AI Tools များအသုံးပြုခြင်းအတွက် လိုက်နာရမယ့်အချက်များ

ChatGPT လိုမျိုး Artificial Intelligence (AI) အထောက်အကူပြု စာသားများရေးထုတ်ပေးနိုင်တဲ့ tools များဟာ အဆင့်မြင့်ပညာရေးကဏ္ဍမှာ သင်ယူခြင်းနဲ့ အကဲဖြတ်စစ်ဆေးမှုခံယူရခြင်းအတွက် အခွင့်အလမ်းသစ်များကို ပေးဆောင်ပါတယ်။ ပညာရေးရည်ရွယ်ချက်များအတွက် AI tools များကို သင်ယူမှု ဖြစ်စဉ်အတွင်း တာဝန်သိစွာ အသုံးပြုခြင်းဟာ ကျောင်းသားများအတွက် အရေးတကြီး လိုက်နာရမယ့် အချက်တစ်ခုပဲ ဖြစ်ပါတယ်။

ကျောင်းသားများဟာ တခြားအရင်းအမြစ်များမှ အကြောင်းအရာကို‌ မိမိရေးသားတင်ပြချက်တွေမှာ ဖော်ပြတဲ့အခါ ရည်ညွန်းချက် အကိုးအကားပေးရသလို AI tools များမှ ထုတ်ပေးတဲ့ စကားစုတစ်ခု ၊ စာကြောင်း တစ်ခုလုံး ဒါမှမဟုတ် စာပိုဒ်တစ်ခုကို အသုံးပြုဖော်ပြတဲ့အခါ ကိုးကားချက်ပေးတာမျိုးနဲ့ တာဝန်သိစွာ အသုံးပြုရပါမယ်။ ဒါ့အပြင် ကျောင်းသားများဟာ သူတို့ရဲ့ နောက်ဆက်တွဲ စာရင်း (Appendix) မှာ AI ကို မေးမြန်းတဲ့ မေးခွန်း/မေးမြန်းချက် နဲ့ AI မှ ထုတ်ပေးတဲ့ စာသားမှတ်တမ်းများကို ပြုပြင်ပြောင်းလဲလို့ မရလွယ်တဲ့ screenshot ပုံများနဲ့ သက်ဆိုင်ရာဆရာများက အကိုးအကားများဟာ အစစ်အမှန်ဖြစ်ကြောင်း သုံးသပ်နိုင်ဖို့ ထည့်သွင်းဖော်ပြပေးရပါတယ်။ Plagiarism checker များဟာ ယခုအခါ ခိုးကူးမှုများကို ဖော်ထုတ်ရာမှာ အသုံးပြုတဲ့ Originality Report လိုမျိုး လုပ်ဆောင်ပေးနိုင်တဲ့ AI ပါဝင်ရေးသားမှုအညွန်းကိန်း နဲ့ AI အသုံးပြုထားမှု အစီရင်ခံစာကို သက်ဆိုင်ရာ ဆရာများထံ ပံ့ပိုးပေးနေနိုင်ပြီဖြစ်ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ သင်တန်း program အသီးသီးမှာ AI အသုံးပြုခြင်းနဲ့ ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းများ သတ်မှတ်အသုံးပြုလာပြီဖြစ်တဲ့အတွက် ပြစ်ဒဏ်ပေးအရေးယူခံရတာ မဖြစ်စေဖို့ လိုက်နာရမယ့်အချက်တွေကို သတိထားရပါမယ်။

 AI tools များကို မိမိရဲ့ပညာရပ်ဆိုင်ရာလေ့လာမှုမှာ တာဝန်သိသိနဲ့ ကျင့်ဝတ်သိက္ခာရှိရှိ အသုံးပြုဖို့ သင်ယူခြင်းက အရေးကြီးတဲ့ ကျွမ်းကျင်မှု skill တစ်ခု ဖြစ်ပါတယ်။ မိမိရဲ့ AI အပေါ်အသုံးပြုမှု များပြားလာတာနဲ့အမျှ အဲဒီ tools တွေရဲ့ သိထားသင့်တဲ့ ကန့်သတ်ချက်တချို့ကို သတိပြုရပါမယ်။

