လုပ်ငန်းခွင်မှာကြုံတွေ့ရတဲ့ စိတ်ခံစားချက်တွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ?

 

တစ်ခါတစ်ရံမှာ မန်နေဂျာတွေဟာ ဝန်ထမ်းတွေရဲ့စိတ်ခံစားချက်နဲ့ပတ်သက်ပြီး ဂရုပြုဖို့မေ့လျော့ နေတတ်ကြပါတယ်။ မန်နေဂျာအများစုက ဝန်ထမ်းတွေကို လုပ်ငန်းခွင်မှာ စိတ်ခံစားမှုတွေ သိပ်များများမထားဖို့ ဖျောင်းဖျလေ့ရှိကြပြီး ဒါကအရေးမကြီးတဲ့ကိစ္စတစ်ခုလို လျစ်လျူရှုဖို့ ကြိုးစားတတ်ကြတယ်။ ဒါပေမဲ့ လျစ်လျူရှုခြင်းက ဖြေရှင်းနည်းမဟုတ်သလို မကောင်းတဲ့အကျိုးဆက်တွေ ရှိလာနိုင်ပါတယ်။ လုပ်ငန်းခွင်တစ်ခုမှာ လူအများနဲ့ အလုပ်လုပ်ကြတဲ့အခါ စိတ်ခံစားချက်ကလည်း အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ လူတွေက ပျော်ရွှင်တာ၊ စိတ်ဖိစီးတာ၊ စိတ်ဆိုးတာ ဒါမှမဟုတ် ဒေါသထွက်တာတွေက သူတို့ရဲ့ စွမ်းဆောင်ရည်နဲ့ ပေါင်းသင်းဆက်ဆံရေးအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိနိုင်ပါတယ်။ လုပ်ငန်းခွင်တွင်း စိတ်ခံစားချက်ကြောင့် ဖြစ်လာတဲ့အကျိုးဆက်တွေအပေါ်မှာ နားလည်ပေးခြင်း၊ အသိအမှတ်ပြုပေးခြင်းဖြင့် မန်နေဂျာများက အဖွဲ့အသီးသီးအတွက် ကောင်းမွန်တဲ့အလုပ်ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်မှာဖြစ်သလို ဝန်ထမ်းများထူးချွန်ဖို့ အတွက်လည်း ပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်။

 

" လုပ်ငန်းခွင်တွေမှာ စိတ်ခံစားမှုက ဘာလို့အရေးကြီးတာလဲ? "

ရလဒ်များကောင်းခြင်း၊ ဆိုးခြင်းက စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုအပေါ်မှာ တစ်နည်းတစ်ဖုံ မူတည် နေပါတယ်။ ပျော်စရာကောင်းတဲ့လုပ်ငန်းခွင်က ဝန်ထမ်းတစ်ဦးချင်းစီရဲ့ အကောင်းဆုံးသော ပင်ကိုယ်အရည် အချင်းတွေ ထွက်ပေါ်စေနိုင်ပါတယ်။ လုပ်ဖော်ကိုင်ဖက်များကြားမှာရှိတဲ့ ပျော်ရွှင်မှုနဲ့ ပံ့ပိုးကူညီမှုတွေက လုပ်ငန်း ခွင်အတွင်း ကောင်းတဲ့စိတ်ခံစားချက်တွေကို ဖြစ်တည်စေပြီး ရလဒ်ကောင်းတွေကို ယူပေးနိုင်ပါတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ အလုပ်လုပ်ရတာ ကောင်းတယ်ဆိုပေမယ့် အလွန်အကျွံဖြစ်လာမယ်ဆိုရင်တော့ Productivity ကို ထိခိုက်စေမှာဖြစ်ပါတယ်။ ဒါကိုချိန်ညှိပေးဖို့ကတော့ မန်နေဂျာတွေရဲ့တာဝန်တစ်ခုပါပဲ။

