" Google ရဲ့ ဆန်းသစ်တီထွင်မှု မဟာဗျူဟာများနဲ့ အတွေးအခေါ်များ "

Google ကုမ္ပဏီဟာ ကမ္ဘာပေါ်မှာ ဆန်းသစ်တီထွင်မှုအရှိဆုံး ကုမ္ပဏီတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ '20% စည်းမျဉ်း' က ဝန်ထမ်းတွေကို ပိုမိုတီထွင်ဖန်တီးနိုင်စေဖို့ တွန်းအားပေးနေတာကို တွေ့ရပါတယ်။ အဲ့ဒီစည်းမျဉ်းတွေအရ ဝန်ထမ်းတွေဟာ သူတို့မှာရှိနေတဲ့ အချိန်ရဲ့ 20% ကို ပရောဂျက်တွေအတွက် အသုံးပြုကြရပါတယ်။ Gmail နဲ့ Google Map လိုမျိုး လူကြိုက်အများဆုံး ဝန်ဆောင်မှုတွေကို တီထွင်နိုင်စေဖို့ ဝန်ထမ်းတွေက ကူညီပေးခဲ့တာကြောင့် အဲ့ဒီမူဝါဒက ကုမ္ပဏီအတွက် များစွာအကျိုးရှိခဲ့ပါတယ်။ Google ဟာ ကုမ္ပဏီအတွင်း ဆန်းသစ်တီထွင်နိုင်စွမ်းတွေနဲ့ တီထွင်ဖန်တီးနိုင်မှုဆိုင်ရာ အခန်းကဏ္ဍကို အလေးပေးထားပါတယ်။ ဒါ့အပြင် ကုမ္ပဏီအတွက် ပိုမိုကောင်းမွန်တဲ့ရလဒ်တွေကိုဖန်တီးနိုင်ဖို့ မူဝါဒရှစ်ခုကို ကျင့်သုံးနေတာကိုလည်း တွေ့ရပါတယ်။

ပထမနည်းဗျူဟာကတော့ 'Thinking 10x' ဖြစ်ပါတယ်။ အဲ့ဒီနည်းဗျုဟာအရ ဆန်းသစ်တီထွင်မှု ဆိုတာဟာ တစ်ခုခုကို 10 ဆတိုးတက်အောင် လုပ်ပေးမှသာ ရနိုင်တယ်လို့ ကုမ္ပဏီက ယုံကြည်ထားကြပါတယ်။ 10x မဟာဗျူဟာ က ဝန်ထမ်းတွေရဲ့ ပိုမိုကောင်းမွန်တဲ့ အကြံဉာဏ်တစ်ခုကို ပြန်လည်ဆန်းစစ်တွေးခေါ်နိုင်စေပြီးတော့ လက်ရှိပုံစံတွေကိုကျော်လွန်တဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေကိုလည်း များစွာအထောက်အပံ့ ဖြစ်စေပါတယ်။ ဒုတိယနည်းဗျူဟာကတော့ 'Launch, then keep listening' ဖြစ်ပါတယ်။ ဒီနည်းဗျူဟာကတော့ သုံးစွဲသူတွေရဲ့ တုံ့ပြန်ချက်အပေါ် အခြေခံပါတယ်။ ကုမ္ပဏီတွေဟာ ပုံမှန်အားဖြင့် သူတို့ရဲ့ ဝန်ဆောင်မှုတွေနဲ့ ထုတ်ကုန်တွေကို သုံးစွဲသူတွေဆီ အစမ်းသုံးခွင့်ပေးခြင်းပဲ ဖြစ်ပါတယ်။ အဲ့ဒီကနေတစ်ဆင့် သုံးစွဲသူတွေဆီက တုံ့ပြန်မှုတွေကို နားထောင်ပြီး ကုမ္ပဏီတွေဟာ သူတိုရဲ့ဝန်ဆောင်မှုတွေနဲ့ ထုတ်ကုန်တွေရဲ့ အရည်အသွေးကို မြှင့်တင်နိုင်ဖို့ ကြိုးစားကြပါတယ်။ ကုမ္ပဏီတွေအနေနဲ့ အခုလိုချဉ်းကပ်မှုကို အသုံးချနိုင်မယ်ဆိုရင် စျေးကွက်ထဲက လိုအပ်ချက်တွေနဲ့ ဘယ်တော့မှ အလှမ်းဝေးသွားမှာ မဟုတ်ကြောင်းကိုလည်း ယုံကြည်ချက် ရှိနေပါတယ်။

