အာရှမှာ စီးပွားရေးလုပ်ဖို့ စဉ်းစားရင်...

အာရှဟာ စီးပွားရေးကြီးထွားမှုနဲ့ အခွင့်အလမ်းဗဟိုတစ်ခုအနေနဲ့ တော်တော်စောစောကတည်းက အသိအမှတ် ပြုထားကြပြီး ကမ္ဘာတစ်ဝန်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကလည်း ၎င်းတို့ရဲ့ စျေးကွက်ရှာဖွေတာ၊ ချဲ့ထွင်တာတွေကို အာရှမှာလုပ်နေကြပါတယ်။‌ ဒါပေမဲ့ ဒီအာရှစျေးကွက်ဟာ တိုးတက်မှုအခွင့်ရေးများစွာရှိသလို စိန်ခေါ်မှုတွေလည်း အများကြီးရှိပါတယ်။ ဒီတော့ ကိုယ်က အာရှစျေးကွက်ကို၀င်ရောက်ပြီး အခြေချ လုပ်ကိုင်မယ်ဆိုရင်တော့ ကြုံလာရမယ့် စိန်ခေါ်မှုနဲ့ အခက်အခဲတွေကို သိထားဖို့လိုအပ်ပါတယ်။

၁။ ယဉ်ကျေးမှုအမျိုးမျိုးနဲ့ ဘာသာစကားအမျိုးမျိုး

အာရှဟာ မယုံနိုင်လောက်အောင်ကို ကွဲပြားခြားနားမှုတွေ များစွာရှိပါတယ်။ ကုလသမဂ္ဂအဆိုအရ နိုင်ငံပေါင်း ၄၈ နိုင်ငံပါဝင်ပြီး သီးခြားယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးစံတွေနဲ့ ဘာသာစကားတွေ အမြောက်အမြားရှိနေသလို တစ်နိုင်ငံချင်းစီရဲ့ နိုင်ငံတွင်းမှာလည်း အလွန်ကိုကွဲပြားခြားနားနေကြပါတယ်။ ဒီလိုမတူညီတဲ့ ယဥ်ကျေးမှုတွေနဲ့ ဘာသာစကားတွေဟာ စျေးကွက်ရှာဖွေရာမှာ စိန်ခေါ်မှုဖြစ်နေပါတယ်။ လုပ်ငန်းတွေကလည်း အာရှဈေးကွက်ကို ၀င်ရင် လွယ်လွယ်ကူကူနဲ့ စျေးကွက်အားလုံးကို တစ်ပုံစံတည်း၊တစ်နည်းလမ်းတည်းနဲ့ ၀င်ရောက်နိုင်တယ်လို့ ထင်နေကြပါတယ်။ တကယ်တော့ ထင်သလောက်မလွယ်ပါဘူး။ စီးပွားရေးလုပ်ငန်းတွေဟာ ဒေသခံတွေရဲ့ ကြိုက်နှစ်သက်မှုတွေ၊ ထုံးတမ်းစဉ်လာတွေနဲ့ လူမှုရေးစံနှုန်းတွေကို နားလည်ဖို့နဲ့ လိုက်လျောညီထွေဖြစ်ဖို့ဆိုတာ အချိန်နဲ့အားထုတ်မှု အများကြီးလိုပါတယ်။ ဥပမာ ဒေသခံဝန်ထမ်းငှားရမ်းတာမျိုး၊ စျေးကွက်သုတေသန ကြာမြင့်စွာလုပ်ရတာမျိုး၊ ထိလွယ်ရှလွယ်ယဥ်ကျးမှုမျိုးတွေကြောင့် ဖြစ်ပါတယ်။ မတူတဲ့ယဉ်ကျေးမှုကွာဟချက် တွေနဲ့ ဆက်ဆံရေးတွေကို ပေါင်းစည်းနားလည်နိုင်မှလည်း ဒေသခံတွေနဲ့ ယုံကြည်မှုတွေ၊ လေးစားမှုတွေကို တည်ဆောက်နိုင်မှာဖြစ်ပြီး နောက်ဆုံး ကိုယ်သွားမယ့် စျေးကွက်ဒေသနဲ့ အဆင်ပြေစွာ ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။

