမဲ့ Al Capone ကို ခုံရုံးတင်ပြီး တရားစွဲတဲ့ အခါမှာတော့ အခွန်ရှောင်လွဲမှုဆိုတဲ့အချက်မှအပ တခြားဥပဒေတွေနဲ့ အရေးယူလို့မရခဲ့ပါဘူး။ နှစ်စဉ် အမေရိကန်ဒေါ်လာ 100 Million ၊ ဒီနေ့ခေတ်ငွေတန်ဖိုးအရ 1.4 Billion ကျော်ကို အမျိုးမျိုး မသမာမှုနည်းလမ်းတွေနဲ့ ရှာဖွေခဲ့တယ်ဆိုတာကို သိပေမယ့်လည်း ဒီငွေတွေ ဘယ်မှာလဲဆိုတာမေးတဲ့အခါမှာတော့ တရားစွဲသက်သေပြဖို့ရာ အထောက်အထားမရှိခဲ့ပါဘူး။

ဘာကြောင့်ဆို Capone နဲ့ သူ့ရဲ့ အပေါင်းအပါတွေဟာ ဒီငွေတွေကို တခြားကြီးငယ်မရွေးစီးပွားရေး လုပ်ငန်းအသီးသီးမှာ ရှယ်ယာရှင်တွေအဖြစ်လည်း ရင်းနှီးမြှုပ်နှံထားသလို ဒီရှယ်ယာပဲနဲ့ လုပ်ငန်းခွဲတွေရဲ့ ပိုင်ဆိုင်မှုကိုလည်း လိုက်လံထောက်လှမ်းလို့ မရ‌အောင်ဖုံးကွယ်ထားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ကို ဥပမာပေးရမယ်ဆိုရင် နိုင်ငံခြားမှာ အများဆုံး တွေ့ရတဲ့ အကြွေစေ့ထည့် အ၀တ်လျှော်စက်တွေ (Laundry Machines) အတိုင်းပဲ စက်ရဲ့တည်ရှိမှုကို မျက်စိနဲ့တွေ့မြင်နိုင်ပေမယ့် နောက်ကွယ်မှာ ဘယ်သူပိုင်တယ်ဆိုတာကတော့ လုံး၀ကိုမသိနိုင်တဲ့အချက်နဲ့ ထပ်တူကျတာမလို့ ငွေကြေးခဝါချခြင်း (Money Laundering) လို့‌ခေါ်ဆိုရခြင်းပဲ ဖြစ်ပါတယ်။

ငွေကြေးခဝါချခြင်း (Money Laundering) ဆိုတာကတော့ တရားမ၀င်ငွေ၀င်လမ်းကြောင်း အသီးသီးမှ ရရှိတဲ့ မသန့်ရှင်းတဲ့၀င်ငွေတွေကို အ၀တ်လျှော်စက်ထဲမသန့်ရှင်းတဲ့အ၀တ်မှန်သမျှ ထည့်လျှော်ပြီး သန့်စင်အောင် လုပ်လိုက်တဲ့အတိုင်း သန့်ရှင်းတယ်လို့ထင်ရတဲ့ငွေအဖြစ် ပြုပြင်ပြောင်းလဲထားခြင်း ဖြစ်ပါတယ်။ ဒီဆောင်းပါးကို Capone ရဲ့ အကြောင်းနဲ့အစပြုထားလို့ Capone ကို ငွေကြေးခဝါချမှု ပထမဆုံးစလုပ်ခဲ့တဲ့လူလို့တော့ အမှတ်မမှားစေချင်ပါဘူး။ တကယ်တော့ ငွေကြေးခဝါချခြင်းဟာ လူ့သမိုင်းမှာ ငွေကိုစတင်အသုံးပြုခဲ့ကတည်းက စတင်‌ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ကုန်သည်တွေဟာ သူတို့ရဲ့ ကြွယ်၀ချမ်းသာမှုကိုဖုံးကွယ်ဖို့၊ ဓားပြတွေဟာလည်း သူတို့သိမ်းဆည်းမိတဲ့ပစ္စည်း‌တွေကို လူမသိအောင် ရောင်းချဖို့ အစရှိသဖြင့် အသုံးပြုခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ်နည်းပညာတွေ တိုးတက်လာပြီး လုပ်ဆောင်ပုံချင်း မတူညီကြပေမယ့်လည်း အခြေခံအားဖြင့်တော့ 1. Placement- နေရာချခြင်း။ 2. Layering - အလွှာထပ်ခြင်း။ 3. Integration - ပေါင်းစည်းခြင်းဆိုတဲ့ အဆင့်သုံးဆင့်ကို တော်တော်များများ လုပ်ဆောင်လေ့ရှိကြပါတယ်။

