“Renewable Energy ရဲ့ လက်ရှိအခြေအနေနဲ့ အနာဂတ်အလားအလာများ”

Renewable Energy (ပြန်လည်ဖြည့်တင်းနိုင်စွမ်းရှိတဲ့စွမ်းအင်) က ကမ္ဘာတစ်ဝန်းမှာရှိတဲ့ စွမ်းအင်လိုအပ်ချက်ပြဿနာအတွက် အကောင်းဆုံးရွေးချယ်စရာတစ်ခုဖြစ်သလို Sustainability အတွက် အသင့်တော်ဆုံးအဖြေတစ်ခု ဖြစ်တယ်ဆိုတာြငင်းလို့မရပါဘူး။ ကျွန်ုပ်တို့သက်ရှိအားလုံး ရပ်တည်နေထိုင်ဖို့ အတွက် ကမ္ဘာဂြိုလ်တစ်ခုတည်းပဲရှိတာကို လူသားအားလုံးသတိပြုဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ သဘာဝရင်းမြစ် အားလုံးကို မျှမျှတတအသုံးပြုမယ်ဆိုရင် ကမ္ဘာဂြိုလ်တစ်ခုတည်းက လုံလောက်တာထက် ပိုပါတယ်။ ဉာဏ်ရည်နဲ့ဖန်တီးနိုင်မှု အမြင့်ဆုံးဖြစ်တဲ့လူသားတွေဟာ တိုးပွားလာတဲ့လူဦးရေ၊ လူနေမှုအဆင့်အတန်းကို ဖြည့်ဆည်းဖို့အတွက် သဘာဝသယံဇာတများကို အကျိုးရှိရှိအသုံးပြုလာပြီဖြစ်ပါတယ်။

လက်ရှိမှာ Global Ecological Footprint ဟာ 1.75 တွင်ရှိနေပြီး လက်ရှိကမ္ဘာ့လူဦးရေနဲ့ နေထိုင်မှုပုံစံအရ နေထိုင်ရပ်တည်နိုင်ဖို့အတွက် ကမ္ဘာမြေ 1.75 ခု လိုအပ်ပါတယ်။ Anthropogenic Activities (လူသားတစ်ဦးတစ်ယောက်ချင်းစီရဲ့ အမူအကျင့်၊ လုပ်ရပ်တို့ကနေ ဖြစ်ပေါ်လာတဲ့ ပတ်ဝန်းကျင်ထိခိုက်မှု) က သဘာဝအရင်းအမြစ်များအပေါ် ကြီးမားတဲ့ဖိအားကို ဖြစ်ပေါ်စေပြီး ဇီဝမျိုးကွဲများ ဆုံးရှုံးခြင်း၊ နေထိုင်ရာနေရာများ ပျက်စီးခြင်းနဲ့ ရာသီဥတုပြောင်းလဲခြင်းတို့လို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ပိုမိုဆိုးရွားစေမှာ ဖြစ်ပါတယ်။ Renewable Energy ကို တွင်တွင်ကျယ်ကျယ်သုံးဖို့ ကြိုးစားလာခြင်းက ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများအတွက် အဖြေတစ်ခုပါပဲ။ အနာဂတ်မှာ ပြန်လည်ဖြည့်တင်းနိုင်တဲ့ အဓိက စွမ်းအင်အရင်းအမြစ်တွေဖြစ်တဲ့ နေ၊လေ၊ရေ တို့ကိုသာ အသုံးပြုသွားဖို့နဲ့ အကောင်အထည်ဖော်ဖို့ ကြိုးစား နေကြပြီဖြစ်ပါတယ်။

