'' အကြပ်အတည်းကာလအတွင်း စီမံခန့်ခွဲမှုပုံစံများ ''

၂၀၂၀ ခုနှစ်အစကတည်းက ကမ္ဘာကြီးဟာ အတိုင်းအတာတစ်ခုအထိ ပြောင်းလဲနေပြီး ခန့်မှန်းတွက်ဆလို့မရတဲ့ အခြေအနေတွေဆီကို ဦးတည်နေပါတယ်။ ဆက်လက်ဖြစ်ပွားနေတဲ့ COVID-19 ကူးစက်ရောဂါ၊ ယူကရိန်း-ရုရှား စစ်ပွဲနဲ့ နိုင်ငံရေးလူ့အဖွဲ့အစည်းတို့မှာ ရာသီဥတုပြောင်းလဲမှုတွေနဲ့ အကျိုးဆက်တွေကို မြင်တွေ့နေရပါတယ်။ စီးပွားရေးလုပ်ငန်းများ၊ စွန့်ဦးတီထွင်မှုများသာမက ဆန်းသစ်တီထွင်မှုနဲ့ တစ်ကမ္ဘာလုံးအတွက် အဆိုပါ အကြပ်အတည်းများမှရိုက်ခတ်တဲ့ အနှောင့်အယှက်တွေကိုလည်း တွေ့မြင်နိုင်ပါတယ်။ လုပ်ငန်းများမှာ မမျှော်မှန်းထားတဲ့ ကြီးမားတဲ့ အပြောင်းအလဲတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ရုံသာမက အဆိုပါ အကြပ်အတည်းတွေရဲ့ ရေရှည်အကျိုးဆက်များကို ဗျူဟာကျကျ ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်ပါတယ်။

COVID-19 ကူးစက်ရောဂါကြောင့် ကျန်းမာရေးအခြေအနေ၊ လူထုစောင့်ရှောက်ရေး (socialwelfare)၊ ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှုများနဲ့ ဆက်စပ်တဲ့ ရုတ်တရက် စိန်ခေါ်မှုတွေဟာ စီးပွားရေးအခြေအနေတစ်ခုလုံးအပေါ် ပြင်းထန်တဲ့ အကျိုးသက်ရောက်မှုများ ရှိခဲ့ပါတယ်။ မူဝါဒချမှတ်သူများက စီးပွားရေးအခြေအနေအား COVID မတိုင်ခင်အခြေအနေသို့ အချိန်တိုအတွင်း ပြန်လည်ပို့ဆောင်ဖို့ စိတ်အားထက်သန်နေပေမယ့်လည်း တချို့စက်မှုလုပ်ငန်းနဲ့ တခြားသောလုပ်ငန်းတွေမှာ အကောင်အထည်ဖော်ဆောင်ဖို့အတွက် အခက်အခဲများ ရှိနေပါတယ်။ COVID-19 နဲ့ ရင်ဆိုင်နေရဆဲကာလ၊ ၂၀၂၂ မှာလည်း ယူကရိန်းစစ်ပွဲကြောင့် ပြဿနာများ ဆက်လက်ဖြစ်ပွားနေပြီး အနာဂါတ်မှာ ပိုမိုပြင်းထန်တဲ့ နောက်ထပ် အကြပ်အတည်းများ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီအကြပ်အတည်းနှစ်ခုရဲ့ ပြင်းထန်တဲ့ အပျက်သဘောသက်ရောက်မှုများ (ဥပမာ၊ အပူလှိုင်းများ၊ မိုးခေါင်မှု) တို့နဲ့အတူ အပြင်းထန်ဆုံးနဲ့ မှန်းဆလို့မရနိုင်တဲ့ ရာသီဥတုပြောင်းလဲမှုပါ လိုက်ပါလာနိုင်ပါတယ်။

''လက်ရှိ အကြပ်အတည်းများနဲ့ ယခင်နှိုင်းယှဉ်ချက်များ''