ဒီနေရာမှာ Android ဆော့ဖ်ဝဲလ်က မြင်သာတဲ့ ဥပမာတစ်ခု ဖြစ်နိုင်ပါတယ်။ Android ဆော့ဖ်ဝဲလ်ဟာ, ၂၀၀၈ ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး စဉ်ဆက်မပြတ် တိုးတက်နေတာ မြင်တွေ့နေရပါတယ်။ Android ဆော့ဖ်ဝဲလ်က ဗားရှင်းအသစ်တွေကို နှစ်စဉ်ထုတ်ပြန်လေ့ရှိပြီး သုံးစွဲသူတွေရဲ့ တုံ့ပြန်ချက်တွေအပေါ် အခြေခံပြီး နှစ်စဉ်နှစ်တိုင်း တိုးတက်အောင် အမြဲလုပ်ဆောင်နေတာကိုတွေ့ရပါတယ်။ Google မှာအသုံးပြုတဲ့ တခြားနည်းဗျူဟာတစ်ခုကတော့ 'Share Everything You Can' ဗျူဟာ ဖြစ်ပါတယ်။ အဲ့ဒီနည်းဗျူဟာကို ကျင့်သုံးရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ကုမ္ပဏီအနေနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်မှုတွေကို သေချာလုပ်ဆောင်နိုင်စေဖို့ ဖြစ်ပါတယ်။ အတူတကွ ပူးပေါင်းဆောင်ရွက်မှုတွေဟာလည်း အောင်မြင်မှုရဲ့ အရေးကြီးတဲ့ကဏ္ဍတစ်ခုအဖြစ် မှတ်ယူထားကြပါတယ်။ ဒါကြောင့် ကုမ္ပဏီအတွင်းမှာ သတင်းအချက်အလက် မျှဝေခြင်းဟာလည်း အရေးအကြီးဆုံးပဲ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ကုမ္ပဏီရဲ့အပတ်စဉ် အစည်းအဝေးမှာ အကြီးအကဲ/မန်နေဂျာတွေနဲ့ ပရောဂျက်တွေ၊ အရင်ကလုပ်ဆောင်ခဲ့တဲ့ အရာတွေနဲ့ အနာဂတ်အစီအစဉ်တွေကို ဆွေးနွေးခြင်းပဲ ဖြစ်ပါတယ်။

တခြားကုမ္ပဏီတွေလိုပဲ Google ရဲ့နောက်ထပ်နည်းဗျူဟာကတော့ 'Hire the right people' ပဲ ဖြစ်ပါတယ်။ Google မှာ လက်ရှိအလုပ်လုပ်နေတဲ့ဝန်ထမ်းများက ထောက်ခံပေးတဲ့သူတွေကို အလုပ်ခန့်ထားပါတယ်။ ဒါပေမဲ့ Google ရဲ့ ဝန်ထမ်းစိစစ်တဲ့လုပ်ငန်းစဉ်ကတော့ တခြားကုမ္ပဏီတွေနဲ့ မတူနိုင်ပါဘူး။ ဒီတော့ Google မှာ အလုပ်တစ်ခုရွေးတဲ့အခါ အင်တာဗျူးတွေ အများကြီးကို ဖြတ်သန်းဖို့လိုပါတယ်။ နောက်ထပ်ဗျူဟာတစ်ခုကတော့ ကုမ္ပဏီဟာ '70/20/10 ဗျူဟာ' ကို ကျင့်သုံးတာတွေ့ရပါတယ်။ လုပ်ဆောင်ချက်တွေရဲ့ 70 % ကို ကုမ္ပဏီရဲ့ အဓိကစီးပွားရေးအတွက် ရည်ရွယ်ထားကြောင်း ဖော်ပြထားပါတယ်။ နောက်ထပ် 20% ကတော့ အဓိကစီးပွားရေးလုပ်ငန်းနဲ့ ဆက်စပ်တဲ့ လုပ်ငန်းဆောင်တာတွေနဲ့ သက်ဆိုင်ပါတယ်။ ကျန်ရှိတဲ့ 10% ကတော့ အဓိကစီးပွားရေးလုပ်ငန်းနဲ့ မသက်ဆိုင်ပါဘူး။ အဲ့ဒီလိုနည်းဗျူဟာကို အသုံးချပြီး ကုမ္ပဏီဟာ စျေးကွက်သစ်တွေနဲ့ အခွင့်အလမ်းတွေကို ရှာဖွေနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ အဓိကစီးပွားရေး လုပ်ငန်းနဲ့မသက်ဆိုင်တဲ့ 10% ကို လုပ်ငန်းရဲ့ ရည်ရွယ်ချက်ကို ရရှိနိုင်ဖို့ ကြိုးစားအားထုတ်မှုတွေအတွက်ဆိုပြီး Google က ယုံကြည်ထားပါတယ်။ အဲ့ဒီနည်းဗျူဟာ က စဉ်းစားတွေးခေါ်မှုတွေကိုလည်း မြှင့်တင်ပေးနိုင်ပြီး ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုတွေနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေကို ကြိုတင်တွက်ချက်နိုင်စေဖို့ လှုံ့ဆော်ပေးပါတယ်။

