“၂၀၂၄ မှာ သင့်ရဲ့အကောင်းဆုံးကာလဖြစ်လာဖို့ ”

• သင့်ဘဝမှာ ဘယ်အချိန်ကာလကအကောင်းဆုံးဖြစ်ခဲ့တယ်လို့ ထင်သလဲ။

• သင့်ရဲ့အကောင်းဆုံး၊ အအောင်မြင်ဆုံးကာလကို သင်တွေးကြည့်ဖူးရဲ့လား။

• ၂၀၂၃ မှာ သင်မျှော်မှန်းထားသလောက် ဖြစ်ခဲ့ရဲ့လား။

• ၂၀၂၄ မှာ သင့်ရဲ့အကောင်းဆုံး၊ အအောင်မြင်ဆုံး ကာလဖြစ်လာမယ်လို့ မျှော်မှန်းထားလား။

• သင်မျှော်မှန်းထားရင် သင့်ရဲ့ Future Plan က ဘာဖြစ်မလဲ။

၂၀၂၄ မှာ သင့်အတွက် အကောင်းဆုံးဖြစ်လာဖို့၊ အအောင်မြင်ဆုံးဖြစ်လာဖို့မပြောခင် အကောင်းဆုံးနဲ့ အအောင်မြင်ဆုံးဆိုတာကို သင်ဘယ်လိုအဓိပ္ပာယ်ဖွင့်သလဲဆိုတာက ပိုအရေးကြီးပါတယ်။ သင်က အောင်မြင်မှုနဲ့ အကောင်းဆုံးဆိုတာကို နာမည်ကြီးမှ၊ ပိုက်ဆံတွေ သုံးမကုန်လောက်အောင် အများကြီးရှိနေမှလို့တွေးထားရင် သင့်ရဲ့ အကောင်းဆုံးဖြစ်မှုနဲ့ အောင်မြင်မှုဟာ ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ လူတွေဟာ လောဘသားတွေ ဖြစ်လို့ပါပဲ။ ပိုက်ဆံသုံးသိန်းလောက်ရှာနိုင်သူက သုံးသိန်းဆိုတဲ့ပမာဏကို မရှာနိုင်ခင်ကစိတ်နဲ့ သုံးသိန်းရပြီးစိတ်က ဘယ်လိုမှ တူနိုင်မှာမဟုတ်ပါဘူး။ သုံးသိန်းရခါစက စိတ်ထဲမှာ ပျော်နိုင်ပေမယ့် သုံးသိန်းဆိုတာကို ပိုင်ဆိုင်ပြီးနောက်ပိုင်းမှာ အဲဒီပမာဏနဲ့ ပျော်နိုင်မှာမဟုတ်ပါဘူး။ သုံးသိန်းကနေငါးသိန်းလောက် လိုချင်လာမယ်။ ငါးသိန်းကနေ ဆယ်သိန်းလောက် လိုချင်လာမယ်။ ဒီလိုပါပဲ။ လိုချင်တပ်မက်မှုတွေက တစ်စတစ်စတိုးနေမှာပဲ ဖြစ်ပါတယ်။

ဒီလိုဆိုရင် အကောင်းဆုံး၊ အအောင်မြင်ဆုံးနဲ့ ဝင်ငွေအများကြီးရဖို့ မမျှော်လင့်ရဘူးလားလို့ ထင်စရာရှိပါတယ်။ လူတွေဟာ မျှော်လင့်ချက်နဲ့အသက်ရှင်တာဖြစ်လို့ မျှော်လင့်ချက်ရှိရပါတယ်။ မျှော်လင့်ချက်ကြီး ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ သတိပြုသင့် တာက ညီညွတ်မျှတမှု (Balance) ပါ။ ကျွန်တော်တို့တွေဟာ အောင်မြင်မှုဆီသွားတဲ့လမ်းမှာ ပြင်းပြတဲ့စိတ်ရှိဖို့လိုပေမယ့် လွန်လွန်ကြူးိကြူးမဖြစ်သင့်ပါဘူး။ အောင်မြင်မှုဆီသွားတဲ့လမ်းမှာ သင့်ပျော်ရွှင်မှုကို ထပ်ပေါင်းနိုင်ဖို့ လိုပါတယ်။ ဒါကြောင့် သင့်ဘဝမှာ အကောင်းဆုံးနဲ့ အအောင်မြင်ဆုံး ဖြစ်ဖို့ ခြုံကြည့်ရရင် အချက်သုံးချက်ကို တွေ့ရပါတယ်။