ယနေ့ခေတ် စီးပွားရေးလုပ်ငန်းတွေမှာ အဓိကအကြပ်အတည်းကြီးသုံးခုကို ရင်ဆိုင်နေရပါတယ်။ မထင်မှတ်ဘဲ ရုတ်တရက် အဖြစ်ဆုံးမှာ COVID-19 ကူးစက်ရောဂါကပ်ဘေး ဖြစ်ပါတယ်။ ကပ်ရောဂါရဲ့ရိုက်ခတ်မှုကြောင့် ပြင်းထန်တဲ့ ဆိုးကျိုးများ စဉ်ဆက်မပြတ် ထိခိုက်ခံစားခဲ့ရပါတယ်။။ COVID-19 ဟာ တစ်ဦးချင်းစီရဲ့ဘဝများ၊ ကျန်းမာရေးနဲ့ စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်စေပြီး လုပ်ငန်းအများအပြားကိုလည်း အဖက်ဖက်ကနေ ဆိုးကျိုးသက်ရောက်စေခဲ့ပါတယ်။

ဒုတိယအကြပ်အတည်းကတော့ ယူကရိန်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲဖြစ်ပါတယ်။ စစ်ပွဲစတင်ချိန်မှာ ထောက်ပံ့ရေး ကွင်းဆက်များနဲ့ အစားအသောက်များပေးပို့မှုကို ဦးစွာဖြတ်တောက်ခဲ့ပါတယ်။ ဒါ့အပြင် ရုရှားနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုများနဲ့ စွမ်းအင်ထောက်ပံ့မှုလျှော့ချခြင်းတွေက ကမ္ဘာ့ကုန်သွယ်မှုနဲ့ ထောက်ပံ့ရေးတို့ကို ကျဆင်းစေခဲ့ပါတယ်။ တတိယမြောက်အကြပ်အတည်းကတော့ ရာသီဥတုပြောင်းလဲမှုဖြစ်ပါတယ်။ ဒါရဲ့သက်ရောက်မှုများက ယခင်ကာလ တွေထက် ပိုမိုဆိုးရွားလာပြီး ပြင်းထန်လာခဲ့ပါတယ်။ ရာသီဥတုပြောင်းလဲမှုဟာ ပတ်ဝန်းကျင်ရေရှည်တည်တံ့မှုကို လိုလားတဲ့ လုပ်ငန်းစဉ်တွေကို ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် အဖွဲ့အစည်းများနဲ့ လူတစ်ဦးချင်းစီရဲ့ အမူအကျင့်တွေကို ပြောင်းလဲဖို့ လိုအပ်ကြောင်း တချို့သုတေသနပြုချက်များအရ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

'' အကြပ်အတည်းများကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း''

အကြပ်အတည်းတွေဟာ မမျှော်လင့်ထားတဲ့ ပြင်းထန်တဲ့အပြောင်းအလဲများနဲ့ဆက်စပ်နေပြီး အချိန်ကြာလာတာနဲ့အမျှ ပိုပြီးပြင်းထန်လာပါတယ်။ မသေချာမရေရာမှုတွေ-နဲ့ အနှောင့်အယှက်တွေကြောင့် လူတစ်ဦးချင်းစီနဲ့ အဖွဲ့အစည်းတွေမှာ အကြပ်အတည်းများ တွေ့ကြုံရကာ စိုးရိမ်ကြောက်ရွံ့မှုများ မြင့်တတ်လာပါတယ်။ ဒါကြောင့် အကြပ်အတည်းများမှာ တွယ်ကပ်နေတဲ့ အကြောက်တရားတွေက စိန်ခေါ်မှုများကို ပိုမိုဖြစ်ပေါ်စေပြီး စည်းလုံးညီညွတ်မှုကို လျော့နည်းစေကာ အကြပ်အတည်းတွေကို ရင်ဆိုင်ဖို့ လုပ်ဆောင်မှုများကို ကန့်သတ်သွားစေတတ်ပါတယ်။စည်းလုံးညီညွတ်မှုနည်းပါးပြီး အတ္တဆန်တဲ့ စီးပွားရေးများ မြင့်မားလာတဲ့အခါ ပြဿနာတွေကို လျှော့ချဖို့ အခွင့်အလမ်းများ ကျဆင်းလာမှာ ဖြစ်ပါတယ်။အဖွဲ့အစည်းဆိုင်ရာအကြပ်အတည်းမှာ အဓိက C-level ရှိ မန်နေဂျာတွေရဲ့ မြန်ဆန်တဲ့ဆုံးဖြတ်ချက်တွေကို လိုအပ်ကြောင်း အရင်သုတေသနပြုချက်များက ဖော်ပြခဲ့ကြပါတယ်။ မကြာခဏဆိုသလို၊ အကြပ်အတည်းများက တအုံနွေးနွေးဖြစ်နေတဲ့ အခြေအနေမှ ရွေ့လျားလာပေမယ့်လည်း ပျံ့နှံ့မှုနဲ့ မြန်ဆန်စွာတိုးလာမှုကို တားဆီးဖို့အတွက် မန်နေဂျာများက ဖြေရှင်းနည်းတွေကို ချက်ချင်းရှာဖွေဖို့ လိုအပ်ပါတယ်။