၂။ ဒေသတွင်းပြိုင်ဆိုင်မှု

အာရှဈေးကွက်ထဲ (ဒါမှမဟုတ်) သက်ဆိုင်ရာဒေသတွင်းစျေးကွက်ထဲ ဝင်ပြီဆိုတာနဲ့ အရင်ကတည်းက အခိုင်အမာတည်ထောင်ထားတဲ့ ဒေသခံလုပ်ငန်းတွေဆီက ပြင်းထန်တဲ့ယှဉ်ပြိုင်မှုတွေကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီနေရမှာ ပြင်ပကနေ အာရှကို၀င်လာမယ့် နာမည်ကြီးလုပ်ငန်းတွေ အထင်မှားနေကြတာက သူတို့ရဲ့ Brand တွေက လူသိများကျော်ကြားပြီးသားဆိုပြီး ဒေသခံစားသုံးသူတွေက လွယ်လွယ်လက်ခံလိမ့်မယ်လို့ ထင်နေကြတာပါ။ ဒါဟာ မှားနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒေသတွင်း Brand သစ္စာစောင့်သိမှုဆိုတာတွေ ရှိနေတတ်ပြီး ဒေသခံပြည်တွင်းပြိုင်ဘက်တွေကလည်း စားသုံးသူတွေရဲ့ အကြိုက်အလိုက်တွေကို နက်နက်နဲနဲ နားလည်ထားပြီး နေရာယူထားလို့ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ် Brand ဟာ ဘယ်လောက်နာမည်ရပြီးသားပဲ ဖြစ်ဖြစ် ဒေသတွင်းပြိုင်ဘက်တွေကို လျော့မတွက်သင့်ပါဘူး။

၃။ အခြေခံအဆောက်အဦးနဲ့ ပို့ဆောင်ရေးကဏ္ဍ

အာရှရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေကိုကြည့်ရင် အာရှနိုင်ငံတွေရဲ့ မြို့ကြီးတွေ၊ ခေတ်မီအဆောက်အဦးတွေ၊ ခေတ်မီနည်းပညာတွေကို ကျွန်တော်တို့ မြင်နိုင်ပါတယ်။ ဒါပေမဲ့ သိထားသင့်သေးတာက အာရှရဲ့ နေရာတိုင်း ကတော့ ခုလိုခေတ်မီနေတာတော့ မဟုတ်ပါဘူး။ ဒါကလည်း အာရှကိုဝင်လာမယ့် လုပ်ငန်းတွေအတွက် လမ်းပန်းဆက်သွယ်မှုနဲ့ သယ်ယူပို့ဆောင်ရေးတွေ၊ ဓာတ်အားပေးထောက်ပံ့မှုတွေ၊ သိုလှောင်ရုံမလုံလောက်တဲ့ ကိစ္စတွေ၊ စတဲ့ ပြဿနာတွေ ကြုံရနိုင်ပြီးတော့ ကုန်သွယ်စီးဆင်းမှုကို သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ ဒီအချက်ဟာ အာရှတိုက်အတွင်းမှာ မတူကွဲပြားတဲ့ အခြေခံအဆောက်အဦး အခင်းအကျင်းကို ကောင်းစွာ နားလည်သဘောပေါက်ဖို့လိုတယ်ဆိုတာကို မီးမောင်းထိုးပြနေတာပဲ ဖြစ်ပါတယ်။ ဒီပြဿနာကို ထိထိရောက် ရောက်ကိုင်တွယ်ချင်ရင် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ၎င်းတို့ရဲ့ လုပ်ငန်းလည်ပတ်မှုတည်နေရာနဲ့ စနစ်ကျတဲ့ အလုပ်သမားနဲ့ဗျူဟာတွေကို သေချာဂရုစိုက်ရွေးချယ်ရမှာဖြစ်ပါတယ်။ နောက်တစ်ခုက ဒေသဆိုင်ရာ အဖွဲ့စည်းအာဏာပိုင်တွေနဲ့ပူးပေါင်းပြီး ပို့ဆောင်ရေးလမ်းကြောင်းတွေ ကောင်းမွန်အောင်လည်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

