Google ကုမ္ပဏီရဲ့ 20 % Time Policy အကြောင်း

ကမ္ဘာ့အကြီးမားဆုံးနည်းပညာကုမ္ပဏီဖြစ်တဲ့ Google က တီထွင်ဖန်တီးမှုအားကောင်းတဲ့ ထုတ်ကုန်တွေကြောင့်သာ နာမည်ကြီးတာမဟုတ်ဘဲ သူ့ရဲ့ဝန်ထမ်းတွေကို ဆန်းသစ်တဲ့စိတ်ကူးဉာဏ်တွေ မွေးမြူနိုင်ဖို့အတွက် ထူးခြားတဲ့ချဉ်းကပ်ပုံအသီးသီးကြောင့်လည်း ထင်ရှားပါတယ်။ ဆန်းပြားတဲ့အလုပ်နေရာ အပြင်အဆင်တွေအပေါ်အာရုံစိုက်သလို ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်း အထူးအလေးထားပါတယ်။ တီထွင်ဖန်တီးမှုကောင်းမွန်ခြင်းရဲ့နောက်ကွယ်မှာ ဝန်ထမ်းတွေရဲ့စိတ်ချမ်းသာမှု၊ တက်ကြွမှုနဲ့ စိတ်ပါဝင်စားမှုတို့ ရှိနေတာကို Google က ကောင်းကောင်းနားလည်ပါတယ်။ ဒါကြောင့် Motivated ဖြစ်ဖို့အတွက်ရည်ရွယ်ပြီး လုပ်ပေးနေတဲ့ Program တွေလည်း အများကြီးရှိပါတယ်။ အဲ့ဒီ Program တွေထဲက တစ်ခုဖြစ်တဲ့ Google’s 20% Time က ထိရောက်ပြီး ရလဒ်ကောင်းတွေရထားသလို တစ်နည်းအားဖြင့် “Innovation Time Off”၊ “20% Project” လို့လည်း ခေါ်ပါတယ်။

“20% Time” က ၂၀၀၀ ခုနှစ် အရှေ့ပိုင်းကတည်းက စပြီးထင်ရှားလာခဲ့တာဖြစ်ပြီး အယူအဆက ရိုးရှင်းပါတယ်။ Google မှာရှိတဲ့ဝန်ထမ်းတွေရဲ့ အလုပ်ချိန် ၂၀ % ကို ပုံမှန်အလုပ်၊ တာဝန်တွေနဲ့ မသက်ဆိုင်ဘဲ သူတို့စိတ်ဝင်စားတဲ့ပရောဂျက်တွေမှာ အလုပ်လုပ်ခွင့်ရှိပါတယ်။ ဒီလိုမျိုး လွတ်လွတ်လပ်လပ် ရွေးချယ်ပိုင်ခွင့်ရှိတဲ့ ပရောဂျက်မျိုးတွေက ဝန်ထမ်းတွေရဲ့စိတ်အားထက်သန်မှုကို စူးစမ်းနိုင်သလို စိတ်ကူးသစ်တွေကို စမ်းသပ်ဖို့အတွက် အထောက်အကူဖြစ်စေတဲ့အပြင် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှုတွေကို အားပေးပါတယ်။

Google’s 20% Time ရဲ့အကျိုးရှိပုံနဲ့ ရလဒ်တွေကို ဆက်ပြီးတော့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ Gmail – Paul Buchheit ဆိုသူက ၂၀၀၁ ခုနှစ်မှာ Email Service ပုံစံအသစ်တစ်ခုကို သူ့ရဲ့ 20% Time မှာ စပြီး အကောင်အထည်ဖော်ခဲ့ပါတယ်။ သူ့ရဲ့ပရောဂျက်က တဖြည်းဖြည်းရုပ်လုံးပေါ်လာပြီး ၂၀၀၄ ခုနှစ်မှာတော့ လူတိုင်းအသုံးပြုနေတဲ့ Gmail အဖြစ်နဲ့ Launch လုပ်နိုင်ခဲ့ပါတယ်။ Google News - သတင်းအချက်အလက်တွေကို အွန်လိုင်းကနေ သီးသန့်ဖတ်ရှုနိုင်ဖို့ရည်ရွယ်ပြီး Krishna Bharat က ၂၀၀၂ ခုနှစ်မှာ Google News ကို 20% Time မှာ Develop လုပ်ခဲ့ပြီး အဲ့ဒီနှစ်ထဲမှာပဲ Launch လုပ်နိုင်ခဲ့ပါတယ်။