'' ယုံကြည်မှုလွန်ကဲခြင်း။ ''

အကြပ်အတည်းတစ်ခု ပေါ်ပေါက်လာတဲ့အခါ မန်နေဂျာများက ဒါကိုကိုင်တွယ်ဖြေရှင်းရာမှာ ယုံကြည်မှုလွန်ကဲစွာ ဖြစ်တတ်ကြပါတယ်။ ဆုံးဖြတ်ချက်တစ်ခုရဲ့ ရလဒ်တွေကို တိကျမှုနည်းတဲ့ ဒါမှမဟုတ် ယုံကြည်မှုလွန်ကဲတဲ့ အကဲဖြတ်မှုများ ပြုလုပ်နိုင်တာကြောင့် ထိရောက်တဲ့ ဆုံးဖြတ်ချက်ချရာမှာ ထိခိုက်နိုင်ပါတယ်။ မန်နေဂျာတွေရဲ့ ယုံကြည်မှုလွန်ကဲတဲ့ အခြေအနေတွေမှာ သိမြင်နားလည်မှု လုပ်ငန်းစဉ်များက အကြပ်အတည်းများရဲ့ စိန်ခေါ်မှုများ ဒါမှမဟုတ် ခြိမ်းခြောက်မှုတွေကို မမြင်နိုင်တာကြောင့် အကြပ်အတည်းရဲ့ အဖြေများနဲ့ လွဲချော်နေတတ်ပါတယ်။ အသေးစိတ်အနေနဲ့၊ ယုံကြည်မှုလွန်ကဲတဲ့ မန်နေဂျာတွေဟာ ဖြစ်နိုင်ခြေရှိတဲ့ ပြဿနာအများစုကို မသိဘဲ ဖြစ်နေတာကြောင့် ရှာဖွေရေး လုပ်ငန်းစဉ်များ၊ စီမံခန့်ခွဲခြင်းနဲ့ အကြပ်အတည်းများမှ အတွေးအမြင်အသစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို လုပ်ဆောင် နိုင်စွမ်းမရှိပါဘူး။

'' အသိပညာနဲ့ အတွေ့အကြုံတို့ရဲ့ကွာဟချက် ''

အရင်သုတေသနများအရ မန်နေဂျာတွေဟာ အကြပ်အတည်းနဲ့ပတ်သက်တဲ့ အခြေအနေတွေကို သိရှိနားလည်ဖို့ အသိပညာနဲ့ အတွေ့အကြုံမရှိတဲ့အတွက် တစ်ကမ္ဘာလုံးဆိုင်ရာအကြပ်အတည်းတွေရဲ့ ရေရှည်အကျိုးသက်ရောက်မှုအတွက် အရေးပါတဲ့ အချက်တွေကို မန်နေဂျာများက အကြပ်အတည်းနဲ့ပတ်သက်ပြီး ရုတ်တရက်ဖြေရှင်းနိုင်တဲ့ စွမ်းရည်မရှိကြသလို အတွေ့အကြုံ လည်းမရှိကြပါဘူး။ အသိပညာနဲ့ အတွေ့အကြုံတွေမှာ အထင်ရှားဆုံး ကွာဟချက်မှာ ကပ်ရောဂါနဲ့ ဆက်စပ်နေပါတယ်။ ကပ်ရောဂါကာလအတွင်း စီမံခန့်ခွဲမှုအတွက် အတိတ်မှ အလားတူပြဿနာဖြေရှင်းနည်းတွေကို အစားထိုးဖို့အတွက် မှန်းဆချက်နဲ့ စီမံချက်တို့မှာ မရှိမဖြစ်လိုအပ်ပါတယ်။ စစ်ပွဲနဲ့ပတ်သက်တဲ့ အကျိုးသက်ရောက်မှုတွေကတော့ အနည်းငယ် ကွဲပြားပါတယ်။ မန်နေဂျာများက စစ်ပွဲဒဏ်ခံရတဲ့ ဒေသများနဲ့ ကိုင်တွယ်ဖြေရှင်းရာမှာ အတွေ့အကြုံနဲ့ အသိပညာများ ရှိကောင်းရှိနိုင်ပါတယ်။ သို့ပေမဲ့ ကွဲပြားခြားနားတဲ့ ကိစ္စတစ်ခုမှာ ရာသီဥတုဖောက်ပြန်ခြင်းပဲ ဖြစ်ပါတယ်။ ကုမ္ပဏီများက စွမ်းအင်သုံးစွဲမှု လျှော့ချဖို့၊ အလေအလွင့်နည်းပါးစေရေး နည်းလမ်းများရှာဖွေဖို့ သူတို့ထူထောင်ထားတဲ့ ဆန်းသစ်တီထွင်မှုတွေ ရှာဖွေမှု၊ အကောင်အထည်ဖော်မှု လုပ်ရိုးလုပ်စဉ်နည်းလမ်းတွေကိုသာ ပိုမိုအသုံးပြုကြပါတယ်။

