Uniqlo နဲ့ KAWS တို့ရဲ့ တစ်ဖန်ပြန်လည် ပူးပေါင်းဖန်တီးမှု

နာမည်ကျော်ဖက်ရှင် အမှတ်တံဆိပ်ဖြစ်တဲ့ Uniqlo နဲ့ နယူးယောက်အခြေစိုက် အနုပညာရှင်နဲ့ ဒီဇိုင်နာ ကော့စ်တို့ လက်တွဲကာ သီးသန့် collection ထုတ်လုပ်မှုဟာ အရမ်းကိုအောင်မြင်ခဲ့ပြီး လူငယ် လူရွယ်တွေကြားမှာလည်း ရေပန်းစားခဲ့ပါတယ်။Uniqlo x KAWS ကော့စ် လက်တွဲပြီး ထုတ်လုပ်တာက ၂၀၂၃ ခုနှစ်မှာဆိုရင် ဒုတိယအကြိမ်မြောက် ပြန်လည်ထုတ်လုပ်တာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာလည်း ပူးပေါင်းလုပ်ဆောင်မှု တစ်ကြိမ်ပြုလုပ်ခဲ့ပြီး ရောင်းအား ၂.၃ ဘီလီယံဒေါ်လာ ရရှိခဲ့ပါတယ်။ ဒီ co-branding collaboration က ဘာကြောင့် တမူထူးခြားပြီး အောင်မြင်ခဲ့လဲဆိုတော့ သူတို့ရဲ့ အချိတ်အဆက်မိတဲ့ Online, offline ဈေးကွက် မဟာဗျူဟာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာကြော်ငြာများ၊ influencer တွေနဲ့ မိတ်ဖက် ပြုလုပ်ကြော်ငြာများ၊ Uniqlo ဆိုင်များမှာ ချိန်ကိုက်ကြော်ြငာတွေကို တွင်တွင်ကျယ်ကျယ် ပြုလုပ်တာ တွေက အဓိကကျတယ်လို့ ဆိုပါတယ်။ ကော့စ်ရဲ့ စာအုပ်အသစ်ထွက်ရှိမယ့် အချိန်မှာပဲ မဟာဗျူဟာ ကျကျ ကုန်အမှတ်တံဆိပ် (၂) ခုရဲ့ ပူးပေါင်းလုပ်ဆောင်ခြင်းကို ချပြခဲ့တာကလည်း အောင်မြင်မှုအတွက် အားသစ်လောင်းလိုက်သလို ဖြစ်ခဲ့ပါတယ်။

Co-Branding ပြုလုပ်ရခြင်းကတော့ ကုန်အမှတ်တံဆိပ် (၂) ခုရဲ့ အားသာချက်တွေကို ပေါင်းစည်းပြီး ပိုမိုကြီးမားတဲ့ ဝယ်ယူအားပေးသူတွေကို ရရှိနိုင်ခြင်းပဲ ဖြစ်ပါတယ်။ လူသိများပြီးသား အရည်အသွေး မြင့်မားတဲ့ Uniqlo အမှတ်တံဆိပ်နဲ့ အဆင့်မြင့် ဈေးကြီးတဲ့လက်ရာတွေ ဖန်တီးနိုင်တဲ့ အနုပညာရှင် ကော့စ်တို့ ပေါင်းစည်းနိုင်ခဲ့တာက အောင်မြင်မှုအတွက် မီးမောင်းထိုးပြလိုက်သလို ဖြစ်ခဲ့ပါတယ်။ ဒီလိုပူးပေါင်းလုပ်ကိုင်ခြင်းတွေက အမှတ်တံဆိပ် (၂) ခုလုံးအတွက် Win-Win အခြေအနေကို ပေးနိုင်ခဲ့ပြီး တခြားအမှတ်တံဆိပ်တွေထက် သူမတူတဲ့တန်ဖိုးတွေကို ဝယ်ယူသူတွေအတွက် ဖန်တီးပေးနိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်။

ပထမအကြိမ် ပူးပေါင်းထုတ်လုပ်တဲ့ ထုတ်ကုန်တွေမှာကတည်းက အောင်မြင်မှုရရှိခဲ့ပြီး Uniqlo နဲ့ KAWS ရဲ့ ဖန်တီးမှုတွေကို ဝယ်ယူချင်သူတွေက တစ်မိုင်လောက်ရှည်တဲ့ လူတန်းအရှည်ကြီးစီပြီး ဝယ်ယူခဲ့ကြကာ ချက်ချင်းပဲ ရောင်းကုန်ခဲ့တဲ့အထိ အောင်မြင်ခဲ့ကြပါတယ်။ သူတို့ဖန်တီးထားတဲ့ ထုတ်လုပ်မှုတွေက ဈေးကြီးတဲ့ အနုပညာရှင်ရဲ့လက်ရာတွေကို လူငယ်တွေပါ ဝယ်ယူဝတ်ဆင် နိုင်ခဲ့တာဖြစ်လို့ ကုန်အမှတ်တံဆိပ် (၂) ခုလုံးအတွက် ပိုမိုကျယ်ပြန့်တဲ့ ဝယ်သူအင်အားစုကို ရရှိခဲ့ပါတယ်။