 

အဲ့ဒါတွေကတော့ (၁) တိုးတက်မှု (၂) ညီညွတ်မျှတမှု (၃) နေ့ရက်တိုင်းပျော်ရွှင်မှုရရှိဖို့ လိုအပ်ပါတယ်။ ဒါတွေကို မြင်သာအောင် အောက်မှာဖော်ပြပေးလိုက်ပါတယ်။

တိုးတက်မှု + ညီညွတ်မျှတမှု = နေ့ရက်တိုင်းပျော်ရွှင်မှုရရှိခြင်း

အတိတ်ဖြစ်ရပ်+ ပြန်လည်သုံးသပ်ခြင်း = အနာဂတ်အတွက်ခွန်အား

ပန်းတိုင်ချမှတ်ခြင်း + ဖြစ်နိုင်တာက စလုပ်ခြင်း = ရလဒ်ကောင်း

အချိန်စီမံခန့်ခွဲခြင်း + မကြီးမားသောအောင်မြင်မှု = ပြန်လည်ဆန်းစစ်နိုင်လာခြင်း

ကျန်းမာရေး + အလေ့အကျင့်တည်ဆောက်ခြင်း = ကျန်းမာခြင်းရလဒ်

ချစ်ခင်ရသူများကြားဆက်ဆံရေး + အချိန်ပေးခြင်း = ပျော်ရွှင်မှု

အလုပ် + ကျွမ်းကျင်မှု + ငွေ + ပန်းတိုင် = အောင်မြင်မှု

သင်က အပေါ်မှာပြထားတဲ့ပုံစံကို မြင်တာနဲ့ ကျွန်တော်ထပ်ရှင်းပြဖို့တောင်လိုမှာ မဟုတ်တော့ပါဘူး။ (ဒါကြောင့် အကြမ်းသဘောကိုသာ ခပ်ရေးရေးလေးမြင်သာအောင် ပြောပြသွားပါ့မယ်။ နံပါတ်တစ်ခုချင်းစီတိုင်းမှာ တိုးတက်မှု၊ ညီညွတ်မျှတမှုနဲ့ နေ့ရပ်တိုင်းပျော်ရွှင်ဖို့ဆိုတဲ့ပုံစံအတိုင်း တစ်ပါတည်း ရှင်းပြပေးသွားပါ့မယ်။)

(၁) အတိတ်ဖြစ်ရပ်

ကျွန်တော်တို့လူသားတိုင်းမှာ အတိတ်ဖြစ်ရပ်ဆိုတာ ရှိပါတယ်။ ၂၀၂၄ ကို သွားမယ်ဆိုရင် ၂၀၂၃ ဟာ အတိတ်ဖြစ်သွား ပါလိမ့်မယ်။ အဲ့ဒီအခါ ၂၀၂၃ တစ်နှစ်လုံးမှာ သင့်ရဲ့ကျရှုံးမှု၊ အခက်အခဲ၊ မသေချာမှုနဲ့ တွေဝေနှောင့်နှေးမှု စတာတွေကို ပြန်လည် ဆန်းစစ်ရပါမယ်။ ဒါမှ သင်ပြုပြင်ပြောင်းလဲရမယ့်အပိုင်းလေးတွေကို တစ်စတစ်စထင်သာမြင်သာ ရှိလာမှာပါ။ မှားခဲ့တာနဲ့ ကျရှုံးတာအပြင် သင့်ရဲ့ကောင်းကွက်တွေကိုလည်း ပြန်တွေးတောသင့်ပါတယ်။ သင်ဘယ်နေရာမှာတော်ခဲ့လဲ၊ သင်ဘာအောင်မြင်ခဲ့လဲ၊ သင့်ကိုယ်သင် ဂုဏ်ယူရတဲ့အခိုက်အတန့်တွေကို ပြန်လည်အားယူသင့်ပါတယ်။ အမှားတွေနဲ့ကျရှုံးမှုတွေဟာ အနာဂတ်မှာ ပြင်ဆင်ရမယ့် အရာတွေဖြစ်ပြီး အောင်မြင်မှုတွေဟာ ရှေ့အနာဂတ်အတွက် ခွန်အားတွေပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး သင့်မှာ အကောင်းမြင်စိတ်တွေနဲ့ ကောင်းမွန်တဲ့ခွန်အားတွေရရှိပြီး နောက်ပိုင်းမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ရှေ့ဆက်ရမယ့်လမ်းကြောင်းပေါ်ကို ရောက်ပါပြီ။