'' လွတ်လပ်တဲ့ တွေးခေါ်မှု မရှိခြင်း။ ''

မန်နေဂျာတွေရဲ့ လွတ်လပ်တဲ့တွေးခေါ်မှု မလုံလောက်ခြင်းက တီထွင်ဖန်တီးမှုဆိုင်ရာ စိတ်ကူးစိတ်သန်းများ ဖွံ့ဖြိုး တိုးတက်မှုကို နှောင့်နှေးစေကြောင်း ယခင်သုတေသနများက ဖော်ပြခဲ့ကြပါတယ်။ စိတ်ဝင်စားစရာမှာ မန်နေဂျာများက ကုမ္ပဏီထက် သူတို့ရဲ့ ကိုယ်ရေးကိုယ်တာအကျိုးစီးပွားတွေကို ဦးစားပေးလုပ်ဆောင်လာကြပါတယ်။ ဒါကြောင့်၊ မန်နေဂျာတွေဟာ အကြပ်အတည်းရဲ့ အစပျိုးမှုတွေကို အသိအမှတ်ပြု နားလည်နိုင်ပေမယ့်လည်း သူတို့ရဲ့ ပုဂ္ဂိုလ်ရေး အကျိုးစီးပွားကို ဦးစားပေးနေတာကြောင့် အကြပ်အတည်းတွေကို လုံလောက်စွာ တုံ့ပြန်နိုင်မှုမရှိခြင်း ဖြစ်လာပါတယ်။ COVID-19 ကပ်ရောဂါဟာလည်း စည်းလုံးညီညွတ်မှုကို တိုးမြှင့်ဖို့အတွက်လည်း ဖြစ်နိုင်ပါတယ်။ တချို့နိုင်ငံများမှာ ဒီအကြပ်အတည်းများက စီးပွားရေးမညီမျှမှုကို လျှော့ချဖို့နဲ့ ကျန်းမာရေးကို ပိုမိုကောင်းမွန်စွာ ကာကွယ်ပေးတဲ့ မူဝါဒများကို အကောင်အထည်ဖော်ဖို့ ကိစ္စရပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုများ စတင်ခဲ့ပါတယ်။

'' ရှုပ်ထွေးမှုနဲ့ လျှော့တွက်မှု ''

တစ်ကမ္ဘာလုံးဆိုင်ရာ အကြပ်အတည်းများဟာ အချိန်ကြာလာသည်နဲ့အမျှ ကြုံတွေ့ရတဲ့ အပျက်သဘောဆောင်မှုတွေက ပိုမိုရှုပ်ထွေးလာပါတယ်။ ပုံမှန်အနေနဲ့ အကြပ်အတည်း ကြီးကြီးမားမားဖြစ်လာလေ၊ လွှမ်းမိုးချုပ်ကိုင်နိုင်မှုများ ပိုမိုရှုပ်ထွေးလေ ဖြစ်ပြီး အကြပ်အတည်းမှ နည်းလမ်းရှာဖွေဖို့ ခက်ခဲလေလေ ဖြစ်လာတတ်ပါတယ်။ မန်နေဂျာများက ရှုပ်ထွေးမှုကို လျှော့တွက်ကြပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ရွှေ့ဆိုင်းလေ့ရှိကြပါတယ်။ အကြပ်အတည်းရဲ့ အစပျိုးမှုတွေဟာ တစ်ဆင့်ပြီးတစ်ဆင့် ပိုမိုထင်ရှားလာတဲ့အခါမှာ ဒီမသိနားမလည်မှု ဒါမှမဟုတ် လျှော့တွက်မှုတွေဟာ ပိုပြီး ပြင်းထန် လာပါတယ်။ တချို့မန်နေဂျာများကတော့ မှန်ကန်တဲ့ အာရုံစူးစိုက်မှုများနဲ့ တက်ကြွစွာ အကောင်အထည်ဖော်တဲ့ ဖြေရှင်းချက် တွေကို ရွေးချယ်ခဲ့ကြပါတယ်။

