မိမိကိုယ်ကိုယ် ဂရုစိုက်ခြင်းရဲ့ အကျိုးကျေးဇူးများ

မိမိကိုယ်ကိုယ် ဂရုစိုက်ဖို့ အချိန်ယူခြင်းက ပင်ပန်းနွမ်းနယ်မှုကို ရှောင်ရှားနိုင်ရုံသာမကဘဲ ကျွန်ုပ်တိုရဲ့ ဘဝတွေကို ပိုပြီးပျော်ရွှင်ကျေနပ်မှု ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ သင်က မိမိကိုယ်ကိုယ် ဂရုစိုက်ခြင်းမရှိဘဲနဲ့ တခြားအရာများကို အလွန်အကျွံ အာရုံစိုက်နေတဲ့သူဖြစ်နေပြီဆိုရင်တော့ အဲ့ဒီအခြေအနေကိုဖယ်ရှားဖို့ နည်းလမ်းများကို ရှာဖွေသင့်ပါတယ်။ ဒါမှမဟုတ် အဲ့လိုတခြားအရာတွေအပေါ် အလွန်အကျွံအာရုံစိုက်မိနေတဲ့ အလေ့အကျင့်တွေကို ပြုပြင်ဖို့ လိုအပ်ကြောင်း နားလည်ဖို့အရေးကြီးပါတယ်။ သင့်အိပ်မက်နဲ့ ဆန္ဒတွေကို လျစ်လျူရှုနေခြင်းက သင့်ကို စိတ်ဓာတ်ကျခြင်းနဲ့ နောက်ဆက်တွဲဆိုးကျိုးများ ခံစားရစေနိုင်ပါတယ်။ မိမိကိုယ်ကိုယ် ဂရုစိုက်ခြင်းဆိုတာဟာ တစ်ကိုယ်ကောင်းဆန်တာ မဟုတ်ပါဘူး။ ဒါဟာ ကိုယ့်ကိုယ်ကိုယ်ချစ်တဲ့ အလေ့အကျင့်တစ်ခုပါ။

မိမိကိုယ်ကိုယ် ဂရုစိုက်ခြင်းက အကျိုးကျေးဇူးများစွာရှိပါတယ်။ မိမိကိုယ်ကိုယ် ဂရုစိုက်ခြင်း၊ ဦးစားပေးခြင်းက စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်ပြီး ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရှိတာကို တွေ့ရပါတယ်။ ဒါ့အပြင် ကိုယ်နှစ်သက်တဲ့အရာများကို လုပ်ဆောင်ဖို့ အချိန်ရစေမယ့် နည်းလမ်းကောင်း တစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ အကြံပြုချက် တချို့ကို မျှ‌‌‌‌‌‌ဝေပေးလိုက်ပါတယ်။

၁။ မိမိအတွက် အချိန်သတ်မှတ်ပါ။

အိမ်မှာ အလုပ်အီးမေးလ်တွေ စစ်ဆေးတာ၊ reply ပြန်တာတွေမလုပ်ဘဲ ကိုယ့်ရဲ့ အားလပ်ချိန် လေးတွေကို ကိုယ့်အတွက် အပြည့်အ၀ အသုံးချသင့်ပါတယ်။ တကယ်လို့ သင်က အလုပ်မှာရော အိမ်မှာပါ အလုပ် အကြောင်းကို စဥ်းစားလုပ်ဆောင်နေပြီဆိုရင်တော့ ပြောင်းလဲဖို့ လိုအပ်ပါပြီ။ မိမိကိုယ်ကိုယ် ဂရုစိုက်တယ်ဆိုတာဟာ တခြားသူတွေထက် ကိုယ့်ရဲ့လိုအပ်ချက်နဲ့ ဆန္ဒတွေကို ဦးစားပေးတာပါ။ သင့်ကိုယ်သင် အတွက် အချိန်ယူခွင့်ရှိတယ်ဆိုတာကိုလည်း သတိပြုမိသင့်ပါတယ်။ ဒါ့အပြင် အပျက်သဘောဆောင်တဲ့ အတွေးအမြင်တွေနဲ့ အပျက်သဘောဆောင်တဲ့ ကိုယ့်ကိုယ်ကိုယ် ပြောဆိုထင်မြင်မှုတွေကိုလည်း သတိထား ရှောင်ကြဉ်ဖို့ လိုပါတယ်။ မိမိရဲ့ ကိုယ်ပိုင်အချိန်လေးတွေကို ဘယ်လိုအသုံးပြုလိုကြောင်း အာရုံစိုက်ရပါမယ်။ သင့်ကိုယ်သင် သိခွင့်ရဖို၊ ချစ်မြတ်နိုးဖို့နဲ့ သင့်ဘ၀အတွက် ပျော်ရွှင်မှုများကို ဖန်တီးဖို့ ဆိုတာတွေဟာ သင့်တာ၀န်ပဲ ဖြစ်ပါတယ်။

