လုပ်ငန်းတွေမှာ မမြင်သာဘဲ ပုန်းကွယ်နေတဲ့ Waste (၈) မျိုး

စီးပွားရေးလုပ်ငန်းတွေမှာ လုပ်ငန်းအတွက်လည်း အကျိုးမရှိ၊ မလိုအပ်ဘဲ ကုန်ကျသွားတဲ့ အသုံးစရိတ်တွေကို သတိမမူမိတာမျိုးတွေ ရှိတတ်ပါတယ်။ အထူးသဖြင့် ကုမ္ပဏီကြီးထွားလာတဲ့အခါ၊ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ လက်ခံတဲ့အခါ၊ ဝန်ထမ်းအသစ်များကို ငှားရမ်းတဲ့အခါမျိုးတွေမှာ ကြုံရတတ်ပါတယ်။ အကျပ်အတည်းကာလတွေမှာဆိုရင်တော့ ဝန်ထမ်းအင်အားလျှော့ချခြင်း၊ လုပ်ငန်းကိုပြန်လည်ဖွဲ့စည်းခြင်း၊ လုပ်ငန်းထဲမှာ သတိမထားမိဘဲ Waste ဖြစ်နေတဲ့အရာတွေကို လျှော့ချနိုင်ခြင်းက လုပ်ငန်းကိုပြင်းထန်တဲ့ သက်ရောက်မှုတွေ မဖြစ်စေဖို့ တားဆီးပေးနိုင်ပါတယ်။

ကံမကောင်းစွာနဲ့ ကျွန်ုပ်တို့ရဲ့လုပ်ငန်းခွင်မှာ Waste ဆိုတဲ့အရာဟာ အလွန်ရင်းနှီးကျွမ်းဝင်လာပြီး ကျွန်ုပ်တို့အနေနဲ့ ဘယ်အရာက Waste ဖြစ်စေတယ်ဆိုတာကို အလွယ်တကူ မမြင်နိုင်တာမျိုးတွေ ရှိလာပါတယ်။သင့်ကုမ္ပဏီရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့နဲ့ ရေရှည်ရှင်သန် ရပ်တည်နိုင်ဖို့အတွက် လုပ်ငန်းထဲမှာရှိတဲ့ ဘယ်သူမဆို သူတို့နေ့စဥ်လုပ်ဆောင်နေတဲ့အရာတွေကို တိုးတက်ဖို့ အတွက် နည်းလမ်းတွေကို ရှာဖွေနိုင်ပါတယ်။ Toyota Production System မှဆင်းသက်လာတဲ့ 8 lean wastes ဟာ ဒီရည်မှန်းချက်တွေရရှိဖို့ သင့်ကိုကူညီပေးနိုင်ပါတယ်။ ကုမ္ပဏီရဲ့ ကုန်ကျစရိတ်တွေကို ဖြတ်တောက်ဖို့ ပထမခြေလှမ်းကတော့ အလွယ်တကူမမြင်နိုင်ဘဲ ပုန်းကွယ်နေတဲ့ Waste တွေကို ဖော်ထုတ်ဖို့ ဖြစ်ပါတယ်။

၁။ ချို့ယွင်းချက်များ/အမှားများ (Defects/ Mistakes)

ပြန်လည်ပြုလုပ်ဖို့ ဒါမှမဟုတ် ပြန်လည်ပြုပြင်ဖို့လိုအပ်ပြီး ချို့ယွင်းနေတဲ့ ထုတ်ကုန်များကို ပြုလုပ်ခြင်း၊ အမှားများပြုလုပ်မိခြင်း (ဥပမာ-ကုန်ပစ္စည်းမှာယူမှုများမှာ လိပ်စာမှားပို့မိခြင်း၊ Customer များရဲ့ သက်မှတ်ချက် များနဲ့ မကိုက်ညီတဲ့ ပစ္စည်းများကို ထုတ်လုပ်ခြင်း) များဟာ ပစ္စည်းများကို ဖြုန်းတီးခြင်း၊ အချိန်နဲ့ လူ့စွမ်းအားကို ဖြုန်းတီးခြင်း၊ Customer များထံမှ မကျေနပ်ချက်များ ရရှိနိုင်ခြင်း၊ ကုန်ပစ္စည်းများပြန်လည်ရောက်ရှိလာခြင်းနဲ့ ပြန်လည်လုပ်ဆောင်ရခြင်းများကို ဖြစ်ပေါ်စေပါတယ်။ သင်ဟာ ဘယ်ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှု လုပ်ငန်းကိုရောင်းချနေပါစေ ဒီလိုချို့ယွင်းချက်တွေ ဖြစ်လာပါက ပြန်လည်ပြုလုပ်ရတဲ့ ကုန်ကျစရိတ်တွေအပြင် အချိန်တွေပါ ထပ်ကုန်ဆုံးစေနိုင်ပါတယ်။