'' အကြပ်အတည်းများက စွန့်ဦးတီထွင်မှုနဲ့ ဆန်းသစ်တီထွင်မှုအပေါ် သက်ရောက်မှုရှိပုံများ ''

ကျွန်ုပ်တို့ဟာ စီးပွားရေးဆိုင်ရာအချက်များ နှေးကွေးနေခြင်းကို တွေ့ကြုံနေရပေမယ့်လည်း ကပ်ရောဂါက စွန့်ဦးတီထွင်မှု အပေါ် အပျက်သဘောဆောင်တဲ့ သက်ရောက်မှုရှိကြောင်း ပြသခဲ့ပါတယ်။ အကြပ်အတည်းများက တီထွင်ဖန်တီးနိုင်စွမ်းနဲ့ စွန့်ဦးတီထွင်မှုကိုတော့ လှုံ့ဆော်ပေးပါတယ်။ ပြဿနာတစ်ခုအပေါ် မတူညီတဲ့အမြင်များရှိခြင်းက ဆန်းသစ်တီထွင်မှုနဲ့ စွန့်ဦးတီထွင်မှုတို့ကို ဖြစ်စေပါတယ်။ အကြပ်အတည်းတစ်ခုက လူတို့အား ကိုယ်ကျင့်တရားဆိုင်ရာ ရှုပ်ထွေးမှုများသို့ ဆောင်ကျဉ်းပေးနိုင်ပါတယ်။ ဒါက ဆန့်ကျင်ဘက်အမြင်တွေကို ဖွံ့ဖြိုးတိုးတက်စေနိုင်ပါတယ်။ ဒါကြောင့် မတူကွဲပြားတဲ့ လိုအပ်ချက်များ၊ တစ်ကမ္ဘာလုံးဆိုင်ရာ အကြပ်အတည်းပေါ်ပေါက်မှုနဲ့ ပတ်သက်တဲ့ ဆန့်ကျင်ဘက် အမြင်များက ဒီစွန့်ဦးတီထွင် လုပ်ငန်းလမ်းစဉ်အတွက် မတူကွဲပြားတဲ့ အတွေးအမြင်တွေကို လှုံ့ဆော်ပေးနိုင်ပါတယ်။ သို့ပေမဲ့ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှု၊ ဉာဏ်ရည်တု၊ ကုမ္ပဏီတွေရဲ့ စည်းလုံးညီညွတ်မှု၊ သတ်သတ်မှတ်မှတ် စီးပွားရေးလုပ်ငန်းများ၊ စွန့်ဦးတီထွင်မှု နည်းဗျူဟာများ၊ အသိပညာပုံစံသစ်များ၊ ဆန်းသစ်တဲ့ တန်ဖိုးရှိစနစ်များနဲ့ Digital Platform အသစ်များဟာ အကြပ်အတည်းများအတွက် အဖြေရှာပြီး တီထွင်လာကြပါတယ်။

ဒါကြောင့် အကြပ်အတည်းကာလအတွင်း ရှင်သန်နိုင်ဖို့အတွက် စီမံခန့်ခွဲမှုများ၊ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထား သင့်ပါတယ်။ အထက်ဖော်ပြပါအချက်အလက်များဟာ တစ်ကမ္ဘာလုံးဆိုင်ရာ အကြပ်အတည်းများအကြားမှာ နားလည် ထားသင့်အချက်များ ဖြစ်ပါတယ်။

Springer.com website မှ Management in times of crises: reflections on characteristics, avoiding pitfalls, and pathways out ဆောင်းပါးကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

 

Daw Zin Lin Htet

BE (Civil-MGTU) M.Sc (Construction Project Mgt), Heriot-Watt University