" ငွေကြေးစီမံခန့်ခွဲဖို့အတွက် နည်းလမ်းကောင်းများ "

လူတွေရဲ့နေ့စဥ်ဘဝမှာ မရှိမဖြစ်ထိတွေ့သုံးစွဲနေရတဲ့ အရာတစ်ခုရှိပါတယ်။ အဲဒါကတော့ ကိုယ်လိုအပ်တဲ့ အရာတွေ၊ ကိုယ်လိုချင်တဲ့ အရာတွေဝယ်ဖို့အတွက် သုံးစွဲရတဲ့ငွေကြေးပဲ ဖြစ်ပါတယ်။ ကိုယ့်လက်ထဲမှာရှိတဲ့ ငွေကြေးကို ဘယ်နေရာမှာ ဘယ်လိုအကျိုးရှိရှိ သုံးစွဲမလဲဆိုတာကလည်း အရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒီလိုမျိုးနိုင်ငံရဲ့စီးပွားရေးကျဆင်းမှုနဲ့ ကြုံနေရချိန်မှာ ငွေကြေးနဲ့ပတ်သက်ပြီး စိတ်သောကမရစေဖို့နဲ့ ငွေကြေးကို စီမံခန့်ခွဲဖို့အတွက် ဘယ်သူမဆို လုပ်ဆောင်နိုင်တဲ့ နည်းလမ်းကောင်းများ ရှိပါတယ်။ ဒါကြောင့် ငွေကြေးကို ထိရောက်စွာ စီမံခန့်ခွဲဖို့နဲ့ အနာဂတ်အတွက် ငွေကြေးစုဆောင်းဖို့အတွက် ကောင်းမွန်တဲ့နည်းလမ်းတချို့ကို မျှဝေပေးလိုက်ပါတယ်။

၁။ သင့်အတွက် ငွေရနိုင်တဲ့ ရင်းမြစ်များကိုအကဲဖြတ်ပါ။

သင့်ရဲ့ ငွေကြေးအ‌ခြေအနေကို သင်မသိမချင်း သင့်ရဲ့ ငွေကြေးပိုင်းဆိုင်ရာကို စီမံခန့်ခွဲလို့မရပါဘူး။ ဒါကြောင့် လတစ်လကုန်သွားတဲ့အခါ သင့်မှာ ရလာနိုင်တဲ့ ငွေပမာဏများအားလုံးကို အကဲဖြတ်ပါ။ ဘဏ်အကောင့် ထဲမှာ စုထားတဲ့ငွေ၊ သင်ဟာဝန်ထမ်းဖြစ်ပါက လကုန်တဲ့အခါရလာမယ့် လစာ၊ စီးပွားရေးလုပ်ငန်း လုပ်နေသူဖြစ်ပါက လုပ်ငန်းကရလာမယ့် ဝင်ငွေ စတဲ့ သင်ရလာနိုင်မယ့် ငွေများအားလုံးကို မှတ်သားထားပါ။ ဒါ့အပြင် သင်ဟာ သူများဆီကနေ အကြွေးယူထားတာများရှိခဲ့ရင် ပေးဆပ်စရာရှိတဲ့ အကြွေးတွေကို စာရင်းပြုစုပါ။ သင့်ရဲ့ ငွေကြေးအခြေအနေနဲ့ ပေးဆပ်စရာ အကြွေးဘယ်လောက်ရှိမလဲဆိုတာ သိရှိပြီးပါက သင့်ရဲ့ငွေကြေးကို စတင်စီမံခန့်ခွဲလို့ရပါပြီ။

