မိမိရဲ့လုပ်ဆောင်နိုင်စွမ်းတွေကို လျှော့မတွက်ပါနဲ့

ဘဝမှာ အသစ်အဆန်းတစ်ခုခု စတင်ဖို့ကြောက်ရွံ့ခဲ့ဖူးပါသလား။ ထိုင်နေရင်အကောင်း ထသွားမှ ကျိုးနေတယ်ဆိုသလို အသစ်အဆန်းတစ်ခုခုကို စိန်ခေါ်မိကာမှ မှားယွင်းလွဲချော်သွားမယ့် အဖြစ်မျိုးအတွက် စိတ်ဖိစီးတတ်ကြပါတယ်။ အဲ့လိုကြောက်ရွံ့စိတ်၊ ဖိစီးတဲ့စိတ်တွေဟာ ဦးနှောက်ထဲက အကောင်းမြင်စိတ်တွေကို လုံးဝပျောက်ဆုံးသွားတဲ့အထိဖြစ်စေပြီး အသစ်အဆန်းဆိုတာကိုကြားတာနဲ့ အမြဲတမ်း ငြင်းဆန်မိနေတော့တာ ပါပဲ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် လျှော့တွက်အထင်သေးပြီး ငါတော့မလုပ်နိုင်လောက်ပါဘူး ဆိုတဲ့စိတ်တစ်ခုက ကြီးစိုးထားမယ်ဆိုရင် သင်ဟာရောက်သင့်ရောက်ထိုက်တဲ့ အမြင့်တစ်နေရာဆီကိုရောက်ဖို့အတွက် အချိန်တွေ အများကြီးကြန့်ကြာနေပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ် လျှော့တွက်မိတဲ့စိတ်ဆိုတာ သင့်ကိုယ်သင်တောင်သတိမထားမိတဲ့အရွယ်ကတည်းက စတင်အရင်းခံလာခဲ့တာပါ။ ဥပမာ- ကျောင်းစာသင်ခန်းထဲမှာ မေးတဲ့မေးခွန်းရဲ့အဖြေကို သိနေပေမယ့် လက်ထောင်ပြီး ဖြေဆိုဖို့မကြိုးစားတာမျိုး၊ အလုပ်မှာဆိုလည်း ကိုယ့်မှာအကြံဥာဏ်ကောင်းတွေရှိနေပေမယ့် မျှဝေဖို့တွန့်ဆုတ်နေမိတာမျိုးပေါ့။ ဒါတွေက ကိုယ့်ရဲ့လုပ်နိုင်စွမ်းအပေါ် လျှော့တွက်အထင်သေးနေမိတာဖြစ်သလို သင့်အမြင်ကို တခြားသူတွေက ငြင်းပယ်လိုက်မှာ စိုးရိမ်နေတဲ့စိတ်တစ်ခုရှိနေခြင်းကြောင့် ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကိုယ့်ရဲ့အကြံဉာဏ်တွေကို နှုတ်ဆိတ်နေလိုက်ပြီး တခြားသူတွေပြောတာကိုပဲ နားထောင် လိုက်တယ်။ မလုပ်နိုင်လောက်ပါဘူးဆိုပြီး လျှော့တွက်လိုက်မိတဲ့အကြိမ်တိုင်း သင်ဟာလုံလောက်တဲ့ စွမ်းဆောင်ရည်နဲ့စိတ်ကူးဉာဏ်တွေ ရှိမနေဘူးဆိုပြီး အရိုးစွဲနေတဲ့စိတ်ဓာတ်ကျစရာအယူအဆကို ပိုပြီးခိုင်မာ သွားစေပါတယ်။

