ကြွေးမြီပြဿနာ ဖြေရှင်းခြင်းအနုပညာ

ကိုယ်ပိုင်လုပ်ငန်းကိုစတင်တဲ့အခါ ငွေကြေးအရင်းအနှီးများစွာ လိုအပ်တာအမှန်ပါပဲ။ အဲ့ဒီ ငွေကြေးအရင်းအနှီးကို အကြွေးနဲ့စတင်မလား၊ ကိုယ်ပိုင်ငွေနဲ့ စတင်မလား စသဖြင့် လုပ်ငန်းရှင်တိုင်း စဥ်းစားကြရတာ အမှန်ပါပဲ။ ကိုယ်ထူကိုယ်ထ လုပ်ငန်းရှင်တစ်ယောက်အတွက်တော့ မိမိကိုယ်ပိုင်ငွေကြေးတစ်ခုတည်းနဲ့ လုပ်ငန်းစတင်ဖို့ ဆိုတာ အင်မတန်ခက်ခဲတဲ့အရာတစ်ခု ဖြစ်ပါတယ်။ လုပ်ငန်းကိုလည်ပတ်ပြီး ကြီးပွားတိုးတက်ဖို့နဲ့ နေ့စဉ်လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ဆိုရင် နောက်ထပ်ငွေကြေးတွေ လိုအပ်မှာ အသေအချာပါပဲ။ လုပ်ငန်းတစ်ခု စတင်တဲ့အခါ အမြတ်ငွေရရှိဖို့အတွက် အနည်းဆုံး (၃) နှစ်ကနေ (၅) နှစ်ခန့်အထိ ကြာနိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်တစ်ဦးဟာ လခစားများနဲ့မတူဘဲ လစဉ်ပုံမှန်ငွေသားစီးဆင်းမှုမရှိတဲ့အပြင် ငွေသားစီးဆင်းမှု အတက်အကျများစွာနဲ့ ကြုံတွေ့ရမည်မှာ မလွဲဧကန်ပါပဲ။ ဒီလိုကာလတွေမှာ ငွေကြေးကို ထိထိရောက်ရောက် စီမံခန့်ခွဲဖို့နဲ့ လုပ်ငန်းကြီးထွားနေချိန်မှာ မလိုတဲ့ အသုံးစရိတ်တွေကို လျှော့ချနိုင်ဖို့ အရေးကြီးပါတယ်။

ဒါကြောင့် ဘယ်အကြွေးမဆိုမယူခင် လုပ်ငန်းရှင်တစ်ဦးအနေနဲ့ အောက်ပါအချက်တွေကို မှတ်သားလိုက်နာသင့်ပါတယ်။ ကိုယ်ရနိုင်တဲ့ ငွေကြေးအရင်းအမြစ်တွေကို အရင်သိထားပြီး အကောင်းဆုံးနည်းလမ်းကို ရွေးတတ်ဖို့လိုပါတယ်။

မိသားစု (ဒါမှမဟုတ်) သူငယ်ချင်းများ - ငွေကြေးအရင်းအမြစ်များစွာထဲက အကောင်းဆုံးတစ်ခုကတော့ ကိုယ့်ရဲ့ မိသားစု (ဒါမှမဟုတ်) သူငယ်ချင်းများမှတစ်ဆင့်ပဲ ဖြစ်ပါတယ်။ အဲ့ဒါဟာ အလွယ်ကူဆုံးနဲ့ အမြန်ဆုံးရနိုင်တဲ့ အရင်းအမြစ် ဖြစ်ပြီး များသောအားဖြင့် စာရွက်စာတမ်းတွေ အာမခံပစ္စည်းတွေမလိုအပ်ပါဘူး။

ဘဏ်များနဲ့ တခြားသောငွေရေးကြေးရေးအဖွဲ့အစည်းများ - ဒီလိုအဖွဲ့အစည်းတွေကနေ ငွေချေးမယ် ဆိုရင်တော့ ပစ္စည်း (အိမ်၊ ကားစသဖြင့်) အာမခံပစ္စည်းများအပေါင်ထားရတဲ့ အာမခံချေးငွေတွေ ပါဝင်ပြီး လုပ်ငန်းချေးငွေ (ဒါမှမဟုတ်) စက်ပစ္စည်းချေးငွေ၊ ပုံသေအပ်ငွေအပေါ် ငွေပိုထုတ်ခြင်း၊ အိမ်ခြံမြေနဲ့ ရင်းနှီး မြှုပ်နှံမှုများအတွက် ချေးငွေများ စသည်တို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ပိုင်ပုဂ္ဂလိကချေးငွေနဲ့ အကြွေးဝယ်ကတ် စတဲ့ တခြားချေးငွေ အမျိုးအစားတွေလည်း ရှိပါတယ်။ အဲ့ဒါတွေက များသောအားဖြင့် ပိုမို စွန့်စားရလေ့ရှိတဲ့ အတိုးနှုန်းပိုမြင့်တဲ့ ချေးငွေတွေပဲ ဖြစ်ပါတယ်။

