“ 2024 ခေတ်ရေစီးကြောင်းမှာ သင်ယူမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းများ ”

လုပ်ငန်းများရဲ့အနာဂတ်တွေက လူသားတို့ရဲ့ကျွမ်းကျင်မှုများအပေါ် မူတည်နေသည်မှာ ငြင်းမရနိုင်လောက်အောင် မှန်ကန်ပါတယ်။ ဒါကိုကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြီးကြောင့် ပိုပြီးထင်ရှားစွာ လက်တွေ့မြင်နိုင်ခဲ့ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေမှာ နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုကို အလေးပေးရွေးချယ်ပေမယ့်လည်း လုပ်ငန်းခွင်အတွင်း လိုက်လျောညီထွေရှိပြီး သွက်လက်စွာ သင်ယူနိုင်တဲ့သူတစ်ဦးချင်းစီရဲ့တန်ဖိုးကို အသိအမှတ်ပြုမှုများလည်း မြင့်တတ်လာပါတယ်။ တိုးတက်ပြောင်းလဲလာတဲ့ကမ္ဘာကြီးမှာ ကျွမ်းကျင်မှုဆိုင်ရာ လိုအပ်ချက်များအပြင် AI နဲ့ နည်းပညာများ လျင်မြန်စွာ တိုးတက်လာခြင်း၊ လုပ်သားစျေးကွက် အပြိုင်အဆိုင်များလာခြင်းတွေကြောင့် ကုမ္ပဏီအများစုက သူတို့ရဲ့ဝန်ထမ်းများ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လေ့ကျင့်သင်ကြားပေးရေးတို့အတွက် ဦးစားပေးရင်းနှီးမြှုပ်နှံရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း သဘောပေါက်လာစေပါတယ်။

2024 ခုနှစ်အတွက် Learning & Development (L&D) လမ်းကြောင်းများကို စူးစမ်းလေ့လာတဲ့အခါမှာ စီးပွားရေး လုပ်ငန်းများက အပြိုင်အဆိုင် ဆက်လက်တည်ရှိနေမှာဖြစ်တာကြောင့် လက်ရှိ L&D အခြေအနေကို သေချာနားလည် သဘောပေါက်ထားရမှာပဲ ဖြစ်ပါတယ်။ လုပ်ငန်းများမှာ လုပ်သားများရဲ့ကျွမ်းကျင်မှု လိုအပ်ချက်များ၊ ခေတ်မီ လုပ်ငန်းခွင်များရဲ့ လိုအပ်ချက်များနဲ့ကိုက်ညီပြီး ထိရောက်တဲ့ လေ့ကျင့်ရေးအစီအစဉ်များကို လုပ်ဆောင်နိုင်ဖို့အတွက် အသင်းအဖွဲ့လိုက် သင်ယူမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဗျူဟာများကို နားလည်ခြင်းက အထောက်အကူ ဖြစ်စေပါတယ်။

အဖွဲ့အစည်းများက Gen Z အရည်အချင်းများကို ထိထိရောက်ရောက် ထိတွေ့ဆက်ဆံနိုင်ဖို့နဲ့ လျင်မြန်စွာပြောင်းလဲနေတဲ့ ပြင်ပလောကနဲ့ လိုက်လျောညီထွေမှုနှုန်းကိုလည်း ချိန်ညှိသင့်ပါတယ်။ LinkedIn Workplace Learning Report 2019 အရ ကုမ္ပဏီများက ဝန်ထမ်းများသင်ကြားလေ့ကျင့်ရေးအတွက် တန်ဖိုးထားမှုမရှိတာ တွေ့ရတယ်လို့ဆိုပါတယ်။ ဝန်ထမ်း 94% ကတော့ သူတို့ရဲ့ လေ့လာသင်ယူမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံမှုများရှိခဲ့ရင် လက်ရှိကုမ္ပဏီမှာ ကြာကြာနေမယ်လို့ ပြောခဲ့ကြပါတယ်။

“2024 အတွက် အဓိက သင်ယူမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းများ”

