“စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများအတွက် Database နည်းပညာရဲ့ အရေးပါပုံ”

Database နည်းပညာဆိုတာ ဘာကိုပြောတာလဲ?

Database ဆိုတာ သတင်းအချက်အလက်တွေကို စနစ်တကျ သိုလှောင်သိမ်းဆည်းထားပေးနိုင်ပြီး အချက်အလက်များကို ပြန်လည်ရှာဖွေခြင်း၊ ပြင်ဆင်ခြင်းနဲ့ ဖျက်သိမ်းခြင်း တို့ကို လွယ်ကူလျင်မြန်စွာ လုပ်ဆောင်ပေးနိုင်တဲ့ နည်းပညာတစ်ခုပဲ ဖြစ်ပါတယ်။ သတင်းအချက်အလက် တွေဆိုတာ စီးပွားရေးလုပ်ငန်းတွေနဲ့ အဖွဲ့အစည်းတွေရဲ့ အသက်သွေးကြော ဖြစ်ပါတယ်။ Database ဟာ စီးပွားရေးလုပ်ငန်းတွေနဲ့ အဖွဲ့အစည်းတွေမှာ နေ့စဉ်လည်ပတ်နေတဲ့ များပြားပြီး အစီအစဉ်တကျမရှိတဲ့ အချက်အလက်များကို စနစ်တကျနဲ့ ဖွဲ့စည်းသိမ်းဆည်းနိုင်ဖို့ ကူညီပေးနိုင်သလို အနာဂတ်မှာလည်း အဲ့ဒီအချက် အလက်များကို ပြန်လည်လေ့လာဆန်းစစ်ပြီး တိကျမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်အောင် ကူညီပေး နိုင်ပါတယ်။ ယနေ့ခေတ်မှာ လုပ်ငန်းကြီးငယ်မရွေး Database နည်းပညာကို သုံးလာကြပြီ ဖြစ်ပါတယ်။ Database နည်းပညာကို အသုံးပြုခြင်းအားဖြင့် လုပ်ငန်းတွေအနေနဲ့ ရရှိနိုင်တဲ့ ကောင်းကျိုးများကတော့

၁။ အချက်အလက်တွေကို စနစ်တကျ ဖွဲ့စည်းပေးနိုင်ပြီး သိမ်းဆည်းရာမှာ လွယ်ကူစေခြင်း။

Database ဟာ အချက်အလက်တွေကို စနစ်တကျ ဖွဲ့စည်းထားနိုင်အောင် ကူညီပေးနိုင်သလို ဆက်စပ်မှုရှိပြီး အမျိုးအစားတူတဲ့ အချက်အလက်တွေကို တစ်နေရာတည်းမှာစုပြီး သိမ်းဆည်းပေးထားနိုင်ပါတယ်။ Database နည်းပညာက အချက်လက်တွေကို tables ပုံစံ၊ files ပုံစံများဖြင့် အမျိုးအစားတူတာတွေကို စုစည်းပြီး ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် အချက်အလက်တွေကို ရှာဖွေခြင်းနဲ့ သိမ်းဆည်းခြင်း တို့ကို ပိုမိုလွယ်ကူအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ အချက်အလက် ပမာဏများစွာကို သိမ်းဆည်းပေးနိုင်သလို အသစ်များထပ်ထည့်ခြင်း၊ ပြင်ဆင်ခြင်းနဲ့ မလိုအပ်တာတွေကို ဖျက်ခြင်း စတဲ့အချက်တွေကို အလွယ်တကူနဲ့ လျင်မြန်စွာ လုပ်ဆောင်ပေး နိုင်တာကြောင့် လုပ်ငန်းတွေရဲ့ အချက်အလက်တွေကို တိကျမှန်ကန်စွာဖြင့် အချိန်နဲ့အမျှ up-to-date ဖြစ်တဲ့ အချက်အလက်တွေ ဖြစ်လာအောင် ကူညီပေးနိုင်ပါတယ်။

၂။ ယုံကြည်စိတ်ချရတဲ့ အချက်လက်များဖြစ်အောင် လုပ်ဆောင်ပေးနိုင်ခြင်း။

Database နည်းပညာဟာ အချက်အလက်များကို တိကျမှန်ကန်ပြီး ယုံကြည်စိတ်ချရတဲ့ အချက်အလက်များ ဖြစ်အောင် သိုလှောင်ပေးနိုင်တာကြောင့် အချက်အလက်တွေ ပျက်စီးဆုံးရှုံးခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ အချက်အလက်တွေ ပျောက်ပျက်သွားပါက အလွယ်တကူနဲ့ ပြန်လည်ရယူနိုင်ခြင်းဟာ Database နည်းပညာကို သုံးရခြင်းရဲ့ ကောင်းကျိုးတစ်ခုပဲ ဖြစ်ပါတယ်။ စာရွက်စာတမ်းနဲ့ သိမ်းဆည်းထားမယ်ဆိုရင် ပျက်စီးဆုံးရှုံးသွားပါက အချက်အလက်များကို ပြန်လည်ရယူဖို့ ခက်ခဲနိုင်သလို ပြန်မရတာလည်း ဖြစ်နိုင်ပါတယ်။