ဒါ့အပြင် လုပ်ငန်းအစောပိုင်းကာလတွေမှာ လုပ်ငန်းရှင်တစ်ယောက်အတွက် ဘဏ်ချေးငွေ (ဒါမှမဟုတ်) တခြားငွေကြေး အဖွဲ့အစည်းတွေဆီက ငွေများများစားစားရနိုင်ဖို့ အခွင့်အရေးနည်းပါးနိုင်ပါတယ်။ ဒီအခြေအနေတွေမှာ ရေရှည်တိုးတက်မှုရှိနိုင်တဲ့ အသေးစားစီးပွားရေးလုပ်ငန်းများအတွက် ရန်ပုံငွေပံ့ပိုးပေးတဲ့ Venture Capitalists (ငွေကြေးရင်းနှီးမြှုပ်နှံသူ) ဆီကို ကိုယ့်ရဲ့အကြံဉာဏ်များ တင်ပြနိုင်ပါတယ်။ ဒီအခြေအနေမျိုးမှာ ရင်းနှီးမြှုပ်နှံသူဟာ ကုမ္ပဏီတွင် ရှယ်ယာ (ဒါမှမဟုတ်) တခြားသောတောင်းဆိုမှု (ဥပမာ-အတိုးနှုန်းတစ်ခု) ရှိလာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်လုပ်ငန်းနဲ့ အကိုက်ညီဆုံးဖြစ်တဲ့ ရင်းမြစ်ကနေ အရင်းအနှီးကို စုဆောင်းပြီး ကုန်ကျစရိတ်ကို တတ်နိုင်သမျှနည်းပါးအောင် လုပ်သင့်ပါတယ်။ ဒီလိုကုန်ကျစရိတ်နည်းအောင်လုပ်တဲ့အခါ အောက်မှာပြောပြ သွားမယ့် အချက်တွေကို ဂရုစိုက်သင့်ပါတယ်။

ဘတ်ဂျက်တစ်ခုသတ်မှတ်ပါ။ (Set a budget)

ဘတ်ဂျက်တွေကို ခွဲခြမ်းစိတ်ဖြာဖို့လိုပါတယ်။ ကိုယ့်ငွေကို ဘယ်မှာသုံးမယ်ဆိုတာကို စဥ်းစားထားပြီး ကုန်ကျနိုင်တဲ့ ကုန်ကျစရိတ်တွေနဲ့ ပတ်သက်လို့ ကြိုတင်စီစဥ်ထားဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုရင် မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေကို လျှော့ချနိုင်ဖို့နဲ့ နေ့စဉ်လုပ်ငန်းဆောင်တာများအတွက် မလိုအပ်တဲ့ ဧရိယာတွေကို ခွဲခြားသတ်မှတ်ကာ လျှော့ချနိုင်ဖို့ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ကိုယ့်လုပ်ငန်းရဲ့ ငွေသားစီးဆင်းမှုကို မျက်ခြေမပြတ် စောင့်ကြည့်ဖို့လိုပါတယ်။ ဒါကြောင့် လုပ်ငန်းအတွက် လိုအပ်နိုင်တဲ့ ငွေကြေးအတွက် အကြွေးယူမလား၊ အစုရှယ်ယာခေါ်မလား ဆုံးဖြတ်ဖို့လိုပါတယ်။ ဘတ်ဂျက်ကို ပိုမဆွဲမိဖို့ကလည်း အရေးကြီးတဲ့ အချက်တစ်ချက်ပါပဲ။

ကြွေးမြီကုန်ကျစရိတ်ကို သတိထားပါ။ (Keep in mind the cost of debt)