၂။ သင့်၀ါသနာများကို တက်တက်ကြွကြွလုပ်ဆောင်ပါ။

မိမိကိုယ်ကိုယ် ဂရုစိုက်တာဟာ တခြားအရာတွေအားလုံးကို ဂရုမစိုက်ဘဲနေတာလို့ မဆိုလိုပါဘူး။ သင့်ကို ပျော်ရွှင်စေတဲ့၊ စိတ်အားထက်သန်စေတဲ့၊ စိတ်ကျေနပ်မှုရရှိစေတဲ့ အရာတွေကို လုပ်ဆောင်သင့်ပါတယ်။ ပြောရမယ်ဆိုရင် သစ်ပင်အောက်မှာ ထိုင်တာ၊ သစ်ပင်စိုက်တာ၊ လေကောင်းလေသန့်ရှူတာ ဒါမှမဟုတ် သင်၀ါသနာပါတာလေးတွေကို ကြိုးစားလုပ်ဆောင်ကြည့်တာတွေပဲ ဖြစ်ပါတယ်။ သင်ဟာ သင်လိုချင်တဲ့အရာကို ရှာဖွေတွေ့ရှိနိုင်ဖို့အတွက် သင့်ရဲ့ခံစားချက်တွေကို အမှန်တကယ် သိဖို့လိုပါတယ်။ အလုပ်ခွင်မှာ ဆက်ဆံရေး ကောင်းမွန်စွာ တည်ဆောက်နိုင်တဲ့သူအများစုက လုပ်ဖော်ကိုင်ဖက်များနဲ့ အချိန်များစွာ ဖြုန်းလေ့ရှိကြပါတယ်။ ဒါက အချိန်အတိုင်းအတာတစ်ခုအထိ အဆင်ပြေနိုင်ပေမယ့် သင်နှစ်သက်တဲ့အရာတွေအတွက် အချိန်မရှိတာဟာ အချိန်ကြာလာတာနဲ့အမျှ သင့်ကိုယ်သင် စိတ်၀င်စားမှုကို လျော့ပါးလာစေနိုင်ပါတယ်။ ဒါ့အပြင် ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်ခြင်း၊ စိတ်ဓာတ်ကျခြင်းတိုကိုလည်း ဖြစ်ပေါ်လာစေနိုင်ပါတယ်။ လူတိုင်းဟာ ကိုယ့်ဝါသနာကို လိုက်စားဖို အချိန်လိုအပ်ပါတယ်။ အဲ့ဒါကြောင့် ဝါသနာနဲ့ အပန်းဖြေဖို့အတွက် အချိန်ဖယ်ထားခြင်းဟာလည်း ပင်ပန်းနွမ်းနယ်မှုကိုဖယ်ရှားဖို့ များစွာအထောက်အကူ ဖြစ်စေပါတယ်။