၂။ ပေးစရာရှိတဲ့ အသုံးစရိတ်များနဲ့ ဘယ်နေ့မှာပေးရမယ်ဆိုတာမှတ်သားထားပါ။

လတစ်လအတွင်းမှာ သင့်အတွက်ပေးစရာရှိတဲ့ အသုံးစရိတ်များနဲ့ ဘယ်နေ့မှာ ဘယ်လောက်ပေး ရမယ်ဆိုတာ မှတ်သားထားပါ။ သင်ဟာ အိမ်ငှားနေသူတစ်ယောက်ဖြစ်ပါက ပေးရမယ့် အိမ်ငှားခ၊ ရေမီတာခ၊ လျှပ်စစ်မီတာခ၊ အင်တာနက်သုံးစွဲဖို့အတွက် ကုန်ကျတဲ့ဝိုင်ဖိုင်ကြေး စတဲ့ သင့်ရဲ့လစဥ်ကုန်ကျစရိတ်များ အားလုံးကို စာရင်းပြုစုထားပါ။ ဒါတွေကို အချိန်မီပေးချေနိုင်ဖို့ရာအတွက် ဘယ်နေ့မှာတော့ ဘယ်အသုံးစရိတ်ကို ပေးစရာရှိတယ်ဆိုတာ ပြက္ခဒိန်မှဖြစ်ဖြစ်၊ သင့်ရဲ့မှတ်စုထဲမှာဖြစ်ဖြစ် ‌‌‌ပေးရမယ့် ရက်စွဲကို မှတ်သားထားပါ။ ဒါ့အပြင် အဲ့ဒီအသုံးစရိတ်တွေကို ဘဏ်အကောင့်ထဲကနေပေးမှာလား၊ သင့်ရဲ့လက်ထဲမှာရှိတဲ့ ငွေသားထဲကနေပေးမှာလား ဆိုတဲ့ ဘယ်နည်းလမ်းနဲ့ပေးမယ်ဆိုတာ စီစဥ်ထားပါ။ သင့်မှာ ကာလတိုချေးထားတဲ့ ကြွေးမြီများ၊ ကာလရှည်ချေးထားတဲ့ ကြွေးမြီများ ရှိခဲ့မယ်ဆိုရင်လည်း ဘယ်နေ့မှာအတိုးပေးရမလဲ၊ ဘယ်နေ့မှာ အရင်း အားလုံးကို ပြန်ဆပ်ရမလဲ၊ ဘယ်နည်းလမ်းနဲ့ ဆပ်သွားမလဲဆိုတာကိုလည်း စီစဥ်ထားဖို့လိုပါတယ်။

၃။ သင့်ရဲ့လစဥ်ဝင်ငွေကို အကဲဖြတ်ပါ။

သင့်အတွက် ပုံမှန်လတစ်လမှာ အခွန်ဆောင်ပြီးနောက် ရလာမယ့် ဝင်ငွေများအားလုံးကို တွက်ချက်ပါ။ ပြီးခဲ့တဲ့လမှာ သင်ငွေဘယ်လောက်သုံးစွဲခဲ့တယ်ဆိုတာကို ပြန်လည်ကြည့်ရှုပါ။ သင့်ရဲ့လစဥ်ငွေသားစီးဆင်းမှုကို သိဖို့အတွက် ဝင်ငွေထဲကနေ အဆိုပါကုန်ကျစရိတ်များကို နုတ်လိုက်မယ်ဆိုရင် သင့်အတွက် ငွေပမာဏ ဘယ်လောက်သုံးဖို့ ကျန်သေးလဲဆိုတာ သိနိုင်ပါတယ်။ သင့်ရဲ့ငွေတွေကို ဘယ်နေရာမှာ သုံးလိုက်လဲဆိုတာနဲ့ သင့်မှာ ငွေဘယ်လောက်ကျန်သေးလဲဆိုတာ သိခဲ့ရင် သင့်ရဲ့ ငွေကြေးပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး အားသာချက်၊ အားနည်းချက်တွေကို နားလည်နိုင်ပါတယ်။