🟦Renewable Energy ရဲ့အနာဂတ်

အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) မှ ခွဲခြမ်းစိတ်ဖြာခြင်းနဲ့ ခန့်မှန်းချက်များဆိုင်ရာ ထုတ်ဝေတဲ့ World Energy Outlook 2022 မှာ ကျွန်ုပ်တို့ဟာ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်းထဲ ရောက်နေကြောင်းပြောထားပါတယ်။ ကမ္ဘာ့လျှပ်စစ်ဓာတ်အားခမြင့်တက်မှုရဲ့ ၉၀ ရာခိုင်နှုန်းက ဓာတ်ငွေ့၊ ရေနံနဲ့ ကျောက်မီးသွေးဈေးနှုန်း အဆမတန်မြင့်တက်လာခြင်းကြောင့် ဖြစ်ပါတယ်။ ဒီလိုမျိုး အသစ်ပြန်မဖြစ်နိုင်တဲ့ စွမ်းအင်တွေအပေါ်မှာ အများကြီးမှီခိုနေရတဲ့ စွမ်းအင်ထုတ်လုပ်မှုစနစ်က ရေရှည်မှာတည်တံ့နိုင်ခြင်းမရှိကြောင်း သဘောပေါက်လာတဲ့အခါ တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေခဲ့ပါတယ်။ IEA ရဲ့အဆိုအရ စွမ်းအင်ထုတ်လုပ်မှု အကျပ်အတည်းကြောင့် ၂၀၂၂ မှစတင်ပြီး Solar Photovoltaic Cell များနဲ့ လေစွမ်းအင်များအသုံးပြုမှုကို နှိုးဆော်နိုင်ခဲ့ပြီး လာမယ့်နှစ်များအတွင်းမှာလည်း ဆက်လက်တွင်ကျယ်လာမယ်လို့ မျှော်လင့်ထားခဲ့ပါတယ်။ Renewable Energy တွေကို သေချာအသုံးချနိုင်မယ်ဆိုရင် လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ခြင်း၊ Clean Energy ကိုထုတ်ပေးနိုင်ခြင်းနဲ့ စွမ်းအင်မလုံလောက်မှုပြဿနာတွေကို သိသိသာသာ ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ နောက်ထပ်ကောင်းကျိုးတစ်ခုက ရေရှည်မှာဈေးသက်သက်သာသာနဲ့ အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ နေရောင်ခြည်၊ လေနဲ့ ရေအားလျှပ်စစ်တို့ရဲ့ ကြီးမားတဲ့အလားအလာကို အမိအရဆုပ်ကိုင်ထားခြင်းကြောင့် စွမ်းအင်နဲ့ပတ်သက်တဲ့ဈေးကွက်ကို အရှိန်မြှင့်နိုင်မှာဖြစ်ပါတယ်။

IEA ရဲ့အစီအရင်ခံစာအရ ရုရှား-ယူကရိန်းစစ်ပွဲကနေ အရင်းတည်လာတဲ့ Energy Crisis ကြောင့် ၂၀၂၄ မှာ ဥရောပမှာ Renewable Energy တွေကို ၄၀ ရာခိုင်နှုန်းအထိမြှင့်တင်ဖို့ လမ်းညွှန်ထားခဲ့ပါတယ်။ ဂျာမနီ၊ အီတလီနဲ့ နယ်သာလန်နိုင်ငံတို့မှာ Policy ချမှတ်ပေးခြင်းနဲ့ စရိတ်နှုန်းထားသက်သာစွာတပ်ဆင်ပေးခြင်းကြောင့် နေအိမ်ခေါင်မိုးပေါ်မှာ Solar Photovoltaics များကိုတပ်ဆင်လာကြပြီး အကျိုးအမြတ်များ ရရှိလာကြပြီ ဖြစ်ပါတယ်။ ၂၀၃၀ တွင် တစ်ကမ္ဘာလုံးရှိ အိမ်ခြေသန်း ၁၀၀ ခန့်ဟာ ခေါင်မိုးပေါ်မှာတပ်ဆင်ထားတဲ့ Solar Photovoltaics များအပေါ်မှီခိုရတော့မှာ ဖြစ်ကြောင်းဖြည့်စွက်ပြောထားခဲ့ပါတယ်။

လွန်ခဲ့တဲ့ခေတ်တွေတုန်းက ရေအားလျှပ်စစ်ကို ဂျုံမှုန့်စက်များမှာ အသေးစားသုံးအဖြစ် အသုံးပြု ခဲ့ကြပါတယ်။ လျင်မြန်စွာစီးနေတဲ့ရေ၊ သမုဒ္ဒရာလှိုင်းများနဲ့ ဒီရေများကို စွမ်းအင်အဖြစ်အသုံးချဖို့အတွက် နည်းပညာနဲ့ ပေါင်းစပ်ပြီးဖန်တီးနိုင်ပါတယ်။ ရေအားလျှပ်စစ်က ၂၀၂၀ ခုနှစ်မှာ တစ်ကမ္ဘာလုံးရဲ့ စွမ်းအင် အသုံးပြုမှုခြောက်ပုံတစ်ပုံအထိပံ့ ပိုးပေးနိုင်ခဲ့ပါတယ်။ Renewable Energy တွေထဲမှာ ရေစွမ်းအင်က အကြီးမားဆုံးအရင်းအမြစ် ဖြစ်ပေမယ့် ဘရာဇီး၊ အမေရိကန်၊ တူရကီ၊ တရုတ်၊ အိန္ဒိယနဲ့ ကနေဒါတို့လို ကြွယ်ဝတဲ့ ရေအားလျှပ်စစ်နိုင်ငံတွေမှာ အဆက်မပြတ်မိုးခေါင်မှုကြောင့် ၂၀၂၁ ခုနှစ်မှာ ပုံမှန်ထက် ၀.၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း IEA မှာ ဖော်ပြခဲ့ပါတယ်။