သင်ယူမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု Learning & Development (L&D) ပဏာမခြေလှမ်းများကို အကောင်အထည်ဖော်တဲ့အခါမှာ အဖွဲ့အစည်းများက လေ့ကျင့်ရေးနယ်ပယ်နဲ့ လေ့ကျင့်လုပ်ဆောင်ပေးနိုင်မှုအကြိမ်ရေကို ဆုံးဖြတ်ရပါမယ်။ အဖွဲ့အစည်းများ ထည့်သွင်းစဉ်းစားရမယ့် အရေးကြီးဆုံးအချက်တစ်ချက်ကတော့ ဝန်ထမ်းများနှစ်သက်တဲ့ သင်ယူမှုနည်းလမ်း/ သင်တန်းများသာ ဖြစ်ပါတယ်။ ဝန်ထမ်းများကြား လူကြိုက်အများဆုံးမှာ အွန်လိုင်း/ Self-paced သင်တန်းများ ဖြစ်ပါတယ်။

“ အဖွဲ့အစည်းဆိုင်ရာ တာ၀န်ယူဖြေရှင်းနိုင်မှု၊ စိန်ခေါ်မှုအသစ်များနှင့် အချိန်တိုအတွင်း လိုက်ရောညီထွေဖြစ်မှု (Agility) များအတွက် စဉ်ဆက်မပြတ် သင်ယူခြင်း ”

စျေးကွက်ဆိုင်ရာ ပြဿနာများကို လျင်မြန်စွာလိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ဖို့လိုအပ်တာကြောင့် အဖွဲ့အစည်းရဲ့ တာ၀န်ယူ ဖြေရှင်းနိုင်မှုအပေါ် အာရုံစိုက်လာမှုက ပြင်းထန်လာပါတယ်။ Deloitte စစ်တမ်းမှ လုပ်ငန်းအမှုဆောင်အရာရှိများရဲ့ 85% က ပြဿနာများကို ပိုမိုလျင်မြန်တဲ့ ချဉ်းကပ်မှုများနဲ့ ရှာဖွေနေကြောင်း ထုတ်ဖော်ပြသခဲ့ပါတယ်။ အဖွဲ့အစည်းဆိုင်ရာ တာ၀န်ယူဖြေရှင်းနိုင်မှုများကို မြှင့်တင်ဖို့အတွက် အဓိကသော့ချက်မှာ စဉ်ဆက်မပြတ် လေ့လာသင်ယူမှုအလေ့အကျင့်ကို မွေးမြူခြင်းပဲ ဖြစ်ပါတယ်။ လေ့ကျင့်သင်ကြားမှုများက ဝန်ထမ်းများအား အခြေအနေသစ်များကို လျင်မြန်စွာ လိုက်လျော ညီထွေဖြစ်စေနိုင်ခြင်း၊ စီးပွားရေးလောကရဲ့ လျင်မြန်စွာပြောင်းလဲနေတဲ့ အခြေအနေများကိုပင် ထိထိရောက်ရောက် တုံ့ပြန်နိုင်ခြင်း စတဲ့စွမ်းအားများကို ပေးစွမ်းနိုင်ပါတယ်။ အဖွဲ့အစည်းရဲ့ တာ၀န်ယူဖြေရှင်းနိုင်မှုနဲ့ စိန်ခေါ်မှုအသစ်များအပေါ် အချိန်တိုအတွင်း လိုက်လျောညီထွေဖြစ်မှု (organizational agility) ကို အသိအမှတ်ပြုလက်ခံခြင်းက ကုမ္ပဏီနဲ့ သူတို့ရဲ့ လုပ်သားများအတွက် သိသာထင်ရှားတဲ့ အကျိုးကျေးဇူးများ ဖြစ်ထွန်းစေပါတယ်။

“ Upskilling and Reskilling ”

LinkedIn ရဲ့ L&D ကျွမ်းကျင်ပညာရှင်များရဲ့ စစ်တမ်းတစ်ခုမှာ ဝန်ထမ်းများရဲ့ကျွမ်းကျင်မှုကို ပြုစုပျိုးထောင်ပေးခြင်းက အဖွဲ့အစည်းများအား အလုပ်ရဲ့အနာဂတ်ကို လမ်းညွှန်ဖို့ကူညီပေးရာမှာ 89% အထောက်အကူဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ စီမံခန့်ခွဲမှု၊ ဆက်သွယ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်းနဲ့ ခေါင်းဆောင်မှုပိုင်းတို့အပါအဝင် သီးခြားကျွမ်းကျင်မှုများက အရေးကြီးလာတာကြောင့် စဉ်ဆက်မပြတ်သင်ယူမှုနဲ့ ကျွမ်းကျင်မှုအသစ်များရရှိဖို့ ကြိုးပမ်းမှုများက အထူးအရေးကြီး လာပါတယ်။ PwCရဲ့ “အနာဂတ်လုပ်သားအင်အား”ခေါင်းစဉ်ဖြင့် အစီရင်ခံစာတစ်ခုမှာ အလုပ်သမား 74% က အလုပ် ဆက်လက်ရပ်တည်ဖို့အတွက် သူတို့ရဲ့အရည်အချင်းများကို မြှင့်တင်လိုကြကြောင်း ဖော်ပြခဲ့ကြပါတယ်။