၄။ မူပိုင်ခွင့်

မူပိုင်ခွင့် အခွင့်အရေးတွေကို ကာကွယ်ခြင်းကလည်း အာရှမှာ လည်ပတ်နေတဲ့စီးပွားရေးလုပ်ငန်းတွေအတွက် ဘုံစိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ တချို့စွန့်ဦးတီထွင်သူတွေက သူတို့ရဲ့မူပိုင်ခွင့်တွေကို ချိုးဖောက်ခံနေရပြီး သူတို့ရဲ့ အကြံဉာဏ်တွေ စိတ်ကူးတွေဟာလည်း အကာကွယ်မဲ့ အချည်းနှီးဖြစ်နေတယ်လို့ ထင်နေကြပါတယ်။ အခုနောက်ပိုင်းမှာတော့ တချို့စျေးကွက်တွေမှာ မူပိုင်ခွင့်ချိုးဖောက်မှုတွေ များလာတာနဲ့အမျှ မူပိုင်ခွင့်ဥပဒေ ပြဌာန်းမှုတွေပါ အားကောင်းကောင်းနဲ့ လုပ်လာကြပါတယ်။ ဒီတော့ အာရှကိုဝင်ရောက်မယ့်လုပ်ငန်းတွေအနေနဲ့ ကိုယ့်ရဲ့မူပိုင်ခွင့်တွေကို ကာကွယ်ဖို့ သက်ဆိုင်ရာနိုင်ငံတွေမှာအထိပါ မူပိုင်ခွင့်မှတ်ပုံတင်တာတွေ လုပ်ရပါမယ်။ ဒါဆိုရင်တော့ ပြည်တွင်းတုပမှုတွေ မူပိုင်ခွင့်ချိုးဖောက်တာတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

၅။ စည်းကမ်းနဲ့ဥပဒေ

အာရှတစ်ဝှမ်းမှာက စည်းကမ်းဥပဒေသတ်မှတ်ပုံတွေဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူကြပါဘူး။ ဗျူရိုကရေစီ လုပ်ငန်းစဉ်နဲ့လုပ်ဆောင်တာတွေရှိသလို၊ ဒီမိုကရေစီလုပ်ငန်းစဉ်နဲ့ လုပ်ဆောင်တာတွေလည်းရှိတော့ အာရှကို ဝင်လာမယ့်လုပ်ငန်းတွေအနေနဲ့ ဘာသာစကားနဲ့ ယဉ်ကျေးမှုအတားအဆီးကြောင့် ယူဆချက်တွေမှားတာ၊ ဥပဒေတွေကို ဘာသာပြန်မှားတာတွေဟာ နိုင်ငံခြားလုပ်ငန်းတွေအနေနဲ့ ကြီးမားတဲ့စိန်ခေါ်မှုတွေပါ။ နောက်တစ်ခုက အာရှရဲ့တချို့စျေးကွက်တွေမှာ စည်းကမ်းဥပဒေမရှိခြင်း၊ ရှိပေမယ့် မတင်းကျပ်ခြင်း (ဒါမှမဟုတ်) တင်းကျပ်လွန်းခြင်း စတာတွေရှိနေတော့ အလွဲခံမရတဲ့အခြေနေတွေ အများကြီးရှိနေပါတယ်။ ဒီပြဿနာကို ကျော်လွှားဖို့ဆိုရင် ကိုယ်ဝင်ရောက်မယ့်စျေးကွက်ရဲ့ သီးခြားဥပဒေတွေနဲ့ စည်းကမ်းတွေကို နားလည်ရပါမယ်။ တိတိကျကျနားလည်ဖို့လည်း ဒေသခံဥပဒေပညာရှင်တွေနဲ့ ပေါင်းစည်းလုပ်ဆောင်ရပါမယ်။ ဒီတော့ အစိုးရအဖွဲ့စည်းတွေ၊ အရာရှိတွေနဲ့ ခိုင်မာတဲ့ဆက်ဆံရေးတည်ဆောက်ထားနိုင်တာကလည်း လုပ်ငန်း အတွက် အကျိုးဖြစ်ထွန်းစေမှာ အသေအချာပဲ ဖြစ်ပါတယ်။

အာရှနိုင်ငံတွေရဲ့စျေးကွက်မှာ စိန်ခေါ်မှုတွေလည်းရှိနေသလို တစ်ဖက်ကလည်း အခွင့်အလမ်းတွေလည်း ရှိနေပြန် ပါသေးတယ်။ ဥပမာ တချို့အာရှစျေးကွက်တွေဟာ နိုင်ငံခြားလုပ်ငန်းတွေဝင်လာဖို့ အခွင့်လမ်းတွေနဲ့လည်း ဆွဲဆောင်မှုရှိနေပါတယ်။

