Business နဲ့ Ethics က ဆက်စပ်လို့ ရနိုင်မလား ?

Business လုပ်မယ်ဆိုရင် အကျိုးအမြတ်ရဖို့ ကြည့်ရမယ်ဆိုတော့ Ethics ဆိုတဲ့ အကြောင်းအရာခေါင်းစဥ်က business နဲ့မဆိုင်သလို Ethics ဆိုတဲ့ခေါင်းစဥ်ကို စဥ်းစားပြီး ဦးစားပေးမယ်ဆိုရင်တော့ business မလုပ်တာ ပိုကောင်းမယ်ဆိုတဲ့ အတွေးမျိုး ရှိခဲ့၊ ရှိနေဆဲဆိုရင် River Blindness ဆိုတဲ့ရောဂါကို Merck ဆေးဝါးကုမ္ပဏီမှ ဘယ်လိုလုပ်ဆောင်ပေးခဲ့လဲဆိုတာ ယခုဆောင်းပါးမှာ ဖော်ပြပေးသွားပါမယ်။ River blindness ဆိုတဲ့ ကြောက်စရာကောင်းပြီး ဆိုးရွားတဲ့ရောဂါဟာ ခန္ဓာကိုယ်တွင်း သေးငယ်တဲ့ကပ်ပါးကောင် ကပ်တွယ်ရာကနေ ဖြစ်ပွားတဲ့ရောဂါ ဖြစ်ပါတယ်။ အဲ့ဒီကပ်ပါးကောင်က မြစ်မှာပေါက်ဖွားရှင်သန်တဲ့ black fly လို့ခေါ်တဲ့ ခြင်နဲ့နီးစပ်တဲ့အကောင်ရဲ့ အကိုက်ခံရပြီး ခန္ဓာကိုယ်တွင်း ကျန်ရှိနေခြင်းပဲ ဖြစ်ပါတယ်။ အဆိုပါ ကပ်ပါးကောင်ရှိတဲ့လူကို နောက် black fly က ထပ်မံကိုက်ပြီး နောက်လူကိုပါ တစ်ဆင့်ပြီးတစ်ဆင့် ကူးစက်စေပါတယ်။

အဲ့ဒီကပ်ပါးကောင်ဟာ လူ့ခန္ဓာကိုယ်အရေပြားအောက်မှာ တွင်းပေါက်ပြုလုပ်နေထိုင်ပြီး အဲ့ဒီတွင်းပေါက်ထဲမှာ ၂ ပေခန့်အထိ ရှင်သန်ကြီးထွားနေထိုင်နိုင်ပါတယ်။ Microfilariae ခေါ်တဲ့ သေးငယ်လွန်းသော သားလောင်းများကို မျိုးပွားကာ အရေပြားအောက်မှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးဆီ ရွေ့လျားသွားရာမှ ဒဏ်ရာ၊ အနာများဖြစ်ပေါပြီး အပြင်းအထန်ယားယံမှုကြောင့် ကူးစက်ခံရသူမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တဲ့အထိ ဖြစ်လာရပါတယ်။ သားလောင်းများက နောက်ဆုံးမှာ လူ့ခန္ဓာကိုယ်ရဲ့ အရေးကြီးအစိတ်အပိုင်းများထဲမှတစ်ခုဖြစ်တဲ့ မျက်စိအထိ ရောက်ရှိလာပြီး ကူးစက်ခံရသူကို မျက်စိကွယ်သွားစေပါတယ်။ ဒီရောဂါဟာ ၁၉၇၀ ပြည့်နှစ်ဝန်းကျင်မှာ အာဖရိက၊ လက်တင်အမေရိကနဲ့ ယီမင်နိုင်ငံများရှိ ကျေးလက်ဒေသများမှာ နေထိုင်ကြသူများအကြား ကူးစက်ပျံ့နှံ့တဲ့ ရောဂါဖြစ်ပါတယ်။

