လုပ်ငန်းခွင်ထဲက Good Leaders နဲ့ Bad Leaders

လုပ်ငန်းခွင်တိုင်းလိုလို မန်နေဂျာတွေဟာ လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို ပုံဖော်ဖို့နဲ့ သူတို့အဖွဲ့‌တွေရဲ့ အောင်မြင်မှုကို ရနိုင်ဖို့ အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ပါတယ်။ ဒါပေမဲ့ မန်နေဂျာတိုင်းဟာ ခေါင်းဆောင်များ မဟုတ်ကြပါဘူး။ စိတ်ဓာတ်ကျစေပြီး အဆိပ်အတောက်ဖြစ်စေတဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို ဖန်တီးပေးတဲ့ Bad Leaders နဲ့ ဝန်ထမ်းတွေကို စိတ်အားတက်ကြွစေတဲ့ ခေါင်းဆောင်ကောင်းတို့ကြားမှာ ထူးခြားတဲ့ ကွာခြားချက်ရှိပါတယ်။ ဒါဆို ဘာတွေကွာခြားလဲဆိုတာ လေ့လာကြည့်ကြပါစို့။

1. Vision and Purpose

Good Leaders - ခေါင်းဆောင်ကောင်းတစ်ဦးဟာ ရှင်းလင်းပြတ်သားတဲ့အမြင်ရှိပြီး သူ့ရဲ့အဖွဲ့ကို ထိထိ ရောက်ရောက် ချိတ်ဆက်ပေးနိုင်ပါတယ်။ သူတို့ဟာ တခြားသူတွေကို ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ပေးနိုင်ပြီး တစ်ဦးချင်းပန်းတိုင်များကို အဖွဲ့အစည်းရဲ့ ရည်မှန်းချက်နဲ့ ချိန်ညှိပေးတတ်ကြပါတယ်။ ဥပမာ Elon Musk ဆိုရင် တိကျခိုင်မာတဲ့အမြင်တွေကို ရှင်းရှင်းလင်းလင်းနဲ့ စိတ်အားထက်သန်စွာ ဖော်ပြတတ်တဲ့ CEO တစ်ဦးအဖြစ် မကြာခဏ ညွှန်းဆိုတတ်ကြပါတယ်။ ရေရှည်တည်တံ့တဲ့ စွမ်းအင်နဲ့ အာကာသစူးစမ်း လေ့လာရေးအပေါ် သူ့ရဲ့အာရုံစူးစိုက်မှုဟာ ဝန်ထမ်းများနဲ့ ထောက်ခံအားပေးသူများကြား ဆွဲဆောင်နိုင်ခဲ့ပါတယ်။

Bad Leaders - Bad Leaders ကတော့ ပြတ်သားတဲ့အမြင် ကင်းမဲ့ပြီး ပန်းတိုင်တွေကို ရှင်းရှင်းလင်းလင်း မဖော်ပြတတ်ကြပါဘူး။ သူတို့ဟာ လမ်းကြောင်းတွေကို မကြာခဏပြောင်းခြင်း ဒါမှမဟုတ် အသေးအမွှားက အစ စီမံခြင်းကြောင့် အဖွဲ့၀င်များအကြား ရှုပ်ထွေးမှုများနဲ့ စိတ်ပျက်မှုများကို ဖြစ်စေနိုင်ပါတယ်။ သူတို့ရဲ့ ခေါင်းဆောင်မှုဟာ စုပေါင်းအောင်မြင်မှုထက် တစ်ကိုယ်ရည်အကျိုးအမြတ်ကို အာရုံစိုက်ပြီး ကိုယ်ကျိုးစီးပွားကို ထမ်းဆောင်တတ်ပါတယ်။