ဒါဆိုရင် ကိုယ့်ကိုယ်ကိုယ် လျှော့တွက်နေမိတာကို ဘယ်လိုကျော်လွှားကြမလဲ? ပထမဆုံးအနေနဲ့ အောင်မြင်ခဲ့တဲ့အချိန်ကာလတွေကို ပြန်ပြီးစဉ်းစားသုံးသပ်ကြည့်ပါ။ လူတိုင်းကတော့ ဘဝမှာအောင်မြင်မှုလို့ သတ်မှတ်လို့ရတဲ့အရာတွေ ရှိတတ်ကြတာပါပဲ။ ပထမဆုံးအလုပ်ကို ငါတို့ဘယ်လိုရခဲ့တာလဲ? တခြားသူတွေနဲ့ ယှဉ်ပြိုင်ပြီးမှ ရခဲ့တာမဟုတ်လား။ ကြီးကြီးမားမားမဟုတ်ရင်တောင် ရိုးရှင်းတဲ့အောင်မြင်မှုမျိုး သင့်မှာလည်း တစ်ခုခုရှိနေမှာ သေချာပါတယ်။ တကယ်လို့ သင်ဟာအရောင်းပိုင်းဝန်ထမ်းတစ်ယောက်သာဆိုရင် သင့်ရဲ့ ပထမဆုံး ရောင်းချမှုလေးပဲဖြစ်ဖြစ်ပေါ့။ ဒါမှမဟုတ်လည်း ဆက်ဆံရခက်ခဲတဲ့ဝယ်သူကို သင်ကောင်းကောင်း ကိုင်တွယ်ရောင်းချနိုင်ခဲ့တဲ့ဖြစ်ရပ်မျိုးကိုလည်း ပြန်တွေးနိုင်ပါတယ်။

ကျွန်ုပ်တို့အားလုံးမှာ ဘယ်လိုခက်ခဲမှုမျိုးကိုမဆို ရင်ဆိုင်နိုင်တဲ့ မတူညီသောစွမ်းရည်တွေ အသီးသီး ပိုင်ဆိုင်ထားကြပါတယ်။ အဲ့ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ နှိုင်းယှဉ်နေမိတာမျိုးမလုပ်ပါနဲ့။ သူများနည်းတူ မလုပ်နိုင်တာမျိုးမဟုတ်ဘဲ ပြဿနာကို ရင်ဆိုင်ဖြေရှင်းမယ့်နည်းလမ်းနဲ့ စွမ်းရည်တွေ မတူညီကြ ရုံပါပဲ။ ကိုယ့်ကိုယ်ကိုယ် လျှော့တွက်ပြီးမလုပ်နိုင်လောက်ပါဘူးဆိုတဲ့အတွေးက ဘဝအတွေ့အကြုံတွေ၊ ရည်မှန်းချက်ပန်းတိုင်တွေကို ကန့်သတ်လိုက်သလို ဖြစ်စေပါတယ်။ အဖွဲ့အစည်းရဲ့ခေါင်းဆောင်အနေနဲ့ ဝန်ထမ်းတိုင်းကို သူတို့ရဲ့အတွေးအမြင်ကို မျှဝေဖို့အားပေးတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးသင့်ပါတယ်။ လက်အောက်ငယ်သားတွေဆီက ဆန်းသစ်တဲ့ အတွေးအခေါ်ြဖစ်စေ၊ သာမန်မထူးဆန်းတဲ့ အကြံဉာဏ်မျိုး ပေးလာပါစေ အထင်သေးတဲ့စိတ်နဲ့ နားထောင်တာမျိုးမလုပ်ပါနဲ့။