စိတ်ဖိစီးမှုလွန်ကဲခြင်းက ဦးနှောက်ရဲ့စွမ်းဆောင်ရည်ကို ထိခိုက်စေပါတယ်။ စိတ်ဖိစီးခြင်းက မှတ်ဉာဏ်၊ အာရုံစူးစိုက်မှု၊ စိတ်ပိုင်းဆိုင်ရာလွှမ်းမိုးမှုတို့အပေါ် သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် စည်းကမ်းများကို လွန်လွန်ကဲကဲ ကြပ်မတ်ထားပြီး ဝန်ထမ်းတွေရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ လျစ်လျူရှုထားတဲ့ လုပ်ငန်းခွင် တွေက နောက်ဆုံးမှာ စွမ်းဆောင်ရည်နည်းပါးတဲ့ ဝန်ထမ်းတွေနဲ့ပဲ အဆုံးသတ်လေ့ရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်မှုမရှိခြင်းက ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေပါတယ်။ လုပ်ငန်းခွင်မှာ အချိန် ကြာမြင့်စွာ စိတ်ဓာတ်ကျနေခြင်းကနေတစ်ဆင့် စိတ်ရဲ့ပင်ပန်းနွမ်းနယ်မှု (Burnout) ကို ဦးတည်စေပါတယ်။ စိတ်ပင်ပန်းမှုဖြစ်ရခြင်းက မိမိတာဝန်ယူကိုင်တွယ်နေရတဲ့အလုပ်က အဓိပ္ပာယ်မရှိဘူးလို့ ယူဆမိတဲ့အခါမျိုးနဲ့ လုပ်ဖော်ကိုင်ဖက်များအပေါ် လွှမ်းမိုးနိုင်မှုမရှိခြင်း၊ ခင်မင်ရင်းနှီးမှုမရှိခြင်း စတဲ့ လုပ်ငန်းခွင်ပြဿနာ သေးသေး လေးတွေကနေ စတင်အခြေခံပါတယ်။

ကောင်းမွန်တဲ့စိတ်ခံစားမှုတွေက ဆန်းသစ်တီထွင်နိုင်ခြင်းတို့ရဲ့ အစဖြစ်ပါတယ်။ ဝန်ထမ်းများဟာ သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို ထုတ်ဖော်ပြောပြဖို့၊ စွန့်စားဖို့အတွက် စိတ်ချရတဲ့အဖွဲ့အစည်းတစ်ခုလို့ ယုံကြည် သွားတဲ့အခါ ဆန်းသစ်တဲ့အကြံဉာဏ်တွေ ထွက်ပေါ်လာနိုင်ခြေ များပါတယ်။ ထွက်ပေါ်လာတဲ့ ဆန်းသစ်တဲ့ အကြံဉာဏ်တွေကို ပံ့ပိုးကူညီမှုနဲ့ စိတ်အားထက်သန်မှုတို့ပါ ပေါင်းစပ်လိုက်တဲ့အခါမှာ အောင်မြင်တဲ့ ရလဒ်ကောင်း များအဖြစ် အသွင်ပြောင်းသွားနိုင်ပါလိမ့်မယ်။

" စိတ်ခံစားချက်တွေကို သိရှိနားလည်နိုင်စွမ်း (Emotional Intelligence) "

Emotional Intelligence ဆိုတာက ကာယကံရှင်ဖြစ်တဲ့ မိမိတစ်ဦးတည်းရဲ့စိတ်ခံစားချက်တွေကိုသိပြီး ကောင်းကောင်းကိုင်တွယ်နိုင်ခြင်းအပြင် တခြားသူများရဲ့ခံစားချက်တွေကိုပါ နားလည်သဘောပေါက်ပြီး အကောင်းဆုံးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ခြင်း ဖြစ်ပါတယ်။ Emotional Intelligence ဟာ သိမြင်မှုစွမ်းရည်ကို ဆန်းစစ်တဲ့ သမားရိုးကျဉာဏ်ရည်နဲ့မတူဘဲ နားလည်မှုများ၊ ခံစားချက်များကို စီမံခန့်ခွဲခြင်းတို့ပဲ ဖြစ်ပါတယ်။ ကိုယ့်စိတ်ကိုယ် နားလည်မယ်၊ ထိန်းချုပ်ခြင်း၊ ထိန်းညှိခြင်းတွေ လုပ်နိုင်မယ်၊ စေ့ဆော်တိုက်တွန်းမှုတွေ လုပ်နိုင်မယ်၊ သူများကိုစာနာနိုင်မယ်ဆိုရင် Emotional Intelligence ကောင်းတယ်လို့ ပြောလို့ရပါတယ်။ Emotional Intelligence က လုပ်ငန်းခွင်မှာ ဆက်ဆံရေးအခက်အခဲများနဲ့ ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရာမှာ တန်ဖိုးရှိတဲ့ အရာတစ်ခုပါ။ Emotional Intelligence ကောင်းသူများဟာ ကောင်းမွန်ပြီး အကျိုးဖြစ်ထွန်း နိုင်ခြေရှိတဲ့ အလုပ်ပတ်ဝန်းကျင်ကို ဖန်တီးနိုင်စွမ်းရှိကြပါတယ်။