Google အနေနဲ့ ကျင့်သုံးနေတဲ့ နောက်ထပ်နည်းဗျူဟာတစ်ခုကတော့ 'Looking for ideas everywhere' ဖြစ်ပါတယ်။ ဥပမာအနေနဲ့ Google Maps ကိုကြည့်မယ်ဆိုရင် အိန္ဒိယနိုင်ငံမှာ မြေပုံတွေနဲ့ ပတ်သက်ပြီး အွန်လိုင်းဒေတာတွေ တိတိကျကျမရှိတဲ့အတွက် သုံးစွဲသူတွေကို စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံမှာ ကိုယ်စားလှယ်တစ်ဦးထားပြီး Google Maps မှာပြုပြင်မှုတွေ ပြုလုပ်စေခဲ့ပါတယ်။ အဲ့လိုလုပ်ဆောင်မှုတွေနဲ့ ဝန်ဆောင်မှုကို ပိုမိုအဆင်ပြေအောင် ပိုမိုယုံကြည်စိတ်ချရအောင် လုပ်ဆောင်ပေးထားပါတယ်။ Google ရဲ့နောက်ထပ်နည်းဗျူဟာတစ်ခုကတော့ ‘Using data and not opinion’ ဖြစ်ပါတယ်။ ဒေတာတွေကို ခွဲခြမ်းစိတ်ဖြာခြင်းဟာ ထင်မြင်ယူဆချက်တွေကို နားထောင်ခြင်းထက် ပိုအဓိပ္ပာယ်ရှိပြီးတော့ ပိုအကျိုးရှိမယ်လို့ ကုမ္ပဏီက ယုံကြည်ထားပါတယ်။ ဒေတာတွေကို ခွဲခြမ်းစိတ်ဖြာခြင်းဟာ စီမံခန့်ခွဲမှု ဆုံးဖြတ်ချက်တွေကို ပိုနားလည်စေပြီး ပိုကောင်းတဲ့ ရွေးချယ်မှုတွေလုပ်ဖို့ အထောက်အကူပေးတယ်လို့လည်း Google က ယုံကြည်ထားပါသေးတယ်။

Google ရဲ့နောက်ဆုံးတီထွင်ဆန်းသစ်မှုဗျူဟာကတော့ ‘Focusing on users and not on the competition’ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ ဆန်းသစ်တီထွင်မှုတွေကနေတစ်ဆင့် သုံးစွဲသူတွေရဲ့ဘဝတွေကို မြှင့်တင်နိုင်ဖို့ ရည်ရွယ်ထားတဲ့အတွက် ဒီနည်းဗျူဟာကို အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ ဥပမာ Gmail ဝန်ဆောင်မှုကို ကြည့်နိုင်ပါတယ်။ Gmail ဝန်ဆောင်မှုကို 2004 ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ Gmail ဝန်ဆောင်မှုမှာ သုံးစွဲသူတွေအတွက် သတင်းအချက်အလက်တွေ သိမ်းဆည်းထားနိုင်ခြင်း၊ မျှဝေနိုင်ခြင်း၊ ပြက္ခဒိန်များ၊ အချိန်ဇယားများ စတဲ့ဝန်ဆောင်မှုတွေကို မိတ်ဆက်ခဲ့ပါတယ်။

အပေါ်မှာဖော်ပြပေးခဲ့တဲ့ အချက် (၈) ချက်ဟာ Google ကုမ္ပဏီကို အခုလိုမျိုး မြင့်မားတဲ့အဆင့်အထိ တိုးတက်အောင် ကူညီပေးခဲ့ပါတယ်။ ဒါကြောင့် သုံးစွဲသူတွေရဲ့ ဘဝတိုးတက်စေဖို့ ဂရုပြုခြင်းဟာ စျေးကွက်အတွင်းယှဉ်ပြိုင်တဲ့အခါ ဘာကြောင့် အားသာချက်တစ်ခု ဖြစ်လာစေလဲဆိုတာကို ဒီဆောင်းပါးမှာ တွေ့မြင်နိုင်ပါတယ်။

Daw Thwet Shwe Yee Htun

B. Com, M.com (MEUE)

References

Chasanidou, D. and Karahasanović, A., 2017. Co-creation for innovation: why does customers get involved? In Innovating for Trust. Edward Elgar Publishing.

Duhigg, C., 2016. What Google learned from its quest to build the perfect team. The New York Times Magazine, 26, p.2016.

Elias, J., 2019. Google will no longer hold weekly all-hands meetings amid growing workplace tensions. CNBC.

Feldman, M., 2004. The significance of innovation. Rotman School of Management, University of Toronto, pp.1-14.

Google, 2019. About. Google [Online]. Google. Available at: https://about.google/ [Accessed on 16 November 2019]

Lecher, C., 2019. Google is scaling back its weekly all-hands meetings after leaks, Sundar Pichai tells the staff. The Verge.