ဒေသခံများက ဖြေရှင်းနည်းတစ်ခုအနေနဲ့ ပိုးသတ်ဆေးများဖျန်းခြင်းဖြင့် နှိမ်နင်းခဲ့ပေမယ့်လည်း ပိုးသတ်ဆေးရဲ့ ဒဏ်ကို ခံနိုင်ရည်ရှိလာပြန်တယ်။ ဒါ့အပြင် အဲ့ဒီအချိန်ကာလတွေတုန်းက လူ့ခန္ဓာကိုယ်တွင်းရှိ ကပ်ပါးကောင်ကို ကုသပေးနိုင်တဲ့ဆေးဝါးများမှာ စျေးကြီးတဲ့အပြင် ဆေးရုံမှာရက်ရှည်နားနေဖို့ လိုအပ်တာတွေကြောင့် ရွာငယ်လေးမှာ တစ်သီးတစ်သန့်နေထိုင်ကြတဲ့ ဒေသခံများအတွက် ဒီဖြစ်ရပ်ကို မဖြေရှင်းနိုင်ဘဲ ဖြစ်နေခဲ့ပါတယ်။ နောက်ထပ်ဖြေရှင်းနည်းအဖြစ် ဒေသခံများက သူတို့ရဲ့မြေဆီဩဇာကောင်းမွန်တဲ့ မြေနေရာကို စွန့်ခွာကာ သူတို့နေထိုင်ရာရွာများကနေ ထွက်ပြေးတိမ်းရှောင်ဖို့ ရွေးချယ်ခဲ့ကြပြန်ပါတယ်။ ကံမကောင်းစွာနဲ့ ပြောင်းရွှေ့ရာနေရာများမှာ စားသောက်နေထိုင်ဖို့ အထောက်အပံ့ကောင်းများ မရှိတဲ့အတွက် အရင်နေထိုင်ရာ ရွာများဆီပြန်လာပြီး ဒဏ်ရာအနာ၊ ပြင်းထန်တဲ့ယားယံမှုနဲ့ မျက်စိကွယ်ခြင်းဘဝကို လက်သင့်ခံပြီး ဆက်လက်နေထိုင်ခဲ့ရတယ်။

၁၉၇၈ ခုနှစ်က Merck ကုမ္ပဏီမှာ သုတေသနပညာရှင်အဖြစ် အလုပ်လုပ်ကိုင်နေတဲ့ Dr. William Campbell ဟာ ကုမ္ပဏီရဲ့ ရောင်းအားအကောင်းဆုံးဖြစ်တဲ့ တိရစ္ဆာန်ဆေးတစ်မျိုးဟာ မျက်စိကွယ်စေနိုင်တဲ့ ကပ်ပါးကောင်ကို တိုက်ဖျက်ပေးနိုင်တဲ့ သက်သေအ‌ထောက်အထားများ တွေ့ရှိခဲ့ပါတယ်။ အဆိုပါကုသမှုဟာ စျေးနှုန်းသက်သာပြီး ဘေးဥပါဒ်နည်းပါးကာ ရိုးရှင်းတဲ့ကုသမှုတစ်ခုလည်းဖြစ်နိုင်တယ်ဆိုတာ တွေ့ရှိခဲ့ကြပါတယ်။ သူနဲ့သူရဲ့ အဖွဲ့သားများဟာ ကုမ္ပဏီရဲ့ ဥက္ကဌဖြစ်တဲ့ Dr. Vagelos ထံ အဲ့ဒီဆေးကို လူသားများသောက်သုံးနိုင်ဖို့အတွက် ဖော်စပ်ဖို့ အဆိုပြုတင်သွင်းခဲ့ကြပါတယ်။ အဆိုပြုချက်နဲ့အတူ ငွေကြေးအရ ဒေါ်လာ ၁၀၀ မီလီယံ ကုန်ကျမယ့် ဆေးဝါးထုတ်လုပ်ပြီး စမ်းသပ်မည့်အပိုင်းနဲ့ ရောဂါဖြစ်ပွားရာဒေသဟာ ဆင်းရဲနွမ်းပါးတဲ့အတွက် အမြတ်အစွန်းရဖို့ အင်မတန်အခွင့်အရေးနည်းပါးခြင်း စတဲ့ တွေးတောစရာကိစ္စရပ်များစွာကို ဆွေးနွေးခဲ့ကြရတယ်။ နောက်ထပ်စဥ်းစားရမယ့် အရာတစ်ခုက ယုံကြည် စိတ်ချရတဲ့ ဖြန့်ဖြူးရေးလမ်းကြောင်း ရှိမနေတဲ့အတွက် မှောင်ခိုစျေးကွက်ကို ရောက်ရှိကာ တိရစ္ဆာန်များအပေါ် မှားယွင်းစွာ အသုံးချနိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။ မန်နေဂျာတချို့ဟာ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတစ်ခုခုကြောင့် ကုမ္ပဏီအပေါ် လူထုအမြင်ထိခိုက်ပျက်စီးကာ အမြတ်ရရှိနေတဲ့ တိရစ္ဆာန်ဆေးဝါးများရဲ့ ရောင်းအားကိုပါ ထိခိုက်နိုင်တယ်လို့ ထောက်ပြခဲ့ကြပါတယ်။ ဆေးဝါးနယ်ပယ်မှာ ကြုံတွေ့လာနိုင်တဲ့ အ‌ခြေအနေဆိုးများကို တွေးဆကာ Merck ကုမ္ပဏီရဲ့ မန်နေဂျာများဟာ စီးပွားရေးအရ အကျိုးအမြတ်မမြင်သာဘဲ စရိတ်များလွန်းတဲ့ ပရောဂျက်ကို လုပ်ဆောင်ဖို့ တွန့်ဆုတ်နေခဲ့ကြပါတယ်။