(၂) ပန်းတိုင်ချမှတ်ခြင်း

အတိတ်ကို ဆန်းစစ်ပြီး အနာဂတ်အတွက် ခွန်အားယူပြီးတဲ့နောက် လက်တွေ့အကောင်အထည်ဖော်ဖို့ ပန်းတိုင်ချမှတ် သင့်ပါတယ်။ ကျွန်တော်တို့ဟာ သွားမယ့်လမ်းကြောင်းကို ကြိုတင်ချမှတ်ထားမှ သွားရမယ့်နည်းစနစ်ကို သိမှာဖြစ်ပါတယ်။ သွားရမယ့် နည်းစနစ်ကိုသိရင် သင်စလုပ်ဖို့လိုပါပြီ။ ဒါပေမဲ့ ဒီနေရာမှာ သတိထားသင့်တာက သင်ချမှတ်ထားတဲ့ပန်းတိုင်က လက်တွေ့လုပ်နိုင်တဲ့ ရည်ရွယ်ချက်ပန်းတိုင်မျိုးဖြစ်သင့်ပါတယ်။ သင်က အောင်မြင်စိတ်လောပြီး မနိုင်ဝန်မထမ်းသင့်ပါဘူး။ သင်လုပ်နိုင်တာကစလုပ်ပါ။ သင်ဘယ်အရာကို စလုပ်တယ်ဆိုတာက အရေးမကြီးပါဘူး။ သင်ဆက်လုပ်နေဖို့ကသာ အရေးကြီးပါတယ်။ ဒါဆိုရင် သင် ကိုယ်တိုင်လည်း ဝန်မပိတော့သလို အလုပ်တိုင်းက သင်နဲ့ညီညွတ်မျှတပြီး ပျော်စရာကောင်းတဲ့ရလဒ်ကို ခံစားရမှာပါ။

(၃) အချိန်စီမံခန့်ခွဲခြင်း

အချိန်စီမံခန့်ခွဲခြင်းကတော့ နေရာတိုင်းမှာ မပါမဖြစ် လိုအပ်တဲ့ဆရာကြီးပါပဲ။ အချိန်စီမံခန့်ခွဲဖို့ လိုပါတယ်။ အချိန်စီမံခန့်ခွဲ ရမယ့်နည်းလမ်းကိုတော့ အင်တာနက်မှာ လေ့လာကြည့်ပါ။ ဘာကြောင့်လိုအပ်သလဲကိုသာ ပြောပြပေးပါ့မယ်။ “အချိန်နှင့် ဒီရေသည် လူကို မစောင့်” ဆိုတဲ့စကားအတိုင်းပဲ ကုန်သွားတဲ့အချိန်တွေဟာ ဘယ်တော့မှ ပြန်ရမှာမဟုတ်ပါဘူး။ ဒါကြောင့် အချိန်ကို စီမံခန့်ခွဲဖို့ အင်မတန်အရေးကြီးပါတယ်။ သင့်ရဲ့ အလုပ်တွေ၊ ဝါသနာတွေကို စနစ်တကျလုပ်ဆောင်ဖို့ အချိန်စီမံခန့်ခွဲခြင်းက အကောင်းဆုံး အဖြေပါပဲ။ အချိန်စီမံခန့်ခွဲမှုလုပ်ခြင်းကြောင့် သင့်ရဲ့အရေးကြီးတဲ့အလုပ်တွေကို ခွဲခြားနိုင်ပါတယ်။