၃။ အသုံးပြုရန် လွယ်ကူခြင်း။

Database တွေဟာ သုံးရတာ လွယ်ကူပါတယ်။ အင်တာနက် ချိတ်ဆက်မှုသာရှိခဲ့ရင် ဘယ်ကွန်ပျူတာကနေမဆို အချက်အလက်များကို ရယူနိုင်ပါတယ်။ ကြိုက်တဲ့နေရာ ကြိုက်တဲ့အချိန်မှာ အလိုရှိတဲ့ သတင်းအချက်အလက် များကို အလွယ်တကူနဲ့ ရယူနိုင်ပါတယ်။ Database အများစုဟာ သုံးစွဲသူတွေနဲ့ ရင်းနှီးတဲ့ဒီဇိုင်းအသွင်အပြင် ရှိပြီးတော့ အသုံးပြုရတာ လွယ်ကူသလို လေ့လာဖို့လည်း လွယ်ကူပါတယ်။

၄။ အချက်အလက်များကို အလွယ်တကူ ပြန်လည်စစ်ဆေးနိုင်ပြီး ထိရောက်စွာ စီမံခန့်ခွဲနိုင်ခြင်း။

စီးပွားရေးလုပ်ငန်းများရဲ့ ကုန်ပစ္စည်းစာရင်းဇယားများကို Database သုံးပြီး သိမ်းဆည်းထားပါက ကုန်ပစ္စည်းတွေရဲ့ လက်ကျန်စာရင်း၊ ရောင်းပြီးစာရင်း အစရှိတဲ့ အချက်အလက်တွေကို ဘယ်အချိန်မှာမဆို ဝင်ရောက်စစ်ဆေးနိုင်ပါတယ်။ တစ်စုံတစ်ယောက်ရဲ့ ကွန်ပျူတာ ဒါမှမဟုတ် ရုံးဘက်မှာ ပြဿနာတွေ ရှိခဲ့မယ် ဆိုရင်တောင် တခြားတစ်ယောက်ရဲ့ ကွန်ပျူတာကနေ ဝင်ရောက်စစ်ဆေးလို့ ရပါတယ်။ Database တွေဟာ များပြားလှတဲ့ အချက်အလက်များကို အလွယ်တကူနဲ့ စီမံခန့်ခွဲနိုင်တာကြောင့် စီးပွားရေးလုပ်ငန်းစုကြီး အများစုက သူတို့ရဲ့ သတင်းအချက်အလက် အမြောက်အမြားကို စနစ်တကျနဲ့ ဖွဲ့စည်းထားနိုင်ဖို့ Database နည်းပညာကို အားထားနေရတာပဲ ဖြစ်ပါတယ်။

၅။ အချက်အလက်များကို လုံခြုံစိတ်ချစွာ သိမ်းဆည်းထားနိုင်ခြင်း။

Database တွေဟာ အချက်အလက်တွေကို လုံခြုံစိတ်ချစွာ သိမ်းဆည်းထားပေးနိုင်ပါတယ်။ သက်ဆိုင်ရာ လူတွေကပဲ သက်ဆိုင်ရာ အချက်အလက်များကို ကြည့်ရှု့ခွင့်ရှိအောင် Database နည်းပညာက ထိန်းချုပ်ပေး နိုင်သလို ခွင့်ပြုချက်မရှိဘဲ လာရောက်သုံးစွဲသူတွေရဲ့ လက်ထဲကနေ ကိုယ့်ရဲ့ အရေးကြီးတဲ့အချက်အလက်များ မပေါက်ကြားအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

၆။ တိကျမှန်ကန်သော အချက်အလက်များဖြစ်အောင် လုပ်ဆောင်ပေးနိုင်ခြင်း။

တိကျမှန်ကန်တဲ့ အချက်အလက်များဖြစ်လာအောင် လုပ်ဆောင်ပေးနိုင်ခြင်းကလည်း Database ကို သုံးရခြင်းရဲ့ အားသာချက်တစ်ခုပဲ ဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်းမှာ အသုံးပြုသူတစ်ယောက်ထက်ပိုပြီး လာရောက် သုံးစွဲမယ်ဆိုရင်တောင် Database ဟာ အသုံးပြုသူ တစ်ယောက်ချင်းစီကို တိကျ မှန်ကန်တဲ့ အချက်အလက်များကို ထုတ်ပေးနိုင်ပါတယ်။