အဆိုပါဆေးမရှိရရင် သန်းပေါင်းများစွာရှိတဲ့ လူသားများရဲ့ဘဝဟာ ပြင်းစွာသောယားယံမှုဝေဒနာနဲ့အတူ တစ်စိတ်တစ်ပိုင်း မျက်စိကွယ်ခြင်း (ဒါမှမဟုတ်) လုံးဝမျက်စိကွယ်ခြင်းဘဝများ ရောက်ရှိဖို့ သတ်မှတ်ထားပြီးသား ဖြစ်သွားမှာပါ။ နောက်ဆုံးမှာ ကုမ္ပဏီက ဒီရောဂါရဲ့ လူသားများအပေါ် သက်ရောက်နိုင်မှု human cost က မျက်ကွယ်မပြုနိုင်လောက်‌‌အောင် ကြီးမားတယ်လို့ အသိအမှတ်ပြုခဲ့ပြီး ပရောဂျက်ကို ဆက်လက်လုပ်ဆောင်စေခဲ့ပါတယ်။

Dr. Campbell ရဲ့ တွေ့ရှိချက်ပြီးတဲ့နောက် Merck ရဲ့နောက်ထပ်သုတေသနပညာရှင်ဖြစ်တဲ့ Dr. Mohammed Aziz က အဆိုပါဆေးထုတ်လုပ်ဖို့အတွက် လုပ်ဆောင်ပေးခဲ့ပါတယ်။ ၁၉၈၀ ခုနှစ် အစောပိုင်းလောက်မှာ Dr. Aziz ဦးဆောင်ကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ပူးပေါင်းပြီး အာဖရိကအနောက်ပိုင်းမှာ ကွင်းဆင်းလေ့လာမှုများ လုပ်ဆောင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဆေးဝါးက river blindness ရောဂါကို ကုသဖို့ ထိရောက်မှုရှိကြောင်း တွေ့ရှိခဲ့ကြပါတယ်။

ကုန်ကျစရိတ်ကြီးမားတဲ့ သုတေသနများနဲ့ ဆေးစမ်းသပ်မှုပေါင်းများစွာပြုလုပ်ပြီး (၇) နှစ်အကြာမှာ Merck ကုမ္ပဏီဟာ လူသားများသောက်သုံးနိုင်တဲ့ Mectizan ဆေးဝါးကို အောင်မြင်စွာ ဖော်စပ်ထုတ်လုပ်နိုင်ခဲ့တယ်။ ဆေးတစ်လုံးကို တစ်နှစ်မှာ တစ်ကြိမ်သောက်သုံးပေးခြင်းဖြင့် ကြောက်စရာကောင်းတဲ့ရောဂါရဲ့ ဆိုးကျိုးများအပြင် အသစ်ထပ်မံကူးစက်မှုမှ အပြည့်အဝကာကွယ်မှု ပေးနိုင်ခဲ့ပါတယ်။ ကံမကောင်းတာကတော့ ကုမ္ပဏီမှ ကြိုတင်မှန်းဆထားတဲ့အတိုင်း အဲ့ဒီဆေးကို ဘယ်သူကမှဝယ်ယူကာ ထောက်ပံ့ပေးမယ့်သူမရှိခြင်းပဲ ဖြစ်ပါတယ်။ အဲ့ဒီအခါမှာ Merck က အဲ့ဒီဆေးဝါးကို ကူးစက်နိုင်ခြေ များတဲ့လူတွေဆီ အခမဲ့ပေးဝေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဆေးဝါးများ မှောင်ခိုစျေးကွက်ကို မရောက်ရှိဘဲ တကယ် ဖြစ်ပွားရာဒေသများဆီ ရောက်ရှိစေဖို့ ဖြန့်ဖြူးရေးလမ်းကြောင်းများ တည်ဆောက်ခြင်း စတဲ့ စိန်‌ခေါ်မှုများ ရှိလာခဲ့ပြန်ပါတယ်။