အရေးမကြီးတာတွေကို နောက်ချန်ထားပြီး အချိန်နဲ့တစ်ပြေးညီ လုပ်ဆောင်ရမယ့် ကိစ္စတွေကို စနစ်တကျ စီစဉ်တတ်ဖို့ အချိန်စီမံခန့်ခွဲတတ်ရပါမယ်။ အလုပ်မှာ ပင်ပန်းမှုနည်းနည်းနဲ့ ပိုပြီးစမတ်ကျကျလုပ်နိုင်ဖို့ အချိန်စီမံခန့်ခွဲတတ်ဖို့ လိုပါတယ်။ သင်က အချိန်ကို ကောင်းကောင်းစီမံခန့်ခွဲနိုင်ရင် အချိန်ဆွဲတာမျိုးမရှိတော့ဘဲ အလုပ်ကို များများနဲ့မြန်မြန်ပြီးအောင် လုပ်ဆောင်နိုင်ပါလိမ့်မယ်။ အလုပ်ကို စနစ်တကျ စီမံခန့်ခွဲတတ် လာတဲ့အခါ စိတ်ဖိစီးမှုလျော့လာမယ်၊ အာရုံပိုစိုက်လာနိုင်မယ်၊ အလုပ်ကိုလွယ်ကူအောင် လုပ်တတ်လာမယ်။ ဒီလို အစစအရာရာ ကောင်းမွန်လာတဲ့အခါ သင့်အလုပ်ကိစ္စတွေကြောင့်လည်း စိတ်ညစ်နွမ်းစရာမရှိတော့ဘဲ နေ့ရက်တိုင်းမှာ ပျော်ရွှင်လာပါလိမ့်မယ်။

(၄) ကျန်းမာရေး

သင်တိုးတက်ဖို့ လုပ်ဆောင်ရမယ့်အရာတွေထဲမှာ ကျန်းမာရေးကလည်း ထိပ်ဆုံးက ပါ,ပါတယ်။ ကျန်းမာရေးမှာလည်း ကိုယ်ရောစိတ်ပါ ကျန်းမာလန်းဆန်းနေဖို့ လိုအပ်ပါတယ်။ ကိုယ်ခန္ဓာကြံ့ခိုင်ဖို့လိုအပ်မယ့် လုပ်ဆောင်ချက်တွေအတွက် အချိန်ပေး သင့်ပါတယ်။ သင့်အနေနဲ့ အစားကောင်းစွာစားခြင်း၊ အိပ်ရေးဝဝအိပ်ခြင်းလိုမျိုး အခြေခံလိုအပ်ချက်တွေကအစ သတိထား လုပ်ဆောင်သင့်ပါတယ်။ အလုပ်လုပ်ရင်းနဲ့ ကိုယ့်ကျန်းမာရေးအတွက် အချိန်ပေးရပါမယ်။ ဒါကြောင့် သင်သာကျန်းမာသန်းစွမ်းနေရင် အလုပ်ကို အချိန်နဲ့စနစ်တကျစီမံခန့်ခွဲပြီး ကျန်းမာပျော်ရွှင်တဲ့ဘဝကို ရရှိမှာဖြစ်ပါတယ်။