၇။ Portable ဖြစ်ခြင်း။

Database ကို သုံးစွဲရတာဟာ Portable ဖြစ်ပြီး Database စနစ်ဖြင့် တည်ဆောက်ထားတဲ့ အချက်အလက်တွေကို ကွန်ပျူတာ တစ်လုံးက‌နေ တစ်လုံးသို့ လွယ်ကူစွာ လွှဲပြောင်းလို့ရနိုင်ပါတယ်။ ဥပမာ - Microsoft Access Database ကနေ တခြားကွန်ပျူတာထဲကို အလွယ်တကူ လွှဲပြောင်းလို့ရနိုင်ပါတယ်။ ဒီအချက်ဟာ ပရောချက် တစ်ခုကို မတူညီတဲ့နေရာတွေကနေ ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်လာခဲ့မယ်ဆိုရင် အသုံးဝင်ပြီး အရေးပါတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။ အချက်အလက်များ မတော်တဆပျောက်ဆုံး ပျတ်ဆီးသွားခဲ့ရင်တောင် ပြန်လည်ရယူနိုင်ဖို့က လွယ်ကူပါတယ်။

၈။ အချိန်ကုန် သက်သာစေခြင်း။

Database ကို သုံးစွဲခြင်းအားဖြင့် အဖွဲ့အစည်းတွေအတွက် အချိန်ကုန်သက်သာစေပြီး လုပ်ငန်းဆောင်တာ ပရောဂျက်များကိုလည်း အရင်ကထက်ပိုပြီး အချိန်တိုအတွင်းမှာ ပြီးမြောက်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်လိုချင်တဲ့ အချက်အလက်များကို အချိန်တိုအတွင်းမှာ မြန်မြန်ဆန်ဆန်နဲ့ ရယူနိုင်ဖို့အတွက် အထောက်အကူပေးပါတယ်။

၉။ သုံးစွဲသူတွေနဲ့ Customer တွေရဲ့ အချက်အလက်များကို တောက်လျှောက်မှတ်တမ်းတင်ထားပေးနိုင်ခြင်း။

ကောင်းမွန်သော ဒီဇိုင်းဖြင့် ဖွဲ့စည်းထားတဲ့ Database တစ်ခုဟာ Customer များနဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ခုအဖြစ် စီမံခန့်ခွဲမှုများ ပြုလုပ်ရာမှာ အထောက်အပံ့ပေးနိုင်တဲ့ အဓိကသော့ချက်ပဲ ဖြစ်ပါတယ်။ Customer များနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိရန်မှာ စီးပွားရေးကြီး၊ ငယ်မရွေး ဘယ်လုပ်ငန်းအတွက်မဆို အရေးပါတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ ရေရှည်သုံးစွဲသူ Customers များကို ရွေးချယ်ပြီး သူတို့တွေရဲ့ ဝယ်ယူမှု မှတ်တမ်းတွေ၊ သူတို့တွေရဲ့ ကုန်ပစ္စည်း (ဒါမှမဟုတ်) ဝန်ဆောင်မှုအပေါ် မြင်တဲ့အမြင်တွေကို လေ့လာဆန်းစစ်ပြီး အီးမေလ်နဲ့ ဖြစ်စေ၊ ဖုန်းနဲ့ဖြစ်စေ ဒါမှမဟုတ် သင့်တော်တဲ့ ဆက်သွယ်မှု ကွန်ရက်ကနေ Customer တွေဆီကို ဆက်သွယ်ပြီး ကောင်းမွန်တဲ့ ဈေးကွက်စီးပွားရေးတစ်ခုကို ရှာဖွေနိုင်ပါတယ်။