မပြည့်စုံ မတိကျ အချက်အလက်များထုတ်ပေးခြင်း

ChatGPT လိုမျိုး AI tools တချို့ဟာ 2021 ခုနှစ် စက်တင်ဘာလအထိနဲ့ အဲဒီကာလမတိုင်မီက အကြောင်းအရာတွေကိုသာ လေ့ကျင့်သင်ကြားထားပါတယ်။ ဒါကြောင့် အကြောင်းအရာဟာ ခေတ်နောက်ကျ နေနိုင်တယ် ဒါမှမဟုတ် မပြည့်စုံနိုင်ပါဘူး။ အထူးသဖြင့် အကြောင်းအရာကို တိုက်ရိုက်ကိုးကားခြင်း ဒါမှမဟုတ် ပညာရပ်ဆိုင်ရာ လေ့လာသုံးသပ်ခွဲခြမ်းစိတ်ဖြာမှုများအတွက် အသုံးပြုမယ်ဆိုပါက တိကျ သေချာမှုရှိစေဖို့ AI မှ ထုတ်ပေးတဲ့ အကြောင်းအရာများရဲ့ အချက်အလက် စစ်ဆေးဖို့ အကြံပြုထားပါတယ်။ ဒီကိရိယာတွေကို ဘယ်လိုအသုံးပြုရမယ်၊ ဘယ်လိုအသုံးချသင့်တယ်၊ ဘယ်အချိန်မှာ အသုံးပြုရမယ်ဆိုတာကို ကိုယ်တိုင် အကောင်းဆုံး ဆုံးဖြတ်ပါ။

အချက်အလက် ဘက်လိုက်မှုရှိခြင်းနဲ့ မတူကွဲပြားမှုတွေကို ထည့်သွင်းစဉ်းစားမှု မရှိခြင်း

လေ့ကျင့်ပေးထားတဲ့ အချက်အလက်များမှာ ဘက်လိုက်မှု၊ အကြောင်းအရာတစ်ခုနဲ့တစ်ခု ပုံစံမတူ ကွဲပြားမှုတွေကို ထည့်သွင်းစဉ်းစားမှု မရှိခြင်းတို့ ရှိနေနိုင်ပါတယ်။ AI tools  များကထုတ်ပေးတဲ့ အရေးအသားဟာ ဆော့ဖ်ဝဲကွန်ပျူတာပရိုဂရမ်များနဲ့ ထုတ်လုပ်ထားတာကြောင့် လေ့ကျင့်သင်ကြား ပေးထားတဲ့ အကြောင်းအရာပေါ်မှာပဲ နားလည်နိုင်စွမ်းရှိမည်ဖြစ်ပြီး  အကြောင်းအရာ မတူကွဲပြားမှုတွေကို ထည့်သွင်းစဉ်းစားနိုင်မှုမရှိဘဲ ဘက်လိုက်တဲ့ အချက်အလက်တွေကို ပြန်လည်ထုတ်ပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် AI ထုတ်ပေးတဲ့ အကြောင်းအရာမှာ  ဘက်လိုက်တဲ့ အချက်အလက်များကို အဖြစ်မှန်၊ အချက်အလက်မှန်နေသလိုမျိုး အခိုင်အမာဖော်ပြနေနိုင်ပါတယ်။ အလားတူပဲ လေ့ကျင့်ပေးထားတဲ့ အချက်အလက်များဟာ ကွဲပြားမှုမရှိပါက ထွက်လာတဲ့ရလဒ်ဟာ တစ်ဖက်သတ် လွှမ်းမိုးတဲ့ အချက်အလက် များကိုသာ ဦးစားပေး ဖော်ပြနိုင်ပါတယ်။ ဒီအချက်က AI tools  များ အသုံးပြုခြင်းအတွက် အဓိက ကျင့်ဝတ်ဆိုင်ရာ စိုးရိမ်စရာများထဲမှ တစ်ခုဖြစ်ပါတယ်။