Placement: နေရာချခြင်းဆိုတာကတော့ မတရားတဲ့နည်းနဲ့ ရရှိလာတဲ့ငွေတွေကို Assets ရုပ်၀တ္ထု ပိုင်ဆိုင်မှုအဖြစ်နဲ့ အသွင်ပြောင်းနေရာချပြီး တရား၀င်သယောင်လုပ်ဆောင်ခြင်းပဲ ဖြစ်ပါတယ်။ များသောအားဖြင့် ဘဏ်တွေမှာ အကောင့်တစ်ခုဖွင့်ပြီး ငွေကိုစုထားတာ ဒါမှမဟုတ် ကုမ္ပဏီတစ်ခုခုမှာ ရှယ်ယာအဖြစ်ထည့်သွင်းပြီး စီးပွားရေးနယ်ပယ်က ကျွမ်းကျင်ပညာရှင်တစ်ဦးဦးရဲ့ အကူညီနဲ့ ဥပဒေပိုင်း ဆိုင်ရာအရ တရား၀င်မှုရအောင် အစရှိတာတွေကို ပြုလုပ်လေ့ရှိပါတယ်။

Layering: အလွှာထပ်ခြင်းဆိုတဲ့အတိုင်း ငွေကြေးဆိုင်ရာလွှဲပြောင်းမှု transactions တွေကို အလွှာအဆင့် များအောင်ပြုလုပ်ပြီး ငွေကိုစတင်ရရှိတဲ့ မူရင်းပင်မရေသောက်မြစ်ကို ဖုံးကွယ်ဖို့ ကြိုးစားကြပါတယ်။ Bank accounts တွေကို အများပြားဖွင့်ပြီး အဆင့်ဆင့်လွှဲပြောင်းတာ၊ ပြန်လည် ရောင်းချနိုင်တဲ့ ပစ္စည်းတွေကို ၀ယ်ယူတာ၊ ငွေကြေးပမာဏ အများအပြား လည်ပတ်နေတဲ့ Casino တွေမှာ ရင်းနှီးမြှုပ်နှံတာ စတဲ့ အလွှာ အဆင့်ဆင့်ထပ်ခြင်းကို ပြုလုပ်လေ့ရှိကြပါတယ်။

Integration: ပေါင်းစည်းခြင်းအဖြစ် နောက်ဆုံးအဆင့်အနေနဲ့ ရှေ့အဆင့်နှစ်ဆင့်ကိုဖြတ်သန်းပြီး သန့်စင်ကာ ရရှိလာတဲ့ငွေတွေကို ငွေအမြဲလည်ပတ်နေတဲ့ စီးပွားရေးစနစ်ထဲကို ပြန်လည်ပေါင်းစည်း ထည့်သွင်းကြပါတယ်။ ဒီပေါင်းစည်းတဲ့အဆင့်ကတော့ ဒုစရိုက်သမားတွေအတွက် အဓိကအမြတ်ရစေတဲ့ အဆင့် ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းကြီးတွေမှာ တရား၀င်ရှယ်ယာ၀ယ်ယူတာ၊ payment invoices အတုတွေ ဖန်တီးပြီး expenses အဖြစ် လိမ်လည်တာ၊ Charity အဖွဲ့အစည်းတစ်ခု တည်ထောင်ပြီး ရန်ပုံငွေအဖြစ် သတ်မှတ်တာ၊ Board of Directors အဖြစ်ပါ၀င်ပြီး အဆမတန်များပြားတဲ့ လစာကိုရယူတာ စတဲ့ အခွင့်အရေးအမျိုးမျိုးနဲ့ ပေါင်းစပ်အသုံးချပြီး မသန့်ရှင်းတဲ့ငွေကို အသွင်းပြောင်းကြတာကြောင့်လည်း ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ 1986 မတိုင်ခင်အထိ အခွန်ရှောင်တဲ့အမှုကိုပဲ အမြဲတစေသတိထား‌ စောင့်ကြည့်ခဲ့တဲ့အတွက် 1986 မှပဲ ငွေကြေးခဝါချမှု Money Laundering ကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ နိုင်ငံတကာမှာရှိကြတဲ့ United Nations၊ နိုင်ငံအသီးသီးရဲ့အစိုးရတွေ၊ Non-profit အဖွဲ့အစည်းတွေ အကုန်လက်တွဲပြီး ငွေကြေးခဝါချမှုကို တိုက်ဖျက်နေကြပါတယ်။ နှစ်စဉ်ငွေကြေးခဝါချမှု ပမာဏ အတိအကျကိုတော့ ဘယ်သူမှမပြောနိုင်ကြပေမယ့်လည်း သန်းထောင်ချီတဲ့ ငွေပမာဏတော့ ရှိကြမယ်လို့ ခန့်မှန်းကြသလို ခန့်မှန်းတဲ့အတိုင်း အလွန်များပြားတဲ့ ငွေကြေးခဝါချမှုဖြစ်စဉ်တွေဟာလည်း ယနေ့ထိ ဆက်လက်ဖြစ်ပွားလျက်ရှိနေပါတော့တယ်။

https://youtu.be/257wV-AbKaE/si=pDf2PoJA04AenIb9

Paing Soe Myat

SFU Media Club

Undergraduate Programme