ဆရာတစ်‌ယောက်ဖြစ်ဖို့

ဆရာကောင်းတစ်‌ယောက်ဆိုတာ...

ဆရာ၊ဆရာမကောင်းဆိုတာ ကျောင်းသား၊ကျောင်းသူများအတွက် သူတို့မျှော်လင့်ထားတဲ့ မျှော်လင့်ချက်များထက်ကျော်လွန်ပြီး ကောင်းမွန်မှန်ကန်တဲ့ လမ်းပြမှုနဲ့ သင်ကြားပြပေးနိုင်တဲ့သူကို ဆိုလိုပါတယ်။ အဲ့လို ဆရာ၊ဆရာမတစ်ဦးဆိုတာက သင်ကြားရေးမှာ ထူးချွန်ရုံသာမကဘဲ ကျောင်းသား၊ကျောင်းသူ များရဲ့ စွမ်းဆောင်ရည်များကိုလည်း တိုးတက်စေနိုင်ကာ ကောင်းမွန်တဲ့ပြောင်းလဲမှုများကို အပြောင်းအလဲ ဖြစ်စေခြင်းတို့မှာ အထူးကျွမ်းကျင်ဖို့လိုအပ်ပါတယ်။ တော်ပြီးထက်မြက်တဲ့ ဆရာ၊ဆရာမဆိုတာ ပထမဦးစွာ မိမိဘာသာရပ်နဲ့ဆိုင်တဲ့ အတတ်ပညာ အတွေး အခေါ်ကို နက်ရှိုင်းစွာနားလည်ရပါမယ်။ အခြေခံအယူအဆတွေ၊ သီအိုရီတွေနဲ့ အသုံးချနည်းတွေကို ရှင်းလင်းစွာ ဖော်ပြနိုင်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် သင်ကြားမှုနဲ့ပတ်သက်တဲ့ နောက်ဆုံးရသုတေသနများ၊ လေ့လာမှုများကိုလည်း လိုက်လံဖတ်ရှုပြီး မိမိသင်ကြားရေးနည်းစနစ်များကို တိုးတက်အောင် ဆောင်ရွက် သင့်ပါတယ်။ အတူတကွ သင်ကြားရေးမှာတော့ အဓိကထားရမယ့်အချက်တစ်ခုမှာ ကျောင်းသား၊ကျောင်းသူ များရဲ့ အလိုအလျောက် သင်ယူခြင်းကို ဦးစားပေးခြင်းဖြစ်ပါတယ်။

တော်ပြီးထက်မြက်တဲ့ဆရာ၊ဆရာမဆိုတာ ကျောင်းသား၊ကျောင်းသူများကို သင်ယူဖို့အတွက် လိုလားစိတ် ဖြစ်ပေါ်စေဖို့ အားပေးခြင်းနဲ့စိတ်ပါဝင်စားစေခြင်းတို့ကို လုပ်ဆောင်နိုင်ပါတယ်။ ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းစီရဲ့ အားသာချက်များနဲ့ အားနည်းချက်များကို သေချာလေ့လာပြီး သင်ယူမှု လိုအပ်ချက် များနဲ့ ကိုက်ညီစေဖို့ သင်ကြားရေးနည်းလမ်းများကို ပြောင်းလဲအသုံးချရမှာဖြစ်ပါတယ်။ တော်ပြီးထက်မြက်တဲ့ ဆရာ၊ဆရာမတစ်ယောက်ဟာ ကျောင်းသား၊ကျောင်းသူများရဲ့ စိတ်ခံစားချက်၊ စိတ်ဖိစီးမှုများကိုလည်း တစ်ခါတရံအဖြစ် မျှဝေရပါတယ်။ ကျောင်းသား၊ကျောင်းသူများရဲ့ အကောင်းမြင်မှုနဲ့ ငြိမ်းချမ်းမှုကို ဖြစ်ပေါ်စေနိုင်တဲ့ အဆင့်မြင့်စာသင်ကြားပုံတွေ အပြန်အလှန်ဆွေးနွေးပုံများနဲ့ အနာဂတ်ပန်းတိုင်များကို ရှင်းလင်းစွာသတ်မှတ်နိုင်ဖို့ လမ်းပြပေးသင့်ပါတယ်။ နောက်ဆုံးမှာ ဆရာ၊ဆရာမဆိုတာ မိမိရဲ့ သင်ကြားရေးလုပ်ငန်းကို ချိန်ညှိဆောင်ရွက်နိုင်တဲ့ စိတ်ကူးစိတ်သန်းအပြည့်ရှိသူ၊ သင်ယူရေးစိတ်ဓာတ်ကို တိုးတက်စေသူ၊ ကျောင်းသား၊ကျောင်းသူများရဲ့ ဘဝရပ်တည်မှုအတွက် အထောက်အကူ ဖြစ်စေသူတစ်ဦး ဖြစ်ပါတယ်။