Output ဟာ input လောက်သာ ကောင်းမွန်ခြင်း

AI tools  များမှ ထွက်လာတဲ့ အကြောင်းအရာဟာ မိမိထည့်သွင်းထားတဲ့ မေးမြန်းချက်အတိုင်းသာ ကောင်းမွန်ပါမယ်။ AI tool တစ်ခုမှ ရရှိတဲ့ ရလဒ်များရဲ့ အရည်အသွေးက မိမိပေးထားတဲ့ မေးမြန်းချက် ပေါ်မှာပဲ မူတည်ပါတယ်။ အရည်အသွေးပြည့်မီတဲ့ ရလဒ်များရရှိဖို့ AI ဆီ မေးမြန်းချက်များကို ဘယ်လို အကောင်းဆုံး ပံ့ပိုးပေးကာ မေးမြန်းရမယ်ဆိုတာ လေ့လာဖို့နဲ့ ပြန်လည်ပြင်ဆင်ဖို့ အချိန်ယူရမှာ ဖြစ်ပါတယ်။  AI မှ ထုတ်ပေးတဲ့ ရလဒ်များ ဘယ်လိုကွဲပြားနိုင်တယ်ဆိုတာကို သိရှိနိုင်ဖို့ တူညီတဲ့ မေးခွန်းအကြောင်းအရာကို မေးနည်းပုံစံအမျိုးမျိုးနဲ့ ပြောင်းလဲမေးကြည့်ပါ။ ဒါမှသာ မိမိလိုချင်တဲ့ အကြောင်းအရာနဲ့ကိုက်ညီမယ့် အချက်အလက်တွေကို ရှုထောင့်အမျိုးမျိုးမှ ချင့်ချိန်သုံးသပ်နိုင်ပါမယ်။

ဝေဖန်ပိုင်းခြားတွေးခေါ်သုံးသပ်ခြင်းများအတွက် အစားထိုး မဟုတ်ခြင်း

စာသင်သား ကျောင်းသားများအနေနဲ့ စာသင်ခန်းအတွင်းမှာပဲဖြစ်ဖြစ်၊ အကဲဖြတ်စစ်ဆေးမှု ခံယူရာမှာပဲဖြစ်ဖြစ် သူတို့ရဲ့ ပါဝင်ဆောင်ရွက်မှုမှာ ဝေဖန်ပိုင်းခြားတွေးခေါ်မှု၊ ပေါင်းစပ်မှုနဲ့ ခွဲခြမ်းစိတ်ဖြာမှု ပြုလုပ်ဆောင်ရွက်တင်ပြပေးဖို့ လိုအပ်ပါတယ်။ AI tools များဟာ လူသားမဟုတ်တာကြောင့်မို့ ဒီလိုမျိုး တွေးခေါ်မှုမျိုးကို ပေးစွမ်းနိုင်စွမ်း မရှိပါဘူး။

စာဖတ်ခြင်းအတွက် အစားထိုး မဟုတ်ခြင်း

AI tools များမှ ထုတ်ပေးတဲ့ အကြောင်းအရာတွေကို လေ့လာဖတ်ရှုခြင်းက ဘာသာရပ်ဆိုင်ရာ ဆောင်းပါး၊ စာအုပ် စတဲ့ဖတ်ရှုခြင်းအတွက် အစားထိုးခြင်းမလုပ်နိုင်ပါဘူး။ ကျောင်းသားများဟာ ဘာသာရပ်အလိုက် ရည်ညွန်းချက်ပေးထားတဲ့ အကိုးအကား ပြဌာန်းစာအုပ်များ၊ web site များ ၊ ပညာရေး ဂျာနယ်စာစောင်တွေလို အမှန်တကယ် အရင်းအမြစ်များကို လေ့လာဖတ်ပြီးမှသာ မိမိရေးသားတင်ပြရမယ့် assignment တွေမှာ ခိုင်မာမှုရှိတဲ့ အကိုးအကားအထောက်အထားများအဖြစ် သင်ရိုးညွှန်းတမ်း အကြောင်း အရာတွေကို ကိုးကားဖော်ပြမှသာ အရည်အသွေးပြည့်မီတဲ့ ရေးသားတင်ပြချက်တစ်ခု ဖြစ်ပါမယ်။