Turbine များကိုအသုံးပြုတဲ့ လေစွမ်းအင်ကလည်း ဒုတိယအတွင်ကျယ်ဆုံး Renewable Energy ဖြစ်ပါတယ်။ လေမှလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုက ၂၀၂၁ ခုနှစ်မှာ 273 TWh (Terawatt Hours) ၁၇ ရာခိုင်နှုန်း ဖြင့် စံချိန်တင်တိုးလာခဲ့ပြီး ၂၀၂၀ နဲ့ယှဉ်ကြည့်ရင် တိုးတက်မှုနှုန်း ၅၅ ရာခိုင်နှုန်း ပိုမိုမြင့်မားလာတာကို တွေ့ရတယ်လို့ IEA မှပြောကြားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ လေအားလျှပ်စစ်တွင်ကျယ်လာဖို့အတွက် ဦးဆောင်ခဲ့တဲ့နိုင်ငံတွေက တရုတ် (၇၀ ရာခိုင်နှုန်း) ၊ အမေရိကန် (၁၄ ရာခိုင်နှုန်း) နဲ့ဘရာဇီး (၇ ရာခိုင်နှုန်း) ဖြစ်ပါတယ်။

(Geothermal Power Plant) ဘူမိအပူဓာတ်အားပေးစက်ရုံများက စွမ်းအင်ထုတ်လုပ်ရဖို့အတွက် ကမ္ဘာမြေမျက်နှာပြင်အောက်ရှိ Reservoir များမှ ရေနွေးငွေ့များကိုအသုံးပြုခြင်းဖြစ်ပါတယ်။ ရေနွေး ငွေ့စွမ်းအင်ကို လျှပ်စစ်ထုတ်ဖို့အတွက် ဒါမှမဟုတ် အပူပန့်များမှတစ်ဆင့် တိုက်ရိုက်အသုံးပြုဖို့အတွက် အသုံးပြုနိုင်ပါတယ်။ IEA ရဲ့ ၂၀၂၁ နှစ်ပတ်လည်အစီရင်ခံစာအရ ကမ္ဘာတစ်ဝှမ်းမှာ ဘူမိအပူစွမ်းအင်ကို တိုက်ရိုက်အသုံးပြုခြင်းဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကို အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်ပါတယ်။

Policy များသေချာချမှတ်ခြင်း၊ Fossil Fuel များဈေးနှုန်းမြင့်တက်လာခြင်းနဲ့ စွမ်းအင်ရှားပါးခြင်းအပေါ် စိုးရိမ်ပူပန်မှုတို့ကြောင့် ၂၀၂၃ မှစတင်ပြီး Solar Photovoltaics များနဲ့ လေအားလျှပ်စစ် အကောင်အထည် ဖော်ဆောင်မှုများ အရှိန်အဟုန်မြင့်လာလိမ့်မယ်လို့ IEA က ခန့်မှန်းထားပါတယ်။ Renewable Energy ရင်းမြစ်တွေ အများကြီးရှိတဲ့ထဲက သင့်တော်တဲ့အရင်းအမြစ်ကို နည်းပညာနဲ့ပေါင်းစပ်ပြီး အသုံးပြုလို့ရပါတယ်။ ထိုကဲ့သို့ အသုံးချပြီး ရာသီဥတုပြောင်းလဲမှုကို ဖြေရှင်းပြီးသားဖြစ်သလို Zero Emission ရည်မှန်းချက်ကို ဖြည့်ဆည်းအကောင်အထည်ဖော်ဖို့ လမ်းကြောင်းတစ်ခုလည်း ဖြစ်မှာအသေအချာပါပဲ။

EARTH.ORG Website မှ “The Present and Future of Renewable Energy” ဆောင်းပါးအား ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

https://earth.org/the-present-and-future-of-renewable.../...

Daw Theint Thinzar

BE (Civil-West Yangon Technological University) M.Sc (Construction Project Mgt), Heriot-Watt University