အဲ့လိုမျိုး ဆရာ၊ဆရာမတွေရဲ့ အတတ်ပညာနဲ့ စွမ်းဆောင်ရည်များဟာ ကျောင်းသား၊ကျောင်းသူများရဲ့ အနာဂတ်အတွက် တန်ဖိုးရှိပြီးကောင်းမွန်တဲ့ အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးပါတယ်။ တော်ပြီး ထက်မြက်တဲ့ဆရာ၊ဆရာမဆိုတာ ကျောင်းသား၊ကျောင်းသူများရဲ့ စွမ်းဆောင်ရည်နဲ့ သင်ယူမှုကို တိုးတက်စေတဲ့ နေရာမှာ အဓိကအခန်းကဏ္ဍမှာ တည်ရှိတဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် အဲ့လို ဆရာ၊ဆရာမဖြစ်ဖို့ အရေးကြီးတဲ့ လိုအပ်ချက်များအကြောင်းကို ရှင်းပြပါပေးချင်တယ်။

၁။ မေတ္တာနဲ့ စာနာမှု

တော်ပြီးထက်မြက်တဲ့ ဆရာ၊ဆရာမတစ်ဦးမှာ ပထမဦးစွာ မေတ္တာနဲ့ စာနာမှုရှိရပါမယ်။ ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းစီရဲ့ အားသာချက်များနဲ့ အားနည်းချက်များကို နားလည်ပေးပြီး အားပေးစကားများ၊ စိတ်အားထက်သန်စေမှုများဖြင့် သင်ကြားရပါမယ်။ မေတ္တာနဲ့ စာနာမှုရှိတဲ့ ဆရာ၊ဆရာမဟာ ကျောင်းသား၊ ကျောင်းသူများအတွက် ယုံကြည်စိတ်ချမှုရှိစေပြီး သင်ယူမှုကို ပိုမိုစိတ်ပါဝင်စားစေပါတယ်။

၂။ ဗဟုသုတကျယ်ပြန့်မှု

ဆရာ၊ဆရာမတစ်ယောက်ဆိုတာ မိမိသင်ကြားတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး နက်ရှိုင်းတဲ့ ဗဟုသုတ ရှိရပါမယ်။ သင်ကြားမယ့်အကြောင်းအရာများကို ပိုမိုနက်ရှိုင်းစွာလေ့လာပြီး နောက်ဆုံးရသတင်းအချက် အလက်များနဲ့ လိုက်လျောညီထွေစွာ သင်ကြားပေးနိုင်ရပါမယ်။

၃။ ထိရောက်တဲ့ ဆက်သွယ်နိုင်စွမ်း

ဆရာ၊ဆရာမတစ်ဦးရဲ့ ဆက်သွယ်နိုင်စွမ်းဆိုတာက မိမိသင်ကြားမှုရဲ့ထိရောက်မှုကို သက်ရောက်စေတဲ့ အဓိကအချက်တစ်ရပ်ကိုဆိုလိုတာ ဖြစ်ပါတယ်။ ဆရာ၊ဆရာမဆိုတာဟာ ကျောင်းသား၊ကျောင်းသူများကို ရိုးရှင်းစွာနဲ့ နားလည်နိုင်စွမ်းရှိအောင် ဖော်ပြနိုင်ရပါမယ်။ အဲ့လိုဆက်သွယ်ရာမှာ ကျောင်းသား၊ကျောင်းသူများရဲ့ အတွေးအခေါ်များနဲ့ မေးခွန်းများကို ဖိတ်ခေါ်ပေးရပါမယ်။