Google ads – Website Owner တွေကို သူတို့ရဲ့ Website မှာ Google ads တွေ ထည့်သွင်းခွင့်ပြုပြီး အမြတ်ရရှိစေတဲ့ပုံစံကို ၂၀၀၃ ခုနှစ်မှာစပြီးတော့ အကောင်အထည်ဖော်ခဲ့ပါတယ်။ Google ads Program ကို ကနဦးစတင်ပြီး Develop လုပ်ဖြစ်ခဲ့တာကတော့ 20% Time မှာပဲဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ Marissa Mayer (Vice President of Search Products and User Experience) က ထုတ်ပြန်ချက်တစ်ခုကို ချပြခဲ့ပါတယ်။ အဲ့ဒါကတော့ ကမ္ဘာကျော်နည်းပညာကုမ္ပဏီကြီး Google ရဲ့ ၅၀ ရာခိုင်နှုန်းသော Product တွေက 20% Time အတွင်းမှာရခဲ့တဲ့ Idea တွေကနေ ဆင်းသက်လာတယ်လို့ ပြောခဲ့ပါတယ်။ 20% Time Policy ရဲ့ ရလဒ်ကောင်းတွေကဆက်ပြီး အရှိန်မြင့်လာခဲ့ကာ နေရာ၊ ဒေသ အချက်အလက်တွေကို အခြေခံရေးဆွဲထားတဲ့ Google Earth နဲ့ Google Maps တွေကိုပါ ထုတ်လုပ်နိုင်ခဲ့ပါတယ်။

ဒီလိုရလဒ်တွေကိုကြည့်ခြင်းအားဖြင့် ဝန်ထမ်းတွေစိတ်ဝင်တစားရှိတဲ့ Personal Project တွေမှာ လုပ်ကိုင်ခွင့်ပေးခြင်းက တခြားသောနည်းလမ်းတွေနဲ့ရယူဖို့ခက်ခဲတဲ့ “ဆန်းသစ်တီထွင်ဖန်တီးနိုင်မှု” ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဝန်ထမ်းတွေကို သူတို့ရဲ့ကိုယ်ပိုင် Project ရွေးချယ်ပိုင်ခွင့်ပေးခြင်းကြောင့် အလုပ်အပေါ်မှာ စိတ်ကျေနပ်မှုနဲ့ စိတ်ပါဝင်စားမှုကို သိသိသာသာြမှင့်တင်ပေးနိုင်ပါတယ်။ လူတွေက သူတို့ဝါသနာပါတဲ့အရာကို အလုပ်အနေနဲ့ လုပ်ဆောင်ရတဲ့အခါ စိတ်အားထက်သန်မှုပိုရှိကြပါတယ်။ ပူးပေါင်းလုပ်ဆောင်ရတဲ့ Project တွေဖြစ်တာကြောင့် မတူညီတဲ့ရှုထောင့်တွေ၊ ကျယ်ပြန့်တဲ့အတွေးအမြင်တွေကိုလည်း ဖလှယ်လို့ရနိုင်မှာ ဖြစ်ပါတယ်။