ကိုယ့်လုပ်ငန်းက သူများကိုငွေချေးပေးထားရင် ရလာမယ့်အတိုးက လုပ်ငန်းအတွက် ဝင်ငွေဖြစ်ပြီး ကိုယ်က သူများဆီကယူထားရင် ပေးရတဲ့အတိုးက လုပ်ငန်းအတွက် ကုန်ကျစရိတ်ပါပဲ။ ဒါကြောင့် ကိုယ်ငွေချေးထား ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ကုန်ကျစရိတ်ကို နားလည်ထားဖို့နဲ့ အဲ့ဒီကြွေးမြီကိုတတ်နိုင်တာ သေချာဖို့ အလွန် အရေးကြီးပါတယ်။ အချိန်မီအတိုးပေးနိုင်ဖို့လည်း အရေးကြီးပါတယ်။ အကြွေးတွေဟာ သင့်အပေါ် လူအများ ယုံကြည်ချက်ရှိမှုကို ဆိုးဝါးစွာ သက်ရောက်မှုရှိနိုင်တဲ့အပြင် ဆိုးဝါးတဲ့ အကျိုးဆက်များစွာ ရှိစေနိုင်ပါတယ်။ ဒါကြောင့် အတိုးသက်သာတဲ့ချေးငွေတွေ (ဥပမာ- မိသားစု၊ သူငယ်ချင်းများ စသဖြင့်) အရာတွေကနေတစ်ဆင့် အကြွေးကို ပညာရှိစွာအသုံးချတတ်ဖို့ လိုပါတယ်။ ကိုယ်ရေးကိုယ်တာချေးငွေတွေဟာ နောက်ဆုံးမတတ်သာမှ သုံးသင့်ပါတယ်။ ဒါ့အပြင် လုပ်ငန်းရဲ့ ရှယ်ယာတန်ဖိုးဟာ အကြွေးကုန်ကျစရိတ်ထက် ပိုများတာသေချာဖို့ လိုပါတယ်။ မဟုတ်ရင် ဆုံးရှုံးမှုတွေ ကြုံရပါလိမ့်မယ်။ တတ်နိုင်သမျှ လုပ်ငန်းကိုကြီးထွားအောင်လုပ်ပြီး အကြွေးကုန်ကျစရိတ်ကို လျှော့နိုင်ဖို့ ကြိုးစားရပါမယ်။

ကြွေးမြီပေးချေမှုများကို ဦးစားပေးအဆင့်သတ်မှတ်ပါ။ (Prioritize your debt payments)

ပေးဖို့လိုတဲ့ အကြွေးများအားလုံးကို စာရင်းပြုစုပါ။ အတိုးနှုန်းအမြင့်ဆုံးဖြစ်တဲ့ အကြွေးနဲ့ များများပြန်ပေးဖို့ လိုတာတွေကို ခွဲခြားထားပြီး ဒါတွေကို ဦးစွာပြန်ဆပ်ကြောင်း သေချာမှုရှိပါစေ။

ငွေဖြစ်လွယ်တဲ့ ပိုင်ဆိုင်မှုတွေဖန်တီးပါ။ (Create liquid assets)

အရေးပေါ်အခြေအနေမျိုးတွေကြုံလာတဲ့အခါ အကြွေးဆပ်နိုင်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် ဘယ်အခြေအနေ မှာမဆို အကြွေးပြန်ဆပ်နိုင်ဖို့ ငွေဖြစ်လွယ်တဲ့ ပိုင်ဆိုင်မှုတွေကို ဖန်တီးထားရပါမယ်။ လုံလောက်တဲ့ပိုင်ဆိုင်မှု မရှိဘဲ အကြွေးများများစားစား ယူထားခြင်းဟာ အကြံဉာဏ်ကောင်းတစ်ခု မဟုတ်ပါ။ ဒါကြောင့် ကိုယ့်လုပ်ငန်းမှာ ငွေဖြစ်လွယ်တဲ့ ပိုင်ဆိုင်မှု များများဖန်တီးထားနိုင်ဖို့က အရေးကြီးလှပါတယ်။ လုပ်ငန်းရှင်တစ်ဦးအတွက် အကြွေးဆိုတာ ရှောင်လွှဲ၍မရတဲ့အပြင် ကောင်းမွန်စွာ စီမံခန့်ခွဲတတ်ပါက လုပ်ငန်းကို စတင်နိုင်ဖို့နဲ့ ကြီးထွားဖို့အတွက် အသုံးဝင်တဲ့ လက်နက်ကိရိယာတစ်ခုပဲ ဖြစ်ပါတယ်။ လုပ်ငန်းအတွက် တန်ဖိုး မတတ်နိုင်တဲ့အရာတွေသုံးဖို့ အကြွေးယူခြင်းထက် လုပ်ငန်းရဲ့ဝင်ငွေမြှင့်တင်ဖို့နဲ့ ကြီးထွားစေဖို့အတွက် ပိုင်ဆိုင်မှု တွေကို ဖန်တီးနိုင်ဖို့ အကြွေးကို အသုံးချတတ်ဖို့ လိုပါတယ်။ တကယ်လို့ ကိုယ်က အချိန်မီငွေပေးချေဖို့ ပျက်ကွက် ပါက ရလဒ်ဟာ ဘေးဥပဒ်ဖြစ်စေနိုင်ပြီး တရားစွဲခံရခြင်း၊ ဒေဝါလီခံရခြင်း စတာ‌တွေကို ဖြစ်စေနိုင်တာကြောင့် သတိထားကိုင်တွယ်နိုင်ဖို့ အ‌ရေးကြီးလှပါတယ်။

References

Pandit, A., 2019. How Should Entrepreneurs Manage Their Debt?. [Online]

Available at: https://www.entrepreneur.com/.../heres-what.../336785

[Accessed 21 April 2024].

Daw Hninn Pwint Oo

B.Com(Q), M.Com (Meiktila University of Economics)