၁။ လွတ်လပ်တဲ့ကုန်သွယ်မှုသဘောတူညီချက်များ

အာရှတိုက်မှာ လွတ်လပ်တဲ့ကုန်သွယ်မှု သဘောတူညီချက်တွေဟာ အဖွဲ့ဝင်နိုင်ငံတွေအကြား ကုန်စည်နဲ့ ဝန်ဆောင်မှုတွေ ရွှေ့ပြောင်းရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အာရှဒေသတွင်း ဘက်စုံ သဘောတူစာချုပ်တွေမှာ အာဆီယံကုန်သွယ်မှု ပိတ်ဆို့ရေးတွေလည်းရှိသလို အာဆီယံ၊ ဩစတြေးလျနဲ့ နယူးဇီလန်တို့ကြား လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်တွေလည်း ရှိနေပါတယ်။ အာဆီယံကုန်သွယ်မှု တွေမှာ အဖွဲ့ဝင်နိုင်ငံတွေက ကုန်စည်နဲ့ဝန်ဆောင်မှုအများစုကို အနိမ့်ဆုံးအကောက်ခွန်နှုန်းထားနဲ့ 0% မှ 5% အထိ ကုန်သွယ်မှုပြုခွင့်ပေးထားတာပါ။ ဒါ့အပြင် အာဆီယံ၊ ဩစတြေးလျနဲ့ နယူးဇီလန်တို့ကြား သဘောတူညီချက် ကလည်း ကုန်သွယ်မှုကန့်သတ်ချက်အချို့ကိုဖြေလျော့ထားပြီး လွတ်လပ်တဲ့ကုန်သွယ်မှု မြှင့်တင်ခြင်းတွေကို ဖြစ်စေတဲ့အတွက် အာဆီယံနဲ့ ဒေသတွင်းစီးပွားရေးဆိုင်ရာ ဆက်ဆံရေးကိုလည်း ပိုမိုခိုင်မာမှုတွေ ဖြစ်နေစေပါတယ်။ မကြာသေးမီကပဲ သဘောတူညီချက်မှာ ပစိဖိတ်ဖြတ်ကျော်မိတ်ဖက်ဆက်ဆံရေး (CPTPP) အတွက် ဘက်စုံတိုးတက်ရေးသဘောတူညီချက်တွေ ထပ်မံရှိလာပါတယ်။ နိုင်ငံတွေကတော့ ဂျပန်၊ စင်ကာပူ၊ ဗီယက်နမ်၊ မလေးရှားနဲ့ ဘရူနိုင်းတို့ ပါဝင်ပြီး တခြားနိုင်ငံများဖြစ်တဲ့ သြစတြေးလျ၊ နယူးဇီလန်၊ ကနေဒါ၊ မက္ကဆီကို၊ ချီလီနဲ့ ပီရူးတို့ကဲ့သို့ နိုင်ငံများလည်း ပါဝင်ထားကြပါတယ်။ CPTPP ဟာ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ကုန်ကျစရိတ်သက်သာပြီး အကောက်ခွန်ကင်းစင်တဲ့ ပြည်ပဈေးကွက်တွေကို ဝင်ရောက်နိုင်စေဖို့ အဓိကရည်ရွယ်ထားတဲ့ သဘောတူညီမှုတစ်ခုပါ။ ဒီ CPTPP က ကုန်စည်တွေ၊ ဝန်ဆောင်မှု တွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပါအဝင် အကောက်ခွန်နဲ့ တခြားကုန်သွယ်မှု အတားအဆီးတွေကိုပါ သိသိသာသာ လျော့ပေးထားပါတယ်။ ဒါကြောင့် ဒီလို Free trade agreement တွေဟာ ပါဝင်တဲ့နိုင်ငံတွေရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ အလုပ်သမားတွေနဲ့ စားသုံးသူတွေအတွက် အခွင့်အလမ်းနဲ့ အကျိုးခံစားခွင့် အသစ်တွေကို ဖန်တီးပေးပါတယ်။