“ ဝန်ထမ်းကိုဦးစားပေးတဲ့ သင်ယူမှု အတွေ့အကြုံများ ”

အဖွဲ့အစည်းတစ်ခုရဲ့ သင်ယူမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု (L&D) ရဲ့အောင်မြင်မှုက အခြေခံအားဖြင့် ဝန်ထမ်းတစ်ဦးချင်းစီရဲ့ သင်ယူလေ့လာမှုခရီးတစ်လျှောက် အောင်မြင်မှုအပေါ်မှာ အခြေခံပါတယ်။ ဝန်ထမ်းများကို နေရာပေးကာ သင်ယူမှု အတွေ့အကြုံတစ်ခုစီတိုင်းကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်းဖြင့် လုပ်ငန်းများဟာ သူတို့ရဲ့ လေ့ကျင့်သင်ကြားရေး အစီအစဉ်များ ထိရောက်မှုကို သိသိသာသာမြှင့်တင်နိုင်ပြီး အဓိကပန်းတိုင်များဆီ ပိုမိုနီးကပ်စေပါတယ်။ ဒီနိယာမက ဝန်ထမ်းဗဟိုပြုသင်ကြားရေးအလေ့အထရဲ့ အခြေခံအုတ်မြစ်ဖြစ်ပြီး အဖွဲ့အစည်းများကို ရှေ့သို့တွန်းပို့ဖို့အတွက် တစ်ဦးချင်းစီရဲ့တိုးတက်မှုကို ပြုစုပျိုးထောင်ပေးခြင်းပဲ ဖြစ်ပါတယ်။ အဖွဲ့အစည်းများဟာ ဝန်ထမ်းတစ်ဦးစီရဲ့ သင်ယူမှု ခရီးစဉ်တစ်လျှောက်လုံးကို စေ့စေ့စပ်စပ်ဆန်းစစ်ဖို့နဲ့ သင်ယူမှုအတွေ့အကြုံများကို မြှင့်တင်ဖို့အတွက် တွန်းအားပေးရပါမယ်။ သူတို့ရဲ့ ကွဲပြားတဲ့ သင်ယူမှု၊ နှစ်သက်မှုများ၊ အသက်မွေးဝမ်းကြောင်း ရည်မှန်းချက်များနဲ့ အဖွဲ့အစည်းအတွက် ပြုလုပ်ပေးနိုင်တဲ့ လုပ်ဆောင်မှုများကို အမြဲတမ်းစူးစမ်းလေ့လာဖို့ လိုအပ်ပါတယ်။

“ ကျန်းမာရေးဆိုင်ရာ အစီအစဉ်များနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေး ပံ့ပိုးမှုများ ”

