စိတ်ဖိစီးမှုလျော့နည်းစေဖို့အတွက် ထိရောက်တဲ့နည်းလမ်းများ

စိတ်ဖိစီးမှုဆိုတာ လူတိုင်းရဲ့ ဘဝအစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ ဖြစ်လာသမျှ၊ တွေ့ကြုံလာသမျှ အ‌ခြေအနေတိုင်းကို ကိုယ်က အမြဲတမ်းထိန်းချုပ်နိုင်မှာမဟုတ်တော့ အဲ့ဒီအခြေအနေကို ကိုယ်ဘယ်လို တုံ့ပြန်မလဲဆိုတာကိုသာ ကိုယ့်ဘက်က ထိန်းချုပ်နိုင်တာ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေ များပြားလာတဲ့အခါ ကိုယ့်ရဲ့စိတ်နဲ့ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်မှုကို ထိခိုက်လာစေနိုင်တယ်။ အဲ့ဒါကြောင့် စိတ်နဲ့ခန္ဓာကိုယ်ကို တည်ငြိမ်စေကာ ထိရောက်ပြီး စိတ်ဖိစီးမှုသက်သာစေတဲ့ နည်းလမ်းတွေရှိဖို့ လိုအပ်ပါတယ်။

အချိန်တိုတွင်းလျှော့ချနည်း

(၁) ကိုယ်အတွက်အရေးပါတဲ့သူဆီက နှစ်သိမ့်မှုခံယူခြင်း၊ ပွေ့ဖက်မှုခံယူခြင်းက စိတ်ဖိစီးမှုကိုကောင်းကောင်းကြီး လျော့ချပေးနိုင်ပါတယ်။

(၂) လမ်းလျှောက်ပေးခြင်းက လေ့ကျင့်ခန်းတစ်မျိုးဖြစ်တဲ့အပြင် စိတ်ဖိစီးမှုလျော့ချတဲ့နေရာမှာ မိနစ်အနည်းငယ် အတွင်းအလုပ်ဖြစ်စေတဲ့နည်းလမ်း ဖြစ်ပါတယ်။

(၃) စိတ်ဖိစီးမှုလျော့ဖို့ အနံ့ကုထုံးကလည်း အသုံးဝင်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။

(၄) ဖန်တီးမှုအနုပညာများပြုလုပ်ပေးခြင်း၊ ပန်းချီဆွဲခြင်း၊ အရောင်ခြယ်ခြင်း စတာတွေကလည်း တကယ်ကို ကောင်းမွန်တဲ့ စိတ်ဖိစီးမှုလျော့ကျနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။

၅) စိတ်ဖိစီးမှုကြောင့် ကိုယ်ခန္ဓာမှာရှိတဲ့ တင်းနေတဲ့ကြွက်သားတွေကို အကြောလျော့ပေးတာကလည်း စိတ်ဖိစီးမှုကို အတန်အသင့် လျော့ကျစေပါတယ်။

(၆) မှန်ကန်တဲ့ အသက်ရှူလေ့ကျင့်ခန်းလုပ်တာကလည်း စိတ်ဖိစီးမှုနဲ့တင်းမာမှုတွေကို အထိုက်အလျောက် လျော့နည်းစေပါတယ်။

(၇) သီချင်းတွေရဲ့ကောင်းကျိုးက ကိုယ့်ပုံမှန်နေ့စဥ်လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်နေရင်းနဲ့ စိတ်ဖိစီးမှု လျှော့ချနိုင်တာပဲ ဖြစ်ပါတယ်။ သီချင်းတွေက ကိုယ့်ဘဝရဲ့အံ့သြစရာကောင်းတဲ့နောက်ခံကို ပေးစွမ်းနိုင်သလို ကိုယ်လက်ရှိ လုပ်ကိုင်နေတဲ့အရာတွေမှာ နှစ်သက်မှုကို ပိုတိုးစေပါတယ်။

(၈) တရားထိုင်ခြင်းက အချိန်တိုအတွင်း စိတ်ဖိစီးမှုတွေကို လျှော့ချစေနိုင်ပြီး စိတ်ဖိစီးမှုကို ကိုင်တွယ်ရာမှာ ကြာရှည်တဲ့ အကျိုးရလဒ်ကို ရရှိစေနိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

ရေရှည်စိတ်ဖိစီးမှုလျှော့ချနည်းများ

(၁) အဆီပမာဏလွန်ကဲတဲ့၊ သကြားပါဝင်မှုများတဲ့ အစားအစာများစားသုံးခြင်းက စိတ်ဖိစီးမှုကို လှုပ်ရှား သက်ဝင် စေတဲ့ စားသောက်မှုပုံစံတွေ ဖြစ်ပါတယ်။ ဒါကြောင့် သင့်တင့်မျှတတဲ့ အစားအသောက်များစားခြင်း (ကြက်ဥ၊ ထောပတ်သီး၊ အခွံမာသီး) က စိတ်ဖိစီးမှုကိုင်တွယ်တဲ့အခါမှာ ရေရှည်ထိရောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။