2. Communication

Good Leaders - ထိရောက်စွာပြောဆိုဆက်ဆံတတ်ခြင်းဟာ ခေါင်းဆောင်မှုကောင်းတစ်ယောက်ရဲ့ အမှတ်အသားပဲ ဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းတွေဟာ သူတို့အဖွဲ့နဲ့ပတ်သက်ပြီး တက်ကြွစွာ နားထောင် တတ်ခြင်း၊ အကြံပြုချက်ရယူတတ်ခြင်း၊ အပြုသဘောဆောင်တဲ့ လမ်းညွှန်မှုများကို ပေးလေ့ရှိကြပါတယ်။ ၎င်းတို့ဟာ ချဉ်းကပ်ရလွယ်ကူပြီး ပွင့်လင်းမြင်သာမှုနဲ့ ယုံကြည်မှုရှိတဲ့ ယဉ်ကျေးမှုကို ဖော်ဆောင်ပေးနိုင်တဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုမျိုးကို အားပေးတတ်ကြပါတယ်။

Microsoft ရဲ့ CEO ဖြစ်သူ Satya Nadella ဟာ သူ့ရဲ့ထိရောက်တဲ့ ဆက်သွယ်မှုစွမ်းရည်နဲ့ပတ်သက်ပြီး ကောင်းမွန်စွာ အသိအမှတ်ပြုခံရပါတယ်။ Nadella ဟာ သူ့ရဲ့စာတွေမှာ အားလုံးသာတူညီမျှ ပါဝင်နိုင်မှု၊ ဆန်းသစ်တီထွင်မှုနဲ့ ကျင့်ဝတ်ဆိုင်ရာ ခေါင်းဆောင်မှုရဲ့ အရေးပါမှုကို အလေးပေးဖော်ပြတတ်ပါတယ်။

Bad Leaders - ဆက်ဆံရေးညံ့ဖျင်းခြင်းဟာ Bad Leaders များရဲ့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပဲ ဖြစ်ပါတယ်။ သူတို့ဟာ အတွေးအမြင်တွေကို ငြင်းဆန်တတ်ခြင်း၊ သတင်းအချက်အလက်များကို ချုပ်ကိုင်ထားတတ်ခြင်း ဒါမှမဟုတ် ရှုပ်ထွေးပွေလီစွာ ပြောဆိုဆက်ဆံတတ်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ရှင်းရှင်းလင်းလင်းမရှိခြင်းဟာ နားလည်မှုလွဲမှားစေပြီး အသင်းအဖွဲ့ စည်းလုံးညီညွတ်မှုကို ပျက်ပြားစေနိုင်ပါတယ်။

3. Empowerment and Support

Good Leaders - Good Leaders များဟာ အဖွဲ့ဝင်များကို တာဝန်လွှဲအပ်တတ်ပြီး သူတို့ရဲ့ စွမ်းဆောင်ရည်များကို ယုံကြည်ခြင်းဖြင့် အဖွဲ့၀င်များကို ခွန်အားပေးတတ်ကြပါတယ်။ သူတို့ဟာ တိုးတက်မှုအတွက်လိုအပ်တဲ့ အခွင့်အလမ်း၊အရင်းအမြစ်တွေနဲ့ အထောက်အပံ့များကို ပံ့ပိုးပေးတတ်ကြပါတယ်။ အောင်မြင်မှုများကို ချီးကျူးဂုဏ်ပြုတတ်ကြပြီး အမှားတွေကို သင်ယူမှုအတွေ့အကြုံအဖြစ် ရှုမြင်တတ်တဲ့ ယဉ်ကျေးမှုကို အားပေးလေ့ရှိကြပါတယ်။ Nadella ရဲ့ ဦးဆောင်မှုအောက်မှာ Microsoft ဟာ ကျရှုံးခြင်းကနေ သင်ယူခြင်းကိုအားပေးပြီး တိုးတက်လိုစိတ် ရှိခြင်းကို အလေးထားပါတယ်။ Nadella ရဲ့ ပွင့်လင်းမြင်သာမှု၊ စဉ်ဆက်မပြတ်တိုးတက်မှုနဲ့ ဆန်းသစ်တီထွင်မှု ရှိတဲ့ယဉ်ကျေးမှုကို မြှင့်တင်ပေးတတ်ခြင်းဟာ မကြာသေးမီနှစ်များအတွင်း Microsoft ရဲ့ အသွင်ကူးပြောင်းရေးနဲ့ အောင်မြင်မှုမှာ အဓိကကျတဲ့တစ်ချက်ပဲ ဖြစ်ပါတယ်။