ကျန်းမာပြီး အလုပ်-ဘဝ ဟန်ချက်ညီအောင် ထိန်းသိမ်းခြင်းရဲ့ စိန်ခေါ်မှုများက ဝန်ထမ်းများစွာကို ပင်ပန်းနွမ်းနယ်မှုတို့ဖြင့် ရင်ဆိုင်ရစေပြီး နောက်ဆုံးမှာ စွမ်းဆောင်ရည် ကျဆင်းလာခြင်း၊ အလုပ်ပျက်ကွက်ခြင်းနဲ့ ရာထူးမှနုတ်ထွက်ခြင်းတို့ကို ဖြစ်စေပါတယ်။ လုပ်သားများရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ အဖက်ဖက်က အရေးကိစ္စတို့ကို ပံ့ပိုးဖို့လိုအပ်ပါတယ်။ စိတ်ဖိစီးမှုကိုစီမံခန့်ခွဲခြင်း၊ အပြုသဘောဆောင်တဲ့ အတွေးအမြင်များကို ပြုစုပျိုးထောင်ခြင်း၊ သတိပဋ္ဌာန်လေ့ကျင့်ခြင်းနဲ့ အချိန်စီမံခန့်ခွဲမှု သင်တန်းများပေးခြင်း စတဲ့ မရှိမဖြစ်လိုအပ်တဲ့ ကျွမ်းကျင်မှုများ ပါဝင်ပါတယ်။ ဝန်ထမ်းများအား အဲ့ဒီအရေးကြီးတဲ့ ကျွမ်းကျင်မှုသင်တန်းများ လုပ်ဆောင်ပေးခြင်းက လုပ်ငန်းခွင်ဖိအားများကြားမှ အလုပ်ကို ထိရောက်စွာ လုပ်ဆောင်နိုင်စေပြီး ပင်ပန်းနွမ်းနယ်မှုဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

"နိဂုံး"

နည်းပညာတိုးတက်လာမှုရဲ့ အရှိန်အဟုန်နဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အလုပ်အကိုင်ဈေးကွက်တွေက အဖွဲ့အစည်းများကို ဝန်ထမ်းဖွံ့ဖြိုးတိုးတက်ရေးများနဲ့ လေ့ကျင့်ရေးများမှာ ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံဖို့အတွက် တွန်းအားပေးလျက်ရှိပါတယ်။ နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများက စက်မှုလုပ်ငန်းများကို အစဉ်တစိုက် ပြန်လည်ပုံဖော်ပေးကာ ဝန်ထမ်းများရဲ့ တိုးတက်မှုများကို အသုံးချနိုင်ဖို့နဲ့ ကျွမ်းကျင်မှုစွမ်းရည်များကို ထိရောက်စွာ လေ့ကျင့်ပေးတဲ့ အဖွဲ့အစည်းများကို လိုအပ်ပါတယ်။ အဲ့ဒီလို လုပ်ဆောင်ဖို့ ပျက်ကွက်ခြင်းက လျင်မြန်စွာပြောင်းလဲနေတဲ့ စီးပွားရေးလောကထဲမှာ ခေတ်နောက်ကျ ကျန်ခဲ့သွားနိုင်ပါတယ်။

ဒါ့အပြင်၊ ကျွမ်းကျင်တဲ့ ပညာရှင်များကို ဆွဲဆောင်ခြင်းနဲ့ ရေရှည်ထိန်းသိမ်းထားခြင်းက ယနေ့ခေတ်ပြိုင်ဆိုင်မှု မြင့်မားလာတဲ့ အလုပ်အကိုင်ဈေးကွက်များကြားမှာ အရေးပါတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။ ဝန်ထမ်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံတဲ့ကုမ္ပဏီများက ထိပ်တန်းအရည်အချင်းများဖြင့် ဆွဲဆောင်နိုင်ရုံသာမက ကျွမ်းကျင်ပညာရှင်များကို ဆက်လက်ထိန်းသိမ်းထားနိုင်ပါတယ်။ အဲ့ဒီလို ရင်းနှီးမြှုပ်နှံမှုများကို လျစ်လျူရှုထား သူများအနေနဲ့ သူတို့ရဲ့တန်ဖိုးအရှိဆုံးသော ပိုင်ဆိုင်မှုများကို ဆုံးရှုံးနိုင်ခြေရှိပါတယ်။ သင်ယူခြင်းနဲ့ ဖွံ့ဖြိုးတိုးတက်ရေး (L&D) မဟာဗျူဟာများကို ပြုပြင်ပြောင်းလဲခြင်းက လုပ်သားအင်အားလိုအပ်ချက်များနဲ့ ခေတ်မီစီးပွားရေးလောကမှာ လိုက်လျောညီထွေဖြစ်စေဖို့နဲ့ အဖွဲ့အစည်းဆိုင်ရာ ဆက်လက်ရပ်တည်ဖို့အတွက် မရှိမဖြစ် လိုအပ်လာပါတယ်။

Skilllake.com website မှ Top 5 Learning and Development Trends For 2024 ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းပဲ ဖြစ်ပါတယ်။

Daw Zin Lin Htet

BE (Civil-MGTU) M.Sc (Construction Project Mgt), Heriot-Watt University