၂။ အလွန်အကျွံထုတ်လုပ်ခြင်း (Overproduction)

လုပ်ငန်းတွေမှာ ကုန်ပစ္စည်းများကို လိုအပ်တာထက် ပိုမိုထုတ်လုပ်ခြင်း ဒါမှမဟုတ် စောစီးစွာထုတ်လုပ်ခြင်း များဟာ လုပ်ငန်းအတွက် ကုန်ကျစရိတ်ကို တိုးစေပါတယ်။ အဲ့ဒီလိုထုတ်လုပ်မယ့်အစား customer-driven production စနစ်ကို ကျင့်သုံးသင့်ပါတယ်။ ယနေ့ခေတ်မှာ Customer များရဲ့ ဝယ်လိုအားဟာ အလျင်အမြန်ကို ပြောင်းလဲဖြစ်ပေါ်နေပါတယ်။ ဒါကြောင့် လုပ်ငန်းအများစုဟာ Just-in-time manufacturing and inventory management system ကို ကျင့်သုံးလာကြပါတယ်။ အပတ်စဥ် ဒါမှမဟုတ် နှစ်ပတ်တစ်ကြိမ် အစီအစဥ်ဆွဲခြင်းဟာ ရောင်းမကုန်နိုင်တဲ့ကုန်ပစ္စည်းတွေကို ဖန်တီးမယ့်အစား ရေတိုအတွင်းပြုလုပ်ဖို့လိုအပ်တဲ့အရာများကို အာရုံစိုက်နိုင်ဖို့ ကူညီပေးပါတယ်။

၃။ သယ်ယူပို့ဆောင်ရေး (Transportation)

လုပ်ငန်းထဲမှာ မလိုအပ်ဘဲ လူများ၊ စက်ကိရိယာများ၊ ကုန်ပစ္စည်းများ၊ သတင်းအချက်အလက်များကို ရွေ့လျားမှုများ ဒါမှမဟုတ် သယ်ယူပို့ဆောင်ခြင်းများဟာလည်း လုပ်ငန်းထဲမှာ Waste ဖြစ်စေရုံသာမက ကုန်ကျစရိတ်လည်း တိုးစေပါတယ်။ ဥပမာ- စတိုးဆိုင်မှ မရောင်းရသေးတဲ့ ကုန်ပစ္စည်းများကို ဂိုဒေါင် ပြန်လည်ပို့ဆောင်ခြင်း၊ လုပ်ငန်းရဲ့အနီးမှာရှိတဲ့ Supplier ဆီမှမဝယ်ဘဲ အဝေးမှာရှိနေတဲ့ Supplier ဆီမှ ကုန်ပစ္စည်းများမှာယူခြင်း၊ ဖိုင်လ်များကို တစ်နေရာတည်းမှာ သိမ်းဆည်းထားခြင်းထက် ဖိုင်လ်များ အပြန်အလှန်ပို့ဖို့ Email ကို အသုံးပြုခြင်း စတဲ့အချက်တွေကို လုပ်ငန်းအနေနဲ့ အကွာအဝေး၊ အချိန်ကုန်ဆုံးမှုကို လျှော့ချဖို့အတွက် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများနဲ့ လုပ်ငန်းစဥ်များကို အကောင်းဆုံးဖြစ်အောင် စီစဥ်ထားဖို့လိုပါတယ်။

၄။ ကုန်ပစ္စည်းများ (Inventory)