၂။ အခွန်ကိစ္စနဲ့ အထူးစီးပွားရေးဇုန်

အာဆီယံဒေသတွင်းမှာ အစိုးရတွေရဲ့ ဒေသတွင်းနိုင်ငံတွေကို ပြင်ပလုပ်ငန်းသစ်တွေ ဝင်ရောက်လာဖို့ ဆွဲဆောင်မှုတစ်ခုက အခွန်ကိစ္စနဲ့ အထူးစီးပွားရေးဇုန်တွေ ဖန်တီးပေးခြင်း ဖြစ်ပါတယ်။ အထူးစီးပွားရေး ဇုန်ဆိုတာ ပြင်ပကလုပ်ငန်းတွေ ဒေသတွင်းလာရင် သူတို့လုပ်ငန်းရဲ့တန်ဖိုး (value proposition) ကို အကောင်းဆုံး လုပ်ဆောင်နိုင်အောင် ထောက်ပံ့ပေးခြင်းမျိုးပါ။ ဥပမာ ထိုင်းနိုင်ငံရှိ ကားထုတ်လုပ်သူတွေအတွက် ကမ်းလှမ်းထားတဲ့ အခွန်ဖြေလျှော့မှုတွေ၊ စင်ကာပူရှိ ရေနံချက်လုပ်ငန်းတွေနဲ့ ဓာတုပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေအတွက် ရင်းနှီးမြှုပ်နှံမှု ကမ်းလှမ်းချက်မက်လုံးတွေနဲ့ အခွန်လျှော့ချခြင်းကိစ္စတွေ၊ တရုတ်ရဲ့ အခွန်လျှော့ချပေးရေးအစီစဉ်တွေ၊ ဗီယက်နမ်ရဲ့ အထူးစီးပွားရေးဇုန်မှာလာလုပ်ရင် အခွန်နှုန်းလျှော့ပေးခြင်းတွေ၊ စတာတွေအပြင် တချို့ဒေသနိုင်ငံတွေမှာလည်း ဆန်သစ်တီထွင်မှုနဲ့ ဝင်လာတဲ့လုပ်ငန်းတွေကို သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို အားပေးဖို့ အခွန်ဖြေလျှော့ပေးတာ၊ ထောက်ပံ့မှုပေးတာတွေလည်း ရှိနေပါတယ်။ ဒီကိစ္စတွေကိုတော့ လတ်တလောမှာ စင်ကာပူစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဘုတ်အဖွဲ့ (EDB) နဲ့ ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BOI) တို့က အဓိကဆောင်ရွက်နေပါတယ်။

၃။ စားသုံးသူလူတန်းစားအမျိုးမျိုး တိုးပွားလာခြင်း

အာရှနိုင်ငံတွေမှာ သိသိသာသာတိုးပွားလာနေတဲ့ဦးရေဟာ လူလတ်တန်းစားတွေပဲဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးတွေ ဆက်တိုက်တိုးတက်လာနေတာနဲ့အမျှ စားသုံးသူတွေရဲ့ ဝင်ငွေလည်း တိုးမြင့်ကာ အခြေခံသုံးစွဲမှု တွေလည်း တိုးပွားလာပါတယ်။ ဆိုတော့ ဒီလမ်းကြောင်းကိုနားလည်ခြင်းက အာရှလူလတ်တန်းစားတွေရဲ့ တိုးတက်ပြောင်းလဲနေတဲ့ လိုအပ်ချက်တွေနဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်မယ့် စီးပွဝဝဒရေးလုပ်ငန်းတွေ သိသိသာသာလိုလာသလို အမြတ်အစွန်းရရှိဖို့လည်း အခွင့်အလမ်းများလာပါတယ်။ ဒီတော့ စျေးနှုန်းသင့်တင့်ပြီး အရည်အသွေးမြင့် ထုတ်ကုန်တွေနဲ့ စွန့်ဦးတီထွင်သူလုပ်ငန်းတွေက ဒေသတွင်းနိုင်ငံတွေကို သိသိသာသာ ဝင်ရောက်လာကြပါတယ်။ e-commerce နဲ့ မိုဘိုင်းငွေပေးချေမှုတွေအတွက် ဒစ်ဂျစ်တယ် နည်းပညာတွေကို လက်ခံကျင့်သုံးခြင်းကလည်း အာရှစားသုံးသူတွေကို လိုက်လျောညီထွေဖြစ်စေပြီး သိသိသာသာတိုးတက်လာတဲ့ စီးပွားရေးပုံစံလည်း ဖြစ်လာပါတယ်။