ဝန်ထမ်းတွေက အဲ့ဒီ 20% Time အတွင်းမှာ ကျွမ်းကျင်မှုအသစ်တွေကိုသင်ယူဖို့နဲ့ အသိပညာကို တိုးချဲ့နိုင်ဖို့ အခွင့်အရေးတွေအများကြီးရှိပါတယ်။ ဒါက တစ်ဦးတစ်ယောက်ချင်းစီအတွက် အကျိုးရှိစေသလို ကုမ္ပဏီအတွက်လည်း ပညာရှင်တွေများလာမယ့် အကျိုးကျေးဇူးကို ခံစားရမှာြဖစ်ပါတယ်။ Google ရဲ့ ဆန်းသစ်တီထွင်မှုအပေါ်မှာအလေးပေးတဲ့ ယဉ်ကျေးမှုက အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေအတွက် ဆွဲဆောင်မှုရှိတဲ့ ပုံစံတစ်ခုဖြစ်လာပါတယ်။ ဒီလိုပုံစံနဲ့ လွတ်လပ်မှု၊ ကိုယ်ပိုင်စိတ်ဝင်စားမှုတို့အပေါ် တန်ဖိုးထားတဲ့ ဝန်ထမ်းတွေအတွက် သင့်တော်တဲ့နေရာတစ်ခုလို့ သတ်မှတ်လို့ရပါတယ်။ နောက်ပိုင်းကာလတွေမှာတော့ တင်းကျပ်တဲ့အလုပ်အချိန်ဇယားတွေနဲ့ Project လိုအပ်ချက် အသီးသီးတို့ကြောင့် 20% Time Policy ကို ထိထိရောက်ရောက်အကောင်အထည်ဖော်ဖို့အတွက် အခက်အခဲတွေ၊ စိန်ခေါ်မှုတွေရှိလာပါတယ်။ ဒါပေမဲ့ 20% Time Policy က Google ရဲ့ ဆန်းသစ်တီထွင်မှု သ‌င်္ကေတတစ်ခုအဖြစ် ထင်ထင်ရှားရှားရှိနေဆဲပါပဲ။

Google’s 20% Time Policy က လုပ်ငန်းအောင်မြင်မှု၊ သင့်တော်တဲ့လုပ်ပိုင်ခွင့်ပေးခြင်းရဲ့ အရေးပါမှု၊ ဖွဲ့စည်းပုံရဲ့အရေးကြီးမှု၊ ပြောင်းလဲလွယ်တဲ့ အနေအထားရှိမှုနဲ့ ဆန်းသစ်တီထွင်မှုတို့လို တန်ဖိုးကြီး သင်ခန်းစာတွေကို ပေးပါတယ်။ ဒါ့အပြင် ဆန်းသစ်တဲ့ စိတ်ကူးစိတ်သန်းတွေကို စဉ်ဆက်မပြတ် ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့၊ အရည်အသွေးပြည့်ကာ ဆန်းသစ်တဲ့ Product အသစ်တွေထုတ်ပေးခြင်းကို မြှင့်တင်ဖို့နဲ့ ဈေးကွက်မှာဦးဆောင်ထားနိုင်မှုကို ထိန်းသိမ်းထားနိုင်ဖို့အတွက် တစ်ဖက်တစ်လမ်းကနေ ပံ့ပိုးပေးပါတယ်။

ရေရှည်တိုးတက်အောင်မြင်မှုနဲ့ ဆန်းသစ်တီထွင်မှုတို့ကို မြှင့်တင်ဖို့ကြိုးစားနေကြတဲ့ အဖွဲ့အစည်းတွေ အနေနဲ့လည်း အလားတူဗျူဟာမျိုးတွေကို သင့်တော်သလို ချမှတ်သင့်ပါတယ်။ စိန်ခေါ်မှုတွေရှိနေတယ် ဆိုပေမယ့် Google ရဲ့ချဉ်းကပ်ပုံနဲ့ ဗျူဟာတွေကို ကိုယ့်ရဲ့အဖွဲ့အစည်းအတွက် လိုက်ရောညီထွေရှိသလို အသုံးချသင့်ပါတယ်။ Google ရဲ့ 20% Time က ဆန်းသစ်တီထွင်မှုနဲ့ ဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တဲ့ ပြောင်မြောက်တဲ့ ဥပမာတစ်ခုအနေနဲ့ စီးပွားရေးလောကမှာ ရပ်တည်နေနိုင်ဦးမှာ ဖြစ်ပါတယ်။ Medium Website မှ Naresh Sekar ရေးသားထားတဲ့ “Google’s “20% Time” Policy” ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

https://www.linkedin.com/.../googles-20-time-fostering...

https://medium.com/.../googles-20-time-policy-60d5706084be

Daw Theint Thinzar

BE (Civil-West Yangon Technological University)

M.Sc (Construction Project Mgt), Heriot-Watt University