Bad Leaders - Bad Leaders တွေဟာ သူတို့ရဲ့အဖွဲ့ကို တီထွင်ဖန်တီးနိုင်စွမ်းနဲ့ အစပြုမှုကို တားဆီးတတ် ကြပါတယ်။ သူတို့ရဲ့ ခေါင်းဆောင်မှုပုံစံဟာ အဖွဲ့၀င်များကို စွန့်စားဖို့ဝန်လေးစေခြင်း၊ ဆန်းသစ်တီထွင်ဖို့ ဝန်လေးစေခြင်း စတဲ့အကြောက်တရားကို အခြေခံစေတဲ့ပတ်ဝန်းကျင်ကို ဖန်တီးပေးတတ်တာကြောင့် သတိထားဖို့ လိုအပ်ပါတယ်။

4. Emotional Intelligence

Good Leaders- စိတ်ခံစားမှုနဲ့ပတ်သက်ပြီး ထိန်းချုပ်နိုင်ခြင်းဟာ ခေါင်းဆောင်ကောင်းများရဲ့ အဓိက အရည်အချင်းတစ်ခုပဲ ဖြစ်ပါတယ်။ သူတို့ဟာ ကိုယ့်ကိုယ်ကိုယ်နားလည်မှု၊ စာနာစိတ်ရှိပြီး သူတို့ရဲ့ စိတ်ခံစားချက်တွေကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ကြပါတယ်။ သူတို့ဟာ တခြားသူများရဲ့ စိတ်ခံစားချက် တွေကို နားလည်တတ်ပြီး တစ်ဦးချင်းနဲ့ အဖွဲ့ လိုအပ်ချက်တွေကို ပံ့ပိုးပေးလေ့ရှိပါတယ်။ စိတ်ခံစားမှုနဲ့ ပတ်သက်ပြီး ထိန်းချုပ်နိုင်ခြင်းကို အလေးပေးတဲ့အတွက် လူသိများတဲ့ခေါင်းဆောင်ကတော့ Salesforce ရဲ့ ပူးတွဲတည်ထောင်သူနဲ့ CEO လည်းဖြစ်တဲ့ Marc Benioff ဖြစ်ပါတယ်။ Benioff ဟာ လုပ်ငန်းခွင် တန်းတူညီမျှမှုကို အာရုံစိုက်တဲ့ လုပ်ဆောင်မှုများအပါအ၀င် သူ့ရဲ့သနားကြင်နာမှုနဲ့ လူမှုရေးအရ တာဝန်ယူမှုရှိတဲ့ ခေါင်းဆောင်မှုပုံစံကြောင့် အသိအမှတ်ပြုခံရပါတယ်။

Bad Leaders - Bad Leaders တွေကတော့ စိတ်ခံစားမှုနဲ့ ပတ်သက်ပြီး ထိန်းချုပ်နိုင်ခြင်းကင်းမဲ့ပြီး မာနကြီးတာ၊ စိတ်မြန်တာ၊ ဒါမှမဟုတ် မခံမရပ်နိုင်ဖြစ်မှုတွေလိုမျိုး စရိုက်လက္ခဏာတွေကို ပြသတတ်ပါတယ်။ သူတို့ဟာ အချက်အလက်အမှန်တွေထက် စိတ်ခံစားမှုအပေါ် အခြေခံလေ့ရှိတာကြောင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်များချနိုင်ပြီး အဖွဲ့အတွင်း လိုက်လျောညီထွေရှိတဲ့ ခေါင်းဆောင်မှုနဲ့ သဘောထားကွဲလွဲမှုများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