(၅) ချစ်ခင်ရသူများကြားဆက်ဆံရေး

ကျွန်တော်တို့ဟာ ကိုယ့်အလုပ်မှာပဲ ဝန်ပိမနေသင့်ပါဘူး။ ကိုယ်ချစ်ရတဲ့သူတွေ၊ မိသားစုတွေအပေါ်ကို အချိန်ပေး ဂရုစိုက်သင့်ပါတယ်။ ဒီလိုအချိန်ပေးဂရုစိုက်ခြင်းကြောင့် ချစ်ရတဲ့သူ၊ မိသားစုအချင်းချင်းကြားမှာ နွေးထွေးမှုတွေရရှိလာပြီး သင့်ရဲ့ ပျော်ရွှင်မှုကို နိုးဆွပေးနိုင်ပါတယ်။ သင်ချစ်တဲ့သူတွေဆီက ရတဲ့ပျော်ရွှင်မှုဟာ ဘာနဲ့မှမလဲနိုင်တဲ့ဆုလာဘ်တစ်ခုပါပဲ။

(၆) အလုပ်

သင်က သင့်ရဲ့အလုပ်ကိုလည်း ပြန်ပြီး ဂရုစိုက်သင့်ပါတယ်။ အရာရာကို ညီညွတ်မျှတဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သင်က အထက်ကအချက်အလက်တွေကို စနစ်တကျလုပ်ဆောင်ပြီးတဲ့နောက်မှာ အလုပ်ကိုလည်း ကောင်းစွာလုပ်နိုင်မှာပါ။ သင်ဟာ သင့်တိုးတက်မှုကို အားရကျေနပ်မှုရှိနေပြီ၊ အတိတ်ဖြစ်ရပ်နဲ့ပန်းတိုင်တွေကိုလည်း သင်ထင်သလိုရလာပါပြီ။ အဲ့ဒီနောက် ကျန်းမာရေးနဲ့ သင့်မိသားစုကြားက ဆက်ဆံရေးပါ တိုးတက်လာပြီဆိုရင် အရာရာညီညွတ်မျှတပြီး အလုပ်ကို အာရုံစိုက်လာနိုင်ပါလိမ့်မယ်။ သင့်အလုပ်ကို ကောင်းစွာအာရုံစိုက်လာနိုင်ပြီးနောက်မှာ သင့်ရဲ့အလုပ်ကျွမ်းကျင်မှုကလည်း တိုးတက်လာပါလိမ့်မယ်။ အဲ့ဒီအခါ ငွေကို ပိုရနိုင်မယ့်လမ်းစတွေနဲ့ သင့်ကိုယ်တိုင်ရဲ့အလုပ်အပေါ်ထားတဲ့ပန်းတိုင်တွေပါ ရရှိလာပါလိမ့်မယ်။ အဲ့ဒီအခါ သင့်ပျော်ရွှင်မှုဟာ သင့်ဘဝကို ပိုမိုအေးချမ်းလာပါလိမ့်မယ်။

ဒါကြောင့် ၂၀၂၃ ကုန်ပြီး ၂၀၂၄ ကို ရောက်လာတဲ့အခါ သင့်ရဲ့အောင်မြင်မှုတိုင်းမှာ အဓိပ္ပာယ်ရှိဖို့ လိုအပ်ပါတယ်။ အဲဒီလို အဓိပ္ပာယ်ရှိတဲ့အောင်မြင်မှုဖြစ်ဖို့ သင့်ရဲ့တိုးတက်မှု၊ ဘဝနဲ့အလုပ် ညီညွတ်မျှတမှု၊ ပျော်ရွှင်မှုကို ရရှိဖို့လိုပါတယ်။ ဒါကြောင့် သင့်ရဲ့ ၂၀၂၄ကို ကြိုဆိုမှုတိုင်းမှာ အဓိပ္ပာယ်ရှိပါစေ။ နှစ်သစ်မှာ ကျန်းမာပျော်ရွှင်ပြီး အလုပ်များလည်း အဆင်ပြေချောမွေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဆုတောင်းတွေပြည့်ဖို့ဆိုတာကလည်း လက်တွေ့လုပ်ယူရတယ်ဆိုတာလေးပါ ထပ်လောင်းပြောကြားလိုက်ပါတယ်။

 

U Aung Thu

B.Com, M.Com (Mtl Eco)

PG Dip Research Studies (Myw Eco)