၁၀။ စီးပွားရေးဆိုင်ရာ လုပ်ဆောင်ချက်များကို တိုးတက်လာစေခြင်း။

ဘယ်စီးပွားရေးလုပ်ငန်းမဆို သူတို့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာများရဲ့ ဆောင်ရွက်ချက်များကို တိုးတက် ကောင်းမွန်လာစေရန်မှာ အချက်အလက်များကို ကောင်းစွာ စီမံခန့်ခွဲနိုင်တဲ့ Database တစ်ခု မရှိမဖြစ် လိုအပ်ပါတယ်။ Database ဟာ စီးပွားရေးလုပ်ငန်းတွေရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာ အချက်အလက်တွေကို သိုလှောင်ရာမှာ အကူအညီပေးနိုင်သလို အဲ့ဒီအချက်အလက်များကို ပြန်လည်စစ်ဆေးရာမှာလည်း လွယ်ကူအောင် လုပ်ဆောင်ပေးနိုင်တာကြောင့် ထိုအချက်အလက်များပေါ်မှာ အခြေခံပြီး စီးပွားရေးလုပ်ငန်းများအတွက် ပိုမို ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်များကို ချမှတ်ပေးနိုင်ပါတယ်။

၁၁။ အနာဂတ်အတွက် အသုံးဝင်သော အချက်အလက်များအဖြစ် သိုလှောင်ပေးနိုင်ခြင်း။

Database ဟာ ငွေကြေးဆိုင်ရာ မှတ်တမ်းတွေ၊ ကိန်းဂဏန်းဆိုင်ရာ charts တွေ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ စတဲ့ အမျိုးမျိုးသော အချက်အလက်တွေကို စနစ်တကျနဲ့လုံခြုံစွာ သိုလှောင်ထားပေးနိုင်တဲ့အတွက် အဲ့ဒီအချက် အလက်တွေကို အနာဂတ်မှာလည်း ပြန်လည်အသုံးချနိုင်ပါတယ်။ သိုလှောင်ထားတဲ့ အချက်အလက်များကို ပြန်လည်အသုံးပြုပြီး သတင်းအချက်အလက်အသစ်များအဖြစ် ဖန်တီးခြင်းကို ‘Data Mining’ လုပ်တယ်လို့ ခေါ်ပါတယ်။ ‘Data Mining’ လုပ်ခြင်းအားဖြင့် အနာဂတ်အတွက် ဖြစ်လာနိုင်ခြေရှိတဲ့ သတင်းအချက်အလက် များကို ကြိုတင်ခန့်မှန်းလို့ ရရှိနိုင်ခြင်းဟာ Database ကိုသုံးစွဲခြင်းကြောင့် ရရှိလာမယ့် ကောင်းကျိုးတစ်ခုပဲ ဖြစ်ပါတယ်။

၁၂။ ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်နိုင်ခြင်း။

Database ကို အသုံးပြုခြင်းဟာ လုပ်ငန်းပရောဂျက်တွေမှာ တခြားအသုံးပြုသူများနဲ့အတူ ပူးပေါင်း ဆောင်ရွက် နိုင်ပါတယ်။ Database နည်းပညာဟာ အချက်အလက်များကို မျှဝေသုံးစွဲဖို့လွယ်ကူသလို ရယူလိုတဲ့ အချက်အလက်များကိုလည်း လိုအပ်ချက်အတိုင်း အချိန်နေရာမရွေး ရယူနိုင်ပါတယ်။ အဲ့ဒီ အားသာချက် များကြောင့် အဖွဲ့အစည်းအတွင်းရှိ လူများက လုပ်ငန်းတာဝန်များကို ခွဲဝေလုပ်ဆောင်နိုင်ပြီး ထုတ်ကုန်များနဲ့ လုပ်ဆောင်မှုအရည်အသွေးများကို တိုးတက်ကောင်းမွန်လာအောင်လည်း လုပ်ဆောင်လာနိုင်ပါတယ်။ အသုံးပြုသူတိုင်းက အချက်အလက်များကို လွယ်ကူစွာ ရယူနိုင်ခြင်းနဲ့ စီမံခန့်ခွဲနိုင်ခြင်းတို့ကြောင့် Database နည်းပညာဟာ အဖွဲ့အစည်းတိုင်းအတွက် အရေးပါတဲ့နည်းပညာတစ်ခု ဖြစ်လာပါတယ်။ တခြားအသုံးပြုသူများ နဲ့အတူ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းကြောင့် Customer များကို ဝန်ဆောင်မှုများပေးရာမှာလည်းကောင်း၊ လုပ်ငန်းအတွင်း လုပ်ဆောင်မှု အရည်အသွေးများကိုလည်း တိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်ရာတွ င်လည်းကောင်း အထောက်အပံ့ပေးနိုင်ပါတယ်။

15 Reasons Why Database Is Important | Curious Desire မှ သင့်တော်သလို ကိုးကားပြီး ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

Daw Sandi Su Hlaing

B.C.Sc, (U.C.S.Y)

B.C.Sc, (Hons) (U.C.S.Y)

M.C.Sc, (U.C.S.Y)