" စိတ်ခံစားချက်တွေက အလုပ်အပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနိုင်လဲ? "

စိတ်ခံစားမှုက လုပ်ငန်းခွင်မှာ သက်ရောက်မှု အများကြီးရှိပါတယ်။ ကောင်းတဲ့စိတ်ခံစားချက်ရှိတဲ့အခါ Productivity နဲ့ ရလဒ်ကောင်းမွန်စေပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေးရှိစေပါတယ်။ တစ်ဖက်မှာလည်း စိုးရိမ်စိတ်၊ အဆိုးမြင်စိတ်များဟာ ပဋိပက္ခများဆီကို ဦးတည်သွားစေပြီး တာဝန်ယူထားရတဲ့ အလုပ်အပေါ် အာရုံစိုက်နိုင်မှု လျော့နည်းစေပါတယ်။ Emotional Labor ဆိုသည်မှာ လုပ်ငန်းခွင်အတွင်း မိမိရဲ့ စိတ်ခံစားချက်များကို စီမံခန့်ခွဲဖို့ ကြိုးစားမှုနဲ့ပတ်သက်ပြီး ဖော်ပြဖို့အတွက် အသုံးပြုတဲ့ ဝေါဟာရတစ်ခု ဖြစ်ပါတယ်။ Positive Emotional Labor - အခက်အခဲများနဲ့ရင်ဆိုင်နေရရင်တောင် ကောင်းတဲ့အတွေးအမြင် ထားနိုင်ခြင်း၊ စိတ်အားထက်သန်မှုရှိနေခြင်း။ ဒါမှမဟုတ် Negative Emotional Labor - စိတ်ခံစားချက် အစစ်အမှန်ကို ဖုံးကွယ်ထားပြီး အမှန်တကယ်ခံစားနေရတာနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ စိတ်ခံစားချက်ကို ပြသခြင်း။ ဝန်ထမ်းများဟာ အလုပ်ခွင်စံနှုန်းများကို လိုက်နာရန်၊ ထိန်းသိမ်းထားရန်အတွက် စိတ်ပိုင်းဆိုင်ရာ ကွဲလွဲမှုတွေ ကြောင့် ဖိစီးမှုများ ဖြစ်ပေါ်နေသည့်တိုင် ပဋိပက္ခများကို ရှောင်ရှားဖို့အတွက် ခံစားချက်အစစ်အမှန်ကို ထုတ်မပြတတ်ကြပါ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့စိတ်ခံစားမှုတွေက အလုပ်အပေါ် ဘယ်လိုပုံစံ သက်ရောက်မှုရှိနိုင်လဲ ဆိုတာ သတိထားဖို့ အရေးကြီးပါတယ်။

" စိတ်ခံစားမှုတွေက ကူးစက်တတ်လား? "