လုပ်ငန်းထဲမှာ ကုန်ပစ္စည်းတွေ ပိုလျှံနေခြင်းကလည်း လုပ်ငန်းအတွက် သိုလှောင်စရိတ်တွေကို ပိုတိုးစေပါတယ်။ Kanban System ကဲ့သို့ ကုန်ပစ္စည်းစီမံခန့်ခွဲတဲ့နည်းလမ်းများကို အကောင်အထည်ဖော် ဆောင်ရွက်သင့်ပြီး ဈေးကွက်ထဲမှာရှိတဲ့ Customer တွေရဲ့ မှန်ကန်တဲ့ဝယ်လိုအားပေါ် မူတည်ကာ ဘယ်နေရာမှာ ကုန်ပစ္စည်း ဖြည့်တင်းဖို့လိုလဲဆိုတာ သိဖို့လိုပါတယ်။ ဂို‌ဒေါင်ထဲမှာ ဖုန်တက်နေတဲ့ ဒါမှမဟုတ် အခန်းရဲ့ထောင့်စွန်းဆီ တွန်းပို့ထားတဲ့ ကုန်ပစ္စည်းများဟာ အသုံးမပြုတော့ဘဲ မကြာခင်မှာ ပျက်စီးယိုယွင်းသွားမယ့် ပိုလျှံနေတဲ့ ကုန်တွေဖြစ်နိုင်ပြီး လုပ်ငန်းအတွက် ကုန်သိုလှောင်စရိတ်တွေကို တိုးစေနိုင်ပါတယ်။

၅။ စောင့်ဆိုင်းရခြင်း (Waiting)

လုပ်ငန်းစဥ်ရဲ့ နောက်တစ်ဆင့်ကိုလုပ်ဆောင်ဖို့ အဆင်သင့်မဖြစ်သေးခင်မှာ လူများနဲ့ လုပ်ငန်းစဥ်များရဲ့ ရပ်နားနေရတဲ့အချိန်များဟာ လုပ်ငန်းအတွက် Waste ဖြစ်စေပါတယ်။ ဥပမာ-အစည်းအဝေးတစ်ခု စတင်ဖို့ အတွက် စောင့်ဆိုင်းနေရခြင်း၊ ထုတ်လုပ်မှုလုပ်ငန်းစဥ် တစ်ခုနဲ့တစ်အခုကြား စောင့်ဆိုင်းနေရခြင်း၊ ဒီလို စောင့်ဆိုင်းရခြင်းများဟာ ကုန်ကြမ်းမရှိခြင်း၊ ဝန်ထမ်းများအကြား Workload မမျှတခြင်း၊ အလုပ်ချိန်ခွဲဝေမှု မမျှတခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်းအတွင်းအစည်းအဝေးတွေ ကျင်းပတဲ့အခါ ဒီအစည်းအဝေးများဟာ လုပ်ငန်းအတွက် အမှန်တကယ် အကျိုးရှိရဲ့လားဆိုတာ ပြန်လည်သုံးသပ်သင့်ပါတယ်။ အသင်းအဖွဲ့နဲ့ အလုပ်လုပ်တဲ့အခါမျိုးမှာ ဒီအဖွဲ့ထဲပါဝင်တဲ့ တစ်စုံတစ်ယောက်ဟာ အလုပ်တာဝန် များပြားနေသလား ဒါမှမဟုတ် စွမ်းဆောင်ရည်နိမ့်ကျနေသလားဆိုတာကို တခြားသူတွေမြင်နိုင်အောင် လုပ်ဆောင်ထားဖို့ လိုပါတယ်။

၆။ လုပ်ငန်းစဥ်များပြားခြင်း (Over-processing)

လုပ်ငန်းအတွင်းမှာ ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုတစ်ခုအတွက် တန်ဖိုးမရှိတဲ့အရာများကို လုပ်ဆောင်ခြင်း၊ မလိုအပ်ဘဲ ရှုပ်ထွေးနေတဲ့အရာများကို လုပ်ဆောင်ခြင်းဟာ အချိန်ကို ဖြုန်းတီးရာရောက်ပါတယ်။ ဥပမာ- Customer တွေအတွက် မလိုအပ်တဲ့လုပ်ငန်းစဥ်များကို ဆောင်ရွက်ခြင်း၊ ပစ္စည်းတစ်ခုထုတ်လုပ်ရာမှာ လိုအပ်တာ ထက်ပိုပြီး Resource များကို အသုံးပြုခြင်းတို့ ဖြစ်ပါတယ်။