၄။ အပြန်အလှန်ထောက်ခံမှုနဲ့ သတင်းအချက်အလက်ပေးပို့မှု

ကျောင်းသား၊ကျောင်းသူများရဲ့ အောင်မြင်မှုအတွက် အပြန်အလှန်ဆွေးနွေးမှုက အရမ်းကို အရေးကြီး ပါတယ်။ ဆရာ၊ဆရာမတစ်‌ယောက်ဟာ ကျောင်းသား၊ကျောင်းသူများရဲ့ လေ့လာမှုအခြေအနေများကို ပြန်လည် ဆွေးနွေးပေးနိုင်ပြီး အကဲဖြတ်ချက်များကို အချိန်နဲ့တစ်ပြေးညီ ပေးပို့နိုင်ရပါမယ်။

၅။ ပုံစံသစ်များနဲ့ လေ့လာမှု

ဆရာ၊ဆရာမဆိုတာ မိမိရဲ့ သင်ကြားမှုနည်းလမ်းများကို အဆင့်မြှင့်တင်ဖို့ အမြဲကြိုးစားရမယ်။ နောက်ဆုံးရသင်ကြားရေးနည်းလမ်းများ၊ နည်းပညာများကိုလေ့လာပြီး မိမိရဲ့ သင်ကြားရေးထဲမှာ လိုက်လျော ညီထွေစွာ အသုံးချနိုင်ရပါမယ်။

၆။ စိတ်ပျော်ရွှင်မှုနဲ့အတူ ကျောင်းသား၊ကျောင်းသူများရဲ့ လေ့လာမှု

စိတ်အားထက်သန်စေခြင်း၊ စိတ်ပျော်ရွှင်မှုရှိစေခြင်းကလည်း တော်ပြီးထက်မြက်တဲ့ ဆရာ၊ဆရာမရဲ့ တာဝန်တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် တော်ပြီးထက်မြက်တဲ့ ဆရာ၊ဆရာမဖြစ်ဖို့ အထက်ဖော်ပြပါ လိုအပ်ချက် များကို ထည့်သွင်းစဉ်းစားပြီး၊ အချိန်နဲ့တစ်ပြေးညီ ကောင်းမွန်တဲ့ ဆရာ၊ဆရာမတစ်ဦးဖြစ်ဖို့ ကြိုးစားရန် လိုအပ်ပါတယ်။

၇။ ကျောင်းသားများက တတ်မြောက်ထားတဲ့ပညာရပ်တွေကို လုပ်ငန်းမှာအသုံးချနိုင်မှု

ဆရာ၊ဆရာမဆိုတာ စာသင်ကြားတဲ့အခါ ကျောင်းသားများကို သင်ကြားချက်တွေ လက်တွေ့အသုံးချ နိုင်ဖို့ သင်ကြားရပါမယ်။ သင်ကြားမှုအပြီးမှာ ကျောင်းသားများရဲ့ လုပ်ငန်းခွင်မှာ အလုပ်တည်မြဲစေခြင်းကို အထောက်အကူဖြစ်စေတဲ့ နည်းလမ်းများကိုလည်း ထည့်သွင်းသင်ကြားပေးရပါမယ်။ ထိုနည်းလမ်းများကို အကောင်အထည်ဖော်ပြီး ကျောင်းသား၊ကျောင်းသူများအပေါ်မှာ ဂရုစိုက်မှု၊ နားလည်သိမြင်မှုနဲ့ ထိရောက်တဲ့ ဆက်သွယ်မှု စွမ်းရည်များနဲ့သာ ဆရာ၊ဆရာမတစ်ယောက်ရဲ့ သင်ကြားမှုလုပ်ငန်းကို ထက်မြက်စွာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

Educational Journal များထံမှ ကိုးကားတင်ပြပါတယ်။

Dr. La Wynn Sandi

B.C.Sc, CU (KT)

B.C.Sc (Hons), CU (KT)

M.C.Sc, CU (KT)

Ph.D (IT), (U.C.S.M)