၄။ သင့်အသုံးစရိတ်တွေကို လျှော့ချနိုင်ဖို့စဥ်းစားပါ။

လတစ်လမှာ အသုံးစရိတ်များကို လျှော့ချဖို့က လွယ်ကူရိုးရှင်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ယခုလိုအရာရာက ကြပ်တည်းခက်ခဲနေချိန်မှာတော့ အသုံးစရိတ်ကို တက်နိုင်သလောက် လျှော့ချဖို့လိုအပ်ပါတယ်။ သင့်မှာရှိတဲ့ငွေကို သင့်အတွက် အမှန်တကယ် မရှိမဖြစ်လိုအပ်တဲ့အရာတွေ ဝယ်တဲ့နေရာမှာပဲသုံးပါ။ အမှန်တကယ် မလိုအပ်တဲ့ အရာတွေဝယ်တဲ့နေရာမှာ မသုံးပါနဲ့။ သင့်ရဲ့ အိမ်တွင်သုံးစွဲနေတဲ့ ပစ္စည်းတွေကို မကြာခဏ ကြည့်ရှုစစ်ဆေးပါ။ ဒီလိုပုံမှန်စစ်ဆေးပေးခြင်းက သင့်အတွက် တစ်ခါတည်း ငွေပမာဏများစွာ ကုန်ကျသွားမယ့် အခြေအနေကနေ ကာကွယ်ပေးနိုင်ပါတယ်။ အိမ်အသုံးစရိတ်လျှော့ချဖို့အတွက် တတ်နိုင်သမျှ ကျန်းမာရေးနဲ့ညီညွတ်စွာ အိမ်မှာ ချက်ပြုတ်စားသောက်ပါ။ အပြင်စားသောက်ဆိုင်များကနေ မကြာခဏ မှာစားတာမျိုး၊ ဝယ်စားတာမျိုးကို ရှောင်ပါ။

၅။ ၅၀/၃၀/၂၀ ဘက်ဂျက်နည်းလမ်းကို အသုံးပြုပါ။

၅၀/၃၀/၂၀ ဘက်ဂျက်နည်းလမ်းဟာ ငွေကြေးကိုစီမံခန့်ခွဲတဲ့နေရာမှာ လူကြိုက်များတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ အသုံးစရိတ်များကို ရှင်းလင်းစွာ ပိုင်းခြားသုံးစွဲတဲ့နည်းလမ်း ဖြစ်ပါတယ်။ ပိုင်းခြားတဲ့ နည်းလမ်းကို ကြည့်ကြည့်ရအောင်။ သင့်ဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်းကို အမှန်တကယ်လို အပ်တဲ့နေရာမှာသုံးပါ။ ဥပမာ- အိမ်ငှားရမ်းခ၊ နေ့စဥ်နေထိုင်စားသောက်ဖို့ဝယ်တဲ့ အသုံးစရိတ်၊ ဘတ်စ်ကားခ စတဲ့ နေရာများမှာသုံးခြင်း။ သင့်ဝင်ငွေရဲ့ ၃၀ ရာခိုင်နှုန်းကို သင်လိုချင်တဲ့အရာများဝယ်ရာမှာ အသုံးပြုပါ။ သင့်ဝင်ငွေရဲ့ ၂၀ရာခိုင်နှုန်းကို အနာဂတ်အတွက် စုဆောင်းပါ ဒါမှမဟုတ် အကြွေးရှိခဲ့ရင် အကြွေးဆပ်တဲ့နေရာမှာ အသုံးပြုပါ။

အနာဂတ်အတွက် ငွေကြေးစုဆောင်းရာမှာ ရေတိုငွေစုတဲ့နည်းလမ်း (Short-term Savings) နဲ့ ရေရှည်ငွေစုတဲ့နည်းလမ်း (Long-term Savings) ဆိုပြီး နှစ်မျိုးစဥ်းစားလို့ရပါတယ်။