WHO နဲ့ ပူးပေါင်းလုပ်ဆောင်ကာ Merck မှ ဆေးဝါးများ လုံခြုံစိတ်ချစွာဖြန့်ဖြူးနိုင်ဖို့ International Committee တစ်ခုကို ငွေကြေးထောက်ပံ့ပေးခဲ့တယ်။ ၁၉၉၆ ခုနှစ်မှာတော့ အဆိုပါကော်မတီက အစိုးရ၊ ပုဂ္ဂလိက စေတနာ့ဝန်ထမ်းအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး လူသားသန်းပေါင်းများစွာကို ဆေးဝါးများထောက်ပံ့ပေးကာ ပြင်းထန်တဲ့ ဝေဒနာခံစားရမှုမှ သက်သာစေပြီး သူတို့ရဲ့ဘဝများကို ထိရောက်စွာ ပြောင်းလဲနိုင်ခဲ့ပါတယ်။ အခုလို သုတေသနပြုလုပ်ရခြင်း၊ ဆေးဝါးဖော်စပ်ရခြင်း၊ ထုတ်လုပ်ရခြင်းနဲ့ ဖြန့်ဖြူးရခြင်း စတဲ့ လုပ်ဆောင် ချက်များဟာ အမြတ်ပြန်လည်ရရှိနိုင်မှုမရှိပါဘဲ ဘာကြောင့်ငွေကြေးအများကြီး ရင်းနှီးမြှုပ်နှံခဲ့လဲလို့ မေးတဲ့အခါ Merck ရဲ့ ဥက္ကဌဖြစ်သူ Dr. Valegos မှ “The Only Ethical Choice” လို့ ပြန်လည်ဖြေကြားရာမှာ ထည့်သွင်း ပြောသွားခဲ့ပါတယ်။ Merck က ယခုလိုလုပ်ဆောင်မှုဟာ မဟာဗျူဟာကျကျ ရေရှည်အားသာချက်တစ်ခု ဖြစ်လာကြောင်း သင်ခန်းစာရခဲ့ပါတယ်။

လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းရဲ့ action ဟာ မိမိကိုယ်တိုင်၊ တခြားသူများနဲ့ အုပ်စုငယ်လေးအပေါ် အတိုင်းအတာတစ်ခုထိ သက်ရောက်မှုရှိနိုင်တယ် ဒါမှမဟုတ် Business တစ်ခုက သူလုပ်ဆောင်လိုက်တဲ့ လုပ်ဆောင်ချက်တစ်ခုချင်းစီတိုင်းဟာ တခြားပါဝင်ပတ်သက်နေသူများအပေါ် အကျိုးသက်ရောက်နိုင်တဲ့ အတိုင်းအတာကြီးမားမှုတွေ ရှိနေတဲ့အခါ decision ချမှတ်ရာမှာ ကိုယ့်လုပ်ငန်းအခြေအနေနဲ့အတူ ethics ကိုပါ ထည့်သွင်းစဥ်းစားဖို့ လိုအပ်လာပါတော့တယ်။

Linkedin.comမှ River Blindness and A Case of Business Ethics ဆောင်းပါးကို သင့်လျော်သလို ဘာသာပြန်ဆိုထားပြီး ဆရာကြီးဒေါက်တာစန်းလွင် Business Ethics (Week 1) အတန်းမှ အကြောင်းအရာများဖြင့် ပေါင်းစပ်ကိုးကားပြီး ဖော်ပြထားခြင်းဖြစ်ပါတယ်။

Daw Myint Zu Phyo

BBM, (NMDC)

MBA, (YUE)