(၂) စိတ်အပန်းပြေစေမယ့် လုပ်‌ဆောင်ချက်တွေ ကိုယ်နှစ်သက်တဲ့ အပင်စိုက်ခြင်း၊ ပန်းဥယျာဥ်စိုက်ပျိုးပြုပြင်ခြင်း၊ အတွက် အချိန်ဖယ်ထားပြီး အဲ့အရာလေးတွေကို လုပ်ဆောင်ပေးခြင်းကလည်း ကိုယ်နှစ်သက်တဲ့အရာကို ကိုယ့်ပုံစံ အတိုင်းလုပ်ဆောင်ခြင်းက ဘဝတစ်လျှောက် စိတ်ဖိစီးမှုလျော့နည်းသက်သာလာစေနိုင်တယ်။

(၃) ကိုယ့်ကိုယ်ကိုယ် ကောင်းမွန်တဲ့စကားများပြောပေးတဲ့ အလေ့အကျင့်ပြုလုပ်ပေးခြင်းက ကိုယ့်ရဲ့ စိတ်ခံစားချက်ကို ကိုင်တွယ်နိုင်ရုံသာမက အကောင်းဘက်ဦးတည်တဲ့ အ‌ပြောအဆို၊ အပြုအမူမျိုးဖြစ်လာဖို့ အထောက်အကူပြုပေးပါတယ်။

(၄) ယောဂကျင့်ခြင်းက ကိုယ်ခန္ဓာလှုပ်ရှားမှု၊ တရားထိုင်ခြင်းသ‌ဘောတရားများ၊ ပေါ့ပါးတဲ့လေ့ကျင့်ခန်းနဲ့ အသက်ရှုခြင်း စတာတွေ‌ ပေါင်းစပ်ထားတာကြောင့် စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်တဲ့ အကောင်းဆုံး နည်းတစ်ခုဖြစ်ပါတယ်။

(၅) သာယာတဲ့နေ့လေးဖြစ်လို့ ကျေးဇူးတင်ကြောင်း၊ အလုပ်ကိုကောင်းမွန်စွာ‌ရောက်ရှိလို့ ကျေးဇူးတင်ကြောင်း စသဖြင့် ကိုယ့်ဘဝထဲက ကောင်းမွန်တဲ့အရာတွေကိုတွေးပြီးနေထိုင်ခြင်းကလည်း စိတ်ဖိစီးမှုကိုခံနိုင်ရည်ရှိစေတဲ့ အချက်တစ်ခုဖြစ်ပါတယ်။

(၆) ကိုယ့်ဘဝထဲမှာ ဘေးကနေ အားပေးကူညီမယ့်သူများရှိခြင်းကလည်း စိတ်ဖိစီးမှုကိုလျှော့ချတဲ့နေရာမှာ အများကြီး အထောက်အကူဖြစ်စေပါတယ်။ ကိုယ့်အတွက် စိတ်ခံစားချက်ကောင်းစေတဲ့ ကိုယ့်အနားက ရှိပြီးသား လူမှုအသိုင်းအဝိုင်းနဲ့ လူအသစ်တွေအပြင် ပရော်ဖက်ရှင်နယ်တွေဆီက အကူအညီရယူခြင်းကလည်း ကောင်းမွန်တဲ့ လုပ်ဆောင်ချက်ဖြစ်တယ်။

(၇) ကိုယ့်လုပ်စရာရှိတဲ့ စာရင်းများကို ပြန်လည်ကြည့်ရှုစစ်ဆေးပြီး အချိန်ကိုအကျိုးရှိရှိ စီမံမှုပုံစံနဲ့ ကြိုတင်ပြင်ဆင်ကာ စိတ်ဖိစီးမှုနည်းအောင် လုပ်နိုင်ပါတယ်။

၈) ကဖင်းဓာတ်အများကြီးသောက်သုံးနေမိခြင်း၊ ဒီဂျစ်တယ်ပစ္စည်းများ အမြဲတမ်းအသုံးပြုမိနေခြင်း၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်မှုပုံစံရှိနေခြင်း စတဲ့ စိတ်ဖိစီးမှုဖြစ်စေတဲ့အရာတွေကိုထုတ်ပစ်ခြင်း ဒါမှမဟုတ် ကိုယ်နေ့စဥ်နေထိုင်မှုပုံစံကိုပြောင်းလဲခြင်းစတာတွေ လုပ်ပေးလို့ရပါတယ်။

 

verywellmind.com websiteမှ 18 Effective Stress Relief Strategies ဆောင်းပါးကို သင့်လျော်သလို ဘာသာပြန်ဆိုထားပါတယ်။

 

Daw Myint Zu Phyo

BBM, (NMDC)

MBA, (YUE)