AI နဲ့ အပြန်အလှန်မေးမြန်းတုံ့ပြန်မှုများကို မပျက်မကွက်ဖော်ပြရခြင်း

မိမိရဲ့ ကိုယ်ပိုင်အားထုတ်မှု မူရင်းမဟုတ်တဲ့ ဘယ်လိုစိတ်ကူးများ ဒါမှမဟုတ် အရေးအသားမျိုး အတွက်မဆို AI tools များအသုံးပြုခြင်းကို သက်ဆိုင်ရာ တက္ကသိုလ်ရဲ့ ပြဌာန်းသတ်မှတ်ထားတဲ့ ရည်ညွန်းချက်အကိုးအကား ပုံစံများနဲ့ ကိုးကားဖော်ပြရမယ့်အပြင် AI မှ မိမိလိုချင်တဲ့ အကြောင်းအရာနဲ့ ကိုက်ညီမယ့် အချက်အလက်များ ရရှိဖို့ AI tool တစ်ခုနဲ့ အပြန်အလှန် မေးမြန်းထားတဲ့ တုံ့ပြန်မှုအားလုံးကို နောက်ဆက်တွဲဖော်ပြချက် (appendix) မှာ အပြည့်အစုံထည့်သွင်း ဖော်ပြဖို့ လိုအပ်ပါတယ်။

အထက်ဖော်ပြပါ အချက်တွေကို သတိထားလိုက်နာဆောင်ရွက်ပြီး AI tools များကို သင်ယူမှုဖြစ်စဉ် အတွင်း တာဝန်သိစွာ အသုံးပြုရင်တောင်မှ AI အသုံးပြုခြင်းနဲ့ပတ်သက်တဲ့ ပညာရေးပြစ်မှုများနဲ့ ငြိစွန်းနေနိုင် သေးတယ်ဆိုတာကို သတိပြုရပါမယ်။ ဒါကြောင့် ကျောင်းသားများဟာ AI ကို အကျိုးရှိစွာ ဆင်ခြင် အသုံးပြုကြဖို့နဲ့ မိမိတို့ရဲ့ ကိုယ်ပိုင်အားထုတ်မှုများနဲ့သာ ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်း၊ ခွဲခြမ်းစပ်ဖြာ ဆန်းစစ်ခြင်းတွေကို ရေးသားတင်ပြချက်များမှာ ဖော်ပြသင့်ပါတယ်။ ဒါ့အပြင် မိမိတက်ရောက်နေတဲ့ တက္ကသိုလ် (ဒါမှမဟုတ်) program ရဲ့ ပြဌာန်းထားတဲ့ AI နဲ့ပတ်သက်တဲ့ ပညာရေးပြစ်မှုတွေကို အမှန်တကယ် သိရှိနားလည်အောင် လေ့လာပြီး လိုက်နာဆောင်ရွက်မှသာ AI ကို ပညာရေးမှာ မလျော်ကန်စွာ အသုံးပြုခြင်း ပြစ်ဒဏ်များမှ ကင်းလွတ်နိုင်မှာပဲ ဖြစ်ပါတယ်။ 

 

- Walden University ရဲ့ Guidelines for Using ChatGPT and Other AI Tools in Writing and Research လမ်းညွန်ချက်ကို ဆီလျော်အောာင် မြန်မာပြန်ဆိုထားပါတယ်။

 

U Myo Htet Naing

B.Com (Hons), M.Com (YIE)