ဒီဆောင်းပါးကိုရေးနေရင်း ပထမဆုံးမန်နေဂျာရာထူးရခဲ့တဲ့ကာလကို ပြန်တွေးမိပါတယ်။ အရောင်းဌာနမှာ ၁၀ နှစ်ကျော်လုပ်ခဲ့ပြီး စီမံခန့်ခွဲမှုနဲ့ပတ်သက်လို့ ထူးထူးခြားခြားအတွေ့အကြုံမရှိခဲ့တာက မန်နေဂျာရာထူးအတွက် ခက်ခဲမှုတစ်ခုပါပဲ။ ငါမလုပ်နိုင်လောက်ဘူး၊ လက်လျှော့လိုက်တော့မယ်ဆိုတဲ့ အတွေးတွေအမြဲတမ်းဝင်ခဲ့တယ်။ ဒါပေမဲ့ ဘာမှတောင်မလုပ်ကြည့်ရသေးဘဲ ဆိုတဲ့စိတ်နဲ့အားပြန်တင်းရင်း အရောင်းဌာနမှာ နှစ်တွေအများကြီးအလုပ်လုပ်ခဲ့တဲ့ အတွေ့အကြုံတွေကို ခေါင်းဆောင်မှုကဏ္ဍမှာ ဘယ်လိုအသုံးပြုနိုင်မလဲဆိုတာ အဖြေထုတ်ခဲ့တယ်။ အလုပ်လုပ်ခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ တွေ့ခဲ့ဖူးတဲ့ မန်နေဂျာတွေ၊ ကြုံခဲ့ဖူးတဲ့အထက်လူကြီးတွေအကြောင်းကို ပြန်စဉ်းစားတယ်။ သူတို့ဆီက ကောင်းမွန်တဲ့ နည်းဗျူဟာတွေကို လက်တွေ့မှာအသုံးချဖို့ ကြိုးစားကြည့်တယ်။ လူတိုင်းက ကိုယ့်အထက်လူကြီးနဲ့ပတ်သက်ပြီး “ငါသာခေါင်းဆောင်တစ်ယောက်ဖြစ်လာရင် ဒီလိုနည်းလမ်းတွေကိုမလုပ်ဖူး” ဒါမှမဟုတ် “လေးစားဖို့ ကောင်းလိုက်တာ” ဆိုပြီးတွေးဖူးကြစမြဲပါ... ဒါကြောင့် အတုမယူသင့်တာကိုချန်ထားခဲ့ပြီး ပြောင်းလဲသင့်တဲ့ နည်းစနစ်တွေကို အပြောင်းအလဲလုပ်ခဲ့တယ်။  ဒီလိုနဲ့ပဲ အသေးအဖွဲအတွေ့အကြုံလေးတွေကနေ တစ်နေ့ထက် တစ်နေ့ ယုကြည်မှုရလာတယ်။ နောက်ထပ်သိလိုက်ရတဲ့ အဖိုးတန်အသိတစ်ခုကတော့ ကိုယ့်ရဲ့စွမ်းဆောင် နိုင်စွမ်းကိုယုံကြည်ပြီး အသစ်အဆန်းတွေကို လက်ခံသင့်တယ်ဆိုတာပါပဲ။ ကိုယ့်ရဲ့လုပ်နိုင်စွမ်းအတိုင်း အတာကိုမသိဘဲ စောစောစီးစီးလက်မလျှော့လိုက်တာ ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်ရမှာပါ။

ကိုယ့်ရဲ့အားနည်းချက်တွေကို နားလည်တာကောင်းတယ်ဆိုပေမယ့် “Never Underestimate Yourself Just Because Other People Don’t Believe in You” ဆိုတဲ့စာစုလေးအတိုင်း သူများတွေ ကိုယ့်ကို အားမပေးလို့ မယုံကြည်လို့ဆိုပြီး ကိုယ့်ကိုယ်ကိုယ်လျှော့မတွက်မိပါစေနဲ့။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လိုက်ပါ။ သင်ဟာ သင် တွေးထင်ထားတဲ့ အတိုင်းအတာထက် ပိုပြီးလုပ်ဆောင်နိုင်တဲ့အရည်အချင်းရှိပါတယ်။

Three Word Meetings website မှ “Never Underestimate Yourself” ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါတယ်။

                                               

Daw Theint Thinzar

BE (Civil-West Yangon Technological University)

M.Sc (Construction Project Mgt),

Heriot-Watt University