၇။ ရွေ့လျားမှု/လှုပ်ရှားမှုများ (Motion)

လုပ်ငန်းအတွင်းမှာ ဝန်ထမ်းများဟာ သူတို့အလုပ်လုပ်တဲ့ နေရာတစ်ဝိုက်မှာ မလိုအပ်ဘဲ လှုပ်ရှားမှုများ ပြုလုပ်နေရခြင်းဟာ အချိန်နဲ့ ခွန်အားတွေကို Waste ဖြစ်စေပါတယ်။ ဥပမာ- ဝန်ထမ်းများမှ ပျောက်ဆုံးနေတဲ့ ကိရိယာများ၊ ရုံးသုံးပစ္စည်းများကို ရှာဖွေနေရခြင်း၊ ဌာနဆိုင်ရာများကြား လှုပ်ရှားမှုများကို လျှော့ချနိုင်ဖို့အတွက် ရုံးခန်းဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ခြင်း၊ လုပ်ငန်းစဥ်များကို အလိုအလျောက် လုပ်ဆောင်နိုင်ဖို့အတွက် စက်များဖြင့် အစားထိုးဆောင်ရွက်ခြင်းစတဲ့ လုပ်ငန်းစဥ်များတိုးတက်ဖို့အတွက် အကောင်အထည်ဖော်ဖို့ လိုပါတယ်။ ဒါ့အပြင် လုပ်ငန်းအတွင်းအစည်းအဝေးများ ကျင်းပတဲ့အခါမှာဖြစ်စေ၊ သင်တန်းများ တက်ရောက်ခိုင်းတဲ့အခါဖြစ်စေ အမှန်တကယ်တက်ရောက်ဖို့ လိုအပ်သူတွေကိုပဲ ဖိတ်ကြားသင့်ပါတယ်။

၈။ ဝန်ထမ်းများရဲ့ ကျွမ်းကျင်မှုများကို အသုံးချမှုနည်းပါးခြင်း

နောက်ဆုံးတစ်ချက်အနေနဲ့ ဝန်ထမ်းများရဲ့ အရည်အချင်းနဲ့ ကျွမ်းကျင်မှုများကို အသုံးချဖို့ ပျက်ကွက်ခြင်းဟာ အရည်အချင်းကို Waste ဖြစ်စေတဲ့အပြင် ဝန်ထမ်းများရဲ့ လုပ်ငန်းခွင်မှာ စိတ်ရောကိုယ်ပါ ပါဝင် လုပ်ဆောင်ခြင်း ကိုလည်း အဟန့်အတားဖြစ်စေပါတယ်။ ဝန်ထမ်းတွေရဲ့ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် အခွင့်အလမ်းများ ဖန်တီးပေးသင့်ပြီး သူတို့ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ဖို့ Cross-training များကို လုပ်ဆောင်ပေးရပါမယ်။ ဝန်ထမ်းများကို သူတို့ရဲ့စိတ်ကူးအကြံဉာဏ်များနဲ့ ကျွမ်းကျင်မှုများကို လုပ်ငန်းအတွင်းမှာ အသုံးချဖို့အတွက် တွန်းအားပေးတဲ့အလေ့အထတစ်ခုကို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

အထက်မှာဖော်ပြခဲ့တာတွေကတော့ လုပ်ငန်းတွေမှာ အလွယ်တကူမမြင်နိုင်ဘဲ ပုန်းကွယ်နေတဲ့ Waste (၈) မျိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းတွေအနေနဲ့ တတ်နိုင်သမျှ Waste တွေ နည်းအောင်လျှော့ချခြင်းဖြင့် လုပ်ငန်းရဲ့ စွမ်းဆောင်ရည်ကို ပိုမိုမြင့်မားအောင် လုပ်ဆောင်နိုင်ပါတယ်။

www.forbes.com မှ Luciana Paulise ရေးသားတဲ့ Reduce These 8 Hidden Wastes To Stay Productive Not Overwhelmed ဆောင်းပါးကို ဘာသာပြန်ကိုးကားထားပါတယ်။

Daw Htet Pann Wai

B.Com (Q**), M.Com

Meiktila University of Economics