5. Accountability and Integrity

Good Leaders - Good Leaders တွေဟာ သူတို့ရဲ့လုပ်ဆောင်ချက်တွေမှာ သမာဓိနဲ့တာဝန်ခံမှုကိုပြသပြီး ဦးဆောင်လေ့ရှိပါတယ်။ သူတို့ရဲ့အမှားတွေအတွက် တာဝန်ယူလေ့ရှိပြီး အဖွဲ့အတွင်းမှာ တာဝန်ခံတတ်ခြင်း ယဉ်ကျေးမှုကို အားပေးလေ့ရှိပါတယ်။ သူတို့ဟာကျင့်ဝတ်စံနှုန်းများကို လိုက်နာတတ်ကြပြီး လုပ်ဖော်ကိုင်ဖက် များရဲ့ လေးစားမှုနဲ့ ယုံကြည်မှုကို ရရှိတတ်ကြပါတယ်။ သမာဓိနဲ့တာဝန်ခံမှုကို လိုက်နာလေ့ရှိတဲ့ ခေါင်းဆောင်တစ်ဦးကတော့ Ford Motor ကုမ္ပဏီကို ပွင့်လင်းမြင်သာမှုနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ဦးဆောင်မှုအပေါ် အာရုံစိုက်ပြီး ဦးဆောင်ခဲ့သူ Alan Mulally ပဲ ဖြစ်ပါတယ်။ ၎င်းဟာ ပွင့်လင်းတဲ့ဆက်သွယ်မှုပုံစံ၊ အဖွဲ့လိုက်လုပ်ဆောင်တတ်ခြင်းနဲ့ အဖွဲ့အစည်းတစ်ခွင်လုံးမှာ တာဝန်ခံမှု ယဉ်ကျေးမှုကို မြှင့်တင်ပေးတာကြောင့် လူသိများပါတယ်။

Bad Leaders - Bad Leaders တွေကတော့ ရိုးသားမှုကင်းမဲ့ပြီး တာဝန်ခံမှုကို ရှောင်တတ်ကြပါတယ်။ သူတို့ဟာ ရှုံးနိမ့်မှုအတွက် တခြားသူများကိုအပြစ်တင်ခြင်း လုပ်တတ်ကြပါတယ်။ သူတို့ရဲ့လုပ်ဆောင်ချက်တွေဟာ ယုံကြည်မှုကိုပျက်ပြားစေပြီး နာကြည်းမှုနဲ့ သဘောထားကွဲလွဲမှု စသဖြင့် အပျက်သဘောဆောင်တဲ့ အလုပ်ပတ်ဝန်းကျင်ကို ဖန်တီးပေးတတ်ပါတယ်။

Good Leaders နဲ့ Bad Leaders ကြားက ကွာခြားချက်က ရှင်းပါတယ်။ တစ်ဦးက လှုံ့ဆော်မှု၊ ခွန်အားပေးမှု၊ ပံ့ပိုးမှုပေးမှာဖြစ်ပြီးတော့ တခြားတစ်ဦးက သဘောထားကွဲလွဲမှု၊ မယုံကြည်မှုနဲ့ မကျေနပ်မှုများကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။ ဒီကွဲပြားမှုတွေကို နားလည်ခြင်းအားဖြင့် လုပ်ငန်းတွေဟာ ထိရောက်တဲ့ခေါင်းဆောင်မှုနဲ့ အဖွဲ့၀င်တိုင်း ရှင်သန်နိုင်တဲ့ယဉ်ကျေးမှုကို ပြုစုပျိုးထောင်နိုင်ပါတယ်။

References

Schwantes, M., 2024. What Separates Good Leaders from Bad Managers Boils Down to 5 Simple Choices. [Online]

Available at: https://www.inc.com/.../5-things-that-separate-good...

[Accessed 20 July 2024].

Daw Hninn Pwint Oo

B.Com(Q), M.Com (Meiktila University of Economics)