၃။ မိမိကိုယ်ကိုယ် ကြင်နာမှု၊ စိတ်ရှည်သည်းခံမှုတို့နဲ့ဆက်ဆံပါ။

ဒီနေရာမှာ အရေးကြီးဆုံး တစ်ချက်ကတော့ တခြားသူတွေကို ဆက်ဆံသလိုမျိုး မိမိကိုယ်ကိုယ် ဆက်ဆံဖို့ပါပဲ။ လူအများစုဟာ တခြားသူများကို ကြင်နာတတ်ဖို ဒါမှမဟုတ် အနည်းဆုံးယဉ်ကျေးတတ်ဖို့ လိုလားတတ်ကြပါတယ်။ သင်ဟာ တခြားသူတွေကို သင်ဆက်ဆံသလိုပဲ ကိုယ့်ကိုယ်ကိုယ် စာနာမှုရှိ၊ မရှိ ကိုပြန်လေ့လာဆန်းစစ်သင့်ပါတယ်။ တကယ်လို့ သင်ဟာ ကိုယ့်ကိုယ်ကိုယ် လျစ်လျူရှုတာမျိုးတွေ ရှိနေတယ်ဆိုရင်တော့ အပြောင်းအလဲတချို့ကို ပြုလုပ်ရပါမယ်။ ဥပမာ သင်ဟာ သင့်လုပ်ဖော်ကိုင်ဖက်ကို အမှန်တကယ် ထောက်ခံပြီး သူတိုရဲ့ ရည်မှန်းချက်တွေကို အောင်မြင်ဖို့ အားပေးနိုင်တယ်ဆိုရင် အလားတူပုံစံပဲ သင့်ကိုယ်သင် ထောက်ပံ့ပေးနိုင်တဲ့ နည်းလမ်းတွေကို စဉ်းစားပါ။ အဲ့ဒီလို မိမိရဲ့ လူမှုပတ်ဝန်းကျင်မှာ တခြားသူတွေကို အပြုသဘောဆောင်တဲ့ အမူအကျင့်ကောင်းတွေကို သင့်အိမ်မက်၊ သင့်ရည်မှန်းချက်တွေ အကောင်အထည်ဖော်ရာမှာလည်း အသုံးပြုသင့်ပါတယ်။

၄။ ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ မနှိင်းယှဉ်ပါနဲ့။

ကိုယ့်ကိုယ်ကိုယ်ထက် တခြားသူတွေကို အာရုံစိုက်ဖို့က တကယ်ကို လွယ်ကူပါတယ်။ တခြားသူတွေထက် သင့်ရဲ့စွမ်းဆောင်ရည် ဒါမှမဟုတ် ခံစားချက်တွေကို အာရုံစိုက်တတ်တဲ့ အလေ့အကျင့် ရှိပါစေ။ ဆိုလိုတာကတော့ တခြားသူတွေ အောင်မြင်တဲ့အခါမှာ သင်ဘာကြောင့် ကျရှုံးနေလဲဆိုတဲ့မေးခွန်းမျိုး မထုတ်သင့်ပါဘူး။ တစ်ခါတရံမှာ သင့်ရဲ့စိတ်နေစိတ်ထားကို ချက်ချင်းပြောင်းလဲဖို့ လွယ်ကူမှာမဟုတ်ပေမယ့် သင်လုပ်နေတဲ့အရာကို အာရုံစိုက်ပြီး တစ်စိုက်မတ်မတ် လုပ်သင့်ပါတယ်။ မိမိကိုယ်ကိုယ် ဂရုစိုက်ခြင်းက ပျော်ရွှင်မှု၊ စိတ်ကျေနပ်မှုနဲ့ ပြည့်စုံမှုတို့ကို ခံစားရစေတာကြောင့် တခြားသူတွေနဲ့ ဆက်ဆံရာမှာလည်း အမှန်တကယ် တိုးတက်ကောင်းမွန်လာစေမှာပဲဖြစ်ပါတယ်။ ဒါကြောင့် မိမိကိုယ်ကိုယ် ဂရုစိုက်ပြီး နေ့စဥ်ဘ၀မှာ ပိုမိုပျော်ရွှင်တဲ့သူတစ်ယောက် ဖြစ်လာအောင် ကြိုးစားသင့်ပါတယ်။ ဒီဆောင်းပါးပါ အကြံပြုချက်များကို လိုက်နာခြင်းဖြင့် သင်ဟာ သင့်ပတ်၀န်းကျင်မှာအ ပြုသဘောဆောင်တဲ့ လူတစ်ဦး ဖြစ်လာမှာဖြစ်ပြီးတော့ သင့်ရဲ့ဘဝမှာလည်း ပျော်ရွှင်မှုတွေ ပိုမိုရရှိလာမှာပဲ ဖြစ်ပါတယ်။

Tracking Hapiness မှ Ways to Focus on Yourself ကို ဆီလျော်အောင် မြန်မာဘာသာပြန်ဆို ကိုးကား ရေးသားထားပါတယ်။

Daw Thwet Shwe Yee Htun

B. Com, M.com (MEUE)

Meiktila University of Economics