၄။ နည်းပညာတိုးတက်မှု

အာရှဟာ နည်းပညာဆန်းသစ်တီထွင်မှုနဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးမှာ ရှေ့တန်းကနေ အရှိန်တင် လုပ်ဆောင်နေပါတယ်။ အထူးသဖြင့် တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့လို နိုင်ငံတွေဟာ AI လို ဉာဏ်ရည်တု စနစ်၊ စက်ရုပ်တွေနဲ့ ဇီဝနည်းပညာဆိုင်ရာ တိုးတက်မှုတွေအတွက် ကျော်ကြားပါတယ်။ ဒါဟာ နည်းပညာနယ် ဒါမှမဟုတ် ဆက်စပ်စက်မှုလုပ်ငန်းနယ်ပယ်တွေမှာ လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် စိတ်လှုပ်ရှား ဖွယ်ရာ အခွင့်အလမ်းတစ်ခုဖြစ်နေပါတယ်။ ဒါကြောင့် အာရှနည်းပညာကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ဒေသတွင်းရှိ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးစင်တာတွေမှာ ရင်းနှီးမြှုပ်နှံခြင်းတွေ၊ ဒါမှမဟုတ် ပြည်တွင်းမှ စတင်လုပ်ကိုင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းတွေဟာ ခေတ်မီနည်းပညာတွေကို ရရှိနိုင်ပြီး စီးပွားရေး လုပ်ငန်းတွေနဲ့နယ်ပယ်အတွင်းမှာ ဆန်းသစ်တီထွင်မှုတွေကို မြှင့်တင်ပေးနိုင်ပါတယ်။

၅။ Fintech နဲ့ ငွေကြေးဝန်ဆောင်မှုများ

FinTech (ဘဏ္ဍာရေးနည်းပညာ) ဆိုတာ စီးပွားရေးလုပ်ငန်းတွေနဲ့ စားသုံးသူတွေအတွက် ရိုးရာဘဏ္ဍာရေး ပုံစံတွေကို မြှင့်တင်ပြီး အလိုအလျောက်လုပ်ဆောင်မှုစနစ်တွေ ဖန်တီးထားတဲ့ ဆော့ဖ်ဝဲလ်၊ မိုဘိုင်း အက်ပလီကေးရှင်းတွေနဲ့ တခြားဘဏ္ဍာရေးနည်းပညာတွေကို ရည်ညွှန်းတဲ့ ဝေါဟာရတစ်ခုပါ။ Fintech ဟာ အာရှမှာ ရိုးရာဘဏ္ဍာရေးလုပ်ဆောင်မှုတွေကိုပြောင်းလဲပြီး ထွန်းကားနှင့်နေပြီးပါပြီ။ အာရှနိုင်ငံအများ အပြားကလည်း မိုဘိုင်းငွေပေးချေမှုတွေ၊ ဒစ်ဂျစ်တယ်ပိုက်ဆံအိတ် (Digital wallet) နဲ့ blockchain နည်းပညာတွေကို လက်ခံယုံကြည်ကြပြီး fintech startups လုပ်ငန်းတွေနဲ့ ငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေ ထူထောင်ဖို့အတွက် အခွင့်ကောင်းရှိတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးနေကြပါတယ်။ ဆန်းသစ်တဲ့ Fintech ဖြေရှင်းချက်တွေနဲ့ စွန့်ဦးတီထွင်သူတွေဟာ ဘဏ္ဍာရေးလုံခြုံမှုတွေ၊ အဆင်ပြေပြီး လက်လှမ်းမီနိုင်တဲ့ ငွေကြေးဝန်ဆောင်မှုတွေနဲ့အတူ တိုးတက်လာနေတဲ့ အာရှစျေးကွက်ကို ဝင်ရောက်လာနိုင်ကြပါတယ်။

ဒီတော့ အာရှမှာ စီးပွါးရေးလုပ်တာဟာ စိန်ခေါ်မှုတွေနဲ့ ထူးထူးခြားခြား အခွင့်အလမ်းတွေကို ပေးဆောင်နေပါတယ်။ ပွင့်လင်းမြင်သာမှုတွေ၊ လိုက်လျောညီထွေရှိမှုတွေ၊ အခွင့်အလမ်းတွေအတွက် စိတ်အားထက်သန်မှုတွေနဲ့ အာရှဈေးကွက်ကို ချဉ်းကပ်ပြီး စီးပွားရေးလုပ်ငန်းတွေအနေနဲ့ အလားအလာ ကြီးမားတဲ့ အာရှဒေသကြီးမှာ စီးပွားရေးလုပ်ဖို့ မျက်စိဖွင့်ထားသင့်ပါတယ်။

Reference:

ACCLIME, 2023. Doing Business in Asia. [Online]

Available at: https://www.acclime.com/insights/doing-business-asia/

[Accessed 29 March 2024].

U Zin Lwin Thant

B.Act, M.Act (MUE)