၆။ ရေတိုငွေစုဖို့အတွက် ပန်းတိုင်များချမှတ်ပါ။

ရေတိုငွေစုဖို့အတွက် ပန်းတိုင်များချမှတ်ရာမှာ သင်စပြီးစုတဲ့နေ့မှစပြီး ၆ လမှ ၅ နှစ်အတွင်း ပြည့်မီနိုင်တဲ့၊ သင်လက်လှမ်းမီတဲ့ အသေးစားရည်ရွယ်ချက်များနဲ့စတင်ပါ။ တိကျသေချာပြီး ရနိုင်တဲ့ပန်းတိုင်များကို ‌ရွေးချယ်ပါ။ ဥပမာ- အရေးပေါ်သုံးစွဲဖို့ ငွေစုခြင်း၊ Wedding Plan အတွက်ငွေစုခြင်း၊ အားလပ်ရက်မှာ ခရီးသွားဖို့အတွက် ငွေစုခြင်း၊ တိုက်ခန်းအသစ်ငှားနေဖို့အတွက် စပေါ်ငွေစုခြင်း။ ဒီလိုမျိုး လစဥ်အနည်းငယ်စီ ငွေစုထားမယ်ဆိုရင် အရေးပေါ်အခြေအနေမှာ ငွေသုံးစရာလိုအပ်လာပါက အဲ့ဒီအတွက် စိုးရိမ်စရာမလိုတော့ပါဘူး။

၇။ ရေရှည်ငွေစုဖို့အတွက် ပန်းတိုင်များချမှတ်ပါ။

ရေရှည်ငွေစုဖို့အတွက် ၅ နှစ်အတွင်းမပြည့်မီနိုင်တဲ့ အနာဂတ်မှာ သင်ဖြစ်ချင်တာတွေ၊ သင်လိုချင်တဲ့ အရာတွေအတွက် ပန်းတိုင်များချမှတ်ထားပါ။ ဥပမာ - အလုပ်ကနေ အငြိမ်းစားယူတဲ့အခါသုံးဖို့၊ သင့်သားသမီးကို ကျွေးမွေးစောင့်ရှောက်ဖို့အတွက်သုံးဖို့ ငွေစုခြင်း စတဲ့အရာတွေ ပြည့်မီဖို့ရာအတွက် သင်ရည်ရွယ်ချက် ချမှတ်လိုက်တဲ့နေ့ကစပြီး စတင်စု‌ဆောင်းဖို့ လိုအပ်ပါတယ်။ သင့်ရဲ့ဘဝ ပြောင်းလဲလာတာနဲ့အမျှ ဒီအစီအစဥ်များဟာ ပြောင်းလဲနိုင်ပြီး သင့်ရဲ့စုဆောင်းငွေများကိုလည်း ပြောင်းလဲမှုအပေါ်မူတည်ပြီး ချိန်ညှိဖို့ လိုပါတယ်။

၈။ ငွေကြေးစုဆောင်းခြင်းဖို့အတွက် ဘဏ်မှာ သီးခြားအကောင့်များဖွင့်ထားပါ။

သင်ငွေကြေးစတင်စုဆောင်းတဲ့နေ့မှစပြီး ရည်ရွယ်ထားတဲ့ ပန်းတိုင်များကို ပြည့်မီဖို့ ဘဏ်မှာ သီးခြားအကောင့်များဖွင့်ကာ ငွေစုဆောင်းနိုင်ပါတယ်။ သီးခြားအကောင့်တွေ ဖွင့်ထားခြင်းကြောင့် ဝင်ငွေရဲ့ ဘယ်လောက်ပမာဏကို ဘယ်နေရာမှာ သုံးမယ်၊ ဘယ်အတွက်စုမယ်၊ ဘယ်အရာအတွက်တော့ ဦးစားပေးပြီး သုံးမယ်ဆိုတာ စီစဥ်တဲ့နေရာမှာ ကူညီပေးနိုင်ပါတယ်။

ဒီလိုနည်းလမ်းတွေအတိုင်း သင်ရဲ့ငွေကြေးကို ထိရောက်စွာစီမံခန့်ခွဲပြီး သုံးစွဲမယ်ဆိုရင် လစဥ်အသုံးစရိတ်ကိုလည်း ကာမိမယ်၊ နောင်အနာဂတ်အတွက် ရေတိုရေရှည် ငွေစုဆောင်းခြင်းတွေကိုလည်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

bankrate.com website မှ 13 ways to manage your money during a recession ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ကိုးကားထားခြင်းဖြစ်ပါတယ်။

Daw Htet Pann Wai

B. Com (Q**), M. Com (MEUE)