ကုန်အမှတ်တံဆိပ် (၂) ခုဖြစ်တဲ့ Uniqlo နဲ့ KAWS ကလည်း အရည်အသွေးနဲ့ တီထွင်နိုင်စွမ်းကို အပြည့်အဝ အလေးပေးထားကြတာ ဖြစ်ပါတယ်။ တန်ဖိုးထားမှုခြင်းတူညီကြတဲ့အတွက် သူတို့ရဲ့ ထုတ်ကုန်တွေကလည်း ကြည့်လိုက်တာနဲ့ သူတို့ထားရှိတဲ့ သဘောထားကို ထင်ဟပ်စေတာပဲ ဖြစ်ပါတယ်။ ထုတ်လုပ်တဲ့ဒီဇိုင်းတွေကလည်း ခေတ်ရှေ့ပြေးဒီဇိုင်းတွေဖြစ်ရုံသာမက ကျား၊ မ၊ လူငယ်မရွေး ဝတ်ဆင်နိုင်တဲ့ ပေါ့ပါးတဲ့ အဝတ်အထည် ပုံစံမျိုးကိုပဲ ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။ KAWS ရဲ့ အထင်ကရ ဇာတ်ကောင်တွေဖြစ်တဲ့ COMPANION နဲ့ BFF တို့ကို Uniqlo ရဲ့ အဝတ်အထည်တွေပေါ်မှာ ပုံဖော်ခဲ့တာဖြစ်ပါတယ်။

သူတို့ရဲ့ အောင်မြင်မှုက ကုန်အမှတ်တံဆိပ်ရဲ့ နာမည်ကျော်ကြားမှုတင်မကဘဲ စနစ်တကျ ဖန်တီးထားတဲ့ ဆိုရှယ်မီဒီယာ (Social Media) ဗျူဟာတွေကြောင့်လည်း ပါဝင်ပါတယ်။ Teaser ဗီဒီယိုတွေကို TikTok, YouTube တွေမှာ ထုတ်လွှင့်ခဲ့တာ၊ သူတို့ရဲ့ ဝယ်ယူသူတွေ ကြိုက်နှစ်သက်စေမယ့် social influencer တွေအသုံးပြုခဲ့တာ၊ review တွေလုပ်ခဲ့တာကြောင့် ရောင်းချမှုမစတင်မီမှာပင် စိတ်ဝင်စားမှုက မြင့်တက်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် Uniqlo ဆိုင်တွေမှာလည်း KAWS ရဲ့ လက်ရာ ပြခန်းပုံစံမျိုး ဖန်တီးထားကာ ဇာတ်ကောင်ရုပ်တွေနဲ့ပါ ပြင်ဆင်ခဲ့ပြီး ဝယ်ယူသူတွေကို ဆွဲဆောင်ခဲ့တာဖြစ်ပါတယ်။ အဲ့လိုပြင်ဆင်မှု တွေက ဝယ်သူတွေအတွက် ခဏတာ မင်သက်သွားစေပြီး ဓာတ်ပုံရိုက်ကာ ဆိုရှယ်မီဒီယာမှာ တင်တာ၊ ဝင်ရောက်ကြည့်ရှုတာနဲ့ နောက်ဆုံးဝယ်ယူသွားတဲ့အထိ အောင်မြင်ထိရောက်စွာ လုပ်ဆောင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Exclusive ပရိုမိုရှင်းတွေကိုလည်း အသုံးပြုခဲ့ကာ ပူးတွဲရောင်းချပြီး လက်ဆောင်ပစ္စည်းတွေ ပေးတာကိုလည်း ပြုလုပ်ခဲ့ပါတယ်။ အချိန်အကန့်အသတ်နဲ့သာ ရောင်းချပေးတဲ့ Limited-time merchandise တွေကြောင့်လည်း မြန်မြန်ဝယ်ယူစေဖို့ လှုံဆော်မှုတစ်ခုဖြစ်ခဲ့သလို ဝယ်လိုအား များလည်း မြင့်တက်စေခဲ့ပါတယ်။ နာမည်ကျော် အမှတ်တံဆိပ် (၂) ခု ပူးပေါင်းကာ ထုတ်လုပ်မှုပြုလုပ်ရုံသာမက တိကျသေချာတဲ့ ဆိုရှယ်မီဒီယာ မဟာဗျူဟာတွေ၊ ဈေးကွက်ပညာဗျူဟာတွေနဲ့ မျက်စိပဒါသ ဖြစ်စေတဲ့ ဆိုင်တွင်း ပြင်ဆင်ဖန်တီးမှုတွေကြောင့် အောင်မြင်မှုရရှိခဲ့တဲ့ Uniqlo နဲ့ KAWS တို့ရဲ့ brand collaboration ကို ဈေးကွက်ပညာရှင်တွေနဲ့ လေ့လာသူတွေအတွက် စိတ်ဝင်စားလေ့လာချင်တဲ့ သာဓကတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ co-branding အတွက် မှန်ကန်တဲ့ မိတ်ဖက်ကို ရွေးချယ်နိုင်ပြီး တိကျသေချာစွာ အချိန်ကိုက်အကောင်အထည်ဖော်နိုင်ခြင်းက ကုန်အမှတ်တံဆိပ်တွေအတွက် တိုးတက်မှု၊ ဝယ်ယူသူ အသစ်တွေရရှိစေမှု၊ လက်ရှိ ရှိပြီးသား ဝယ်ယူသူတွေရဲ့ စိတ်ဝင်စားမှုနဲ့လည်း အချိတ်အဆက်မိနိုင်ဖို့ စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေတယ်လို့ ဖော်ပြထားပါတယ်။

https://www.forbes.com/.../kaws-collaboration-with.../...

https://www.linkedin.com/.../uniqlo-x-kaws-masterclass-co...

Daw May Thet Hnin

MBA (Heriot-Watt University)