ပြီးခဲ့တဲ့နှစ်များမှာ လုပ်ငန်းခွင်အတွင်း စိတ်ပိုင်းဆိုင်ရာခံစားချက်များ ကူးစက်ခြင်းအယူအဆနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှု မြင့်တတ်လာခဲ့ပါတယ်။ လူတစ်ဦးမှတစ်ဦးဆီသို့ စိတ်ခံစားမှုနဲ့ ခံယူချက်များက ကူးစက် ပျံ့နှံ့သွားစေပြီး လုပ်ငန်းခွင် Productivity အပေါ် သိသိသာသာ သက်ရောက်မှုရှိစေပါတယ်။ Twitter အသုံးပြုသူများ အပေါ်လေ့လာမှု ပြုလုပ်ကြည့်တဲ့အခါမှာ ကောင်းတဲ့စိတ်ခံစားချက်များဟာ အဆိုးမြင်စိတ်ထက် ပိုပြီး ကူးစက်လွယ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒါပေမဲ့ စိတ်ခံစားချက်များ ကူးစက်ခြင်းက အမြဲတမ်းကောင်းတဲ့ ခံစားချက်တွေပဲ ကူးစက်တတ်တာမဟုတ်ခြင်းကို သတိပြုစေလိုပါတယ်။ တချို့ကိစ္စများမှာ ဝန်ထမ်းများဟာ စိတ်ဖိစီးနေတဲ့ကြားထဲက ပျော်ရွှင်နေတဲ့ မျက်နှာတစ်ခုရအောင် အပေါ်ယံဟန်ဆောင်ခြင်းက ဖိအားကို ပိုတိုးစေပါတယ်။ ဒီလိုနဲ့ အလုပ်အပေါ်မှာ ပျက်ကွက်မှုတွေ၊ အလုပ်အပေါ်မကျေနပ်ခြင်းတွေ ဖြစ်လာပါလိမ့်မယ်။ ယေဘုယျအနေနဲ့ စိတ်ခံစားချက်များ ကူးစက်ခြင်းက လုပ်ငန်းခွင်မှာ ကောင်းခြင်း၊ ဆိုးခြင်း နှစ်ခုလုံး ဒွန်တွဲနေကြောင်းကို နားလည်ထားဖို့ လိုအပ်ပါတယ်။

" ဝန်ထမ်းတွေရဲ့စိတ်ခံစားချက်တွေကို မန်နေဂျာတွေ ဘယ်လိုကိုင်တွယ်ဖြေရှင်းနိုင်မလဲ? "

လုပ်ငန်းခွင်မှာ မတူညီတဲ့ စိတ်ခံစားချက်တွေကို ချိန်ညှိပေးဖို့ မန်နေဂျာတွေက အရေးကြီးတဲ့ကဏ္ဍမှာ ပါဝင်ပါတယ်။ ဝန်ထမ်းများဟာ ခက်ခဲတဲ့အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အခါ သူတို့ရဲ့မန်နေဂျာတွေဆီက သင့်တော်တဲ့ လမ်းညွှန်မှုမျိုးကို မျှော်လင့်တတ်ကြပါတယ်။ ဒါကြောင့် မန်နေဂျာများအနေနဲ့ ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာပင်ပန်းမှုနဲ့ အခက်အခဲများကို သတိပြုနားလည်ဖို့ လိုအပ်ပါတယ်။ အမြဲတမ်းစိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ခံစားချက်တွေကို ထိန်းညှိဖို့ကလည်း တစ်ခါတလေစိတ်ပင်ပန်းမှု ဖြစ်စေပါသေးတယ်။ ဒါကြောင့် မန်နေဂျာတွေက ဝန်ထမ်းဆီမှာရှိနေတဲ့ စိတ်ခံစားမှုဆိုင်ရာတင်းမာမှုနဲ့ ဝန်ထုပ်ဝန်ပိုးကို လျော့ပါးစေဖို့အတွက် ကူညီပေးဖို့ လိုအပ်ပါတယ်။ ဝန်ထမ်းတွေရဲ့ စိတ်ခံစားချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့လမ်းဖွင့်ပေးပြီး လိုအပ်တဲ့ပံ့ပိုးကူညီမှုတွေ လုပ်ပေးသင့်ပါတယ်။ ဝန်ထမ်းအသီးသီးရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို သေချာနားလည်ပြီး မှန်ကန်တဲ့ ခြေလှမ်းများနဲ့ တစ်ဆင့်ချင်း ဖြေရှင်းပေးသွားမယ်ဆိုရင် ဝန်ထမ်းတွေရဲ့ စိတ်ခံစားချက်တွေကို ကောင်းမွန်စွာ ပံ့ပိုးနိုင်မှာဖြစ်ပါတယ်။

Yours for Business Website မှ “Emotions in the Workplace: Why Managers Need to Care” ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်းပဲ ဖြစ်ပါတယ်။

 

Daw Theint Thinzar

BE (Civil-West Yangon Technological University),

M.Sc (Construction Project Mgt), Heriot-Watt University.