နောက်အစီအစဉ် (Future plan)

စာဖတ်သူအနေနဲ့ ဒီမေးခွန်းလေးတွေကို ဖြေကြည့်ပါ။

• နောက်တစ်နှစ်နေရင် သင်ဘာဖြစ်နေမှာလဲ။

• သင့်ဘေးမှာ ဘယ်သူတွေရှိနေမှာလဲ။

• သင်ကရော ဘာလုပ်နေမှာလဲ။

• သင့်ကျန်းမာရေးအခြေအနေနဲ့ဝင်ငွေလမ်းကြောင်းက ဘယ်လိုဖြစ်နေမှာလဲ။

• သင့်အလုပ်ကို ဘယ်လိုပုံစံနဲ့အနားယူမှာလဲ။

ဒီမေးခွန်းတွေဟာ အမှတ်တမဲ့ဖြေကြည့်ပြီး လွယ်မယ်ထင်ရင် နောက်တစ်ခေါက်ထပ်ဖတ်ပြီး ဖြေကြည့်ပါ။ ဒီမေးခွန်းက သင့်အနာဂတ်ကို ဖော်ညွှန်းတဲ့မေးခွန်းဖြစ်သလို၊ သင့်ပစ္စုပ္ပန်ကာလကို သတိပေးတဲ့မေးခွန်းလည်းဖြစ်တယ်။ တစ်ပြိုင်နက်တည်းမှာပဲ သင့်ရဲ့အစီအစဉ်တွေကို မေးတဲ့မေးခွန်းဖြစ်သလို သင့်ကို တွေဝေသွားစေမယ့် မေးခွန်းလည်းဖြစ်ပါတယ်။

ကျွန်တော်တို့ လူတော်တော်များများက “မနက်ဖြန်အစီအစဉ်က ဘာလဲ” လို့မေးရင် အလွယ်တကူဖြေနိုင်ကြပေမယ့် “နောက်နှစ်ဒီအချိန်မှာ မင်းဘာဖြစ်နေမလဲ”ဆိုရင် တွေဝေနေပါလိမ့်မယ်။ မတွေဝေဘဲ မဆိုင်းမတွဖြေနိုင်တဲ့သူဆိုရင်တောင် သူပြောတဲ့အချိန်မှာ သူပြောထားတဲ့အတိုင်း အစီအစဉ်တွေကို လုပ်နိုင်ဖို့ အင်မတန်ခက်ပါတယ်။ တကယ်တော့ နောက်နှစ်မှာ သင်ဘာဖြစ်မယ်ဆိုတဲ့မေးခွန်းက သိပ်အခက်ကြီးလည်း မဟုတ်ပြန်ဘူး။ တစ်ခုသိထားရမှာက “သင်အခုဘာလုပ်နေသလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။” သင်အခုဘာလုပ်နေလဲဆိုတာ သိဖို့လိုပေမယ့် ဒါတွေက သင်နေ့တိုင်းရုံးသွား၊ ရုံးပြန်ကိစ္စတွေနဲ့ ရုံးလုပ်ငန်းမှာ ခေါင်းနစ်နေတာမျိုးကို ပြောတာလည်း မဟုတ်ပြန်ပါဘူး။

ကျွန်တော်ဆိုလိုတဲ့နောက်အစီစဉ်ဆိုတာ သင့်လက်ရဲ့ လက်ရှိအသက်မွေးဝမ်းကြောင်းလုပ်ငန်းနဲ့ သင့်ဘဝအနာဂတ် အတွက် ဖြည့်သင့်တဲ့စွမ်းရည်တွေကို ပြောတာပါ။ ဒါကို အင်္ဂလိပ်လို Career planning လို့ ပြောလို့ရပါတယ်။ Career planning လုပ်ခြင်းက သင့်ရဲ့ ပရော်ဖက်ရှင်နယ်အိပ်မက်တွေကို လမ်းပြမြေပုံသဖွယ်ဖော်ပြပေးနိုင်ပါတယ်။ အရင်ဆုံးကိုယ့်ကိုယ်ကိုယ် သိဖို့လိုပါတယ်။

ကိုယ့်ကိုယ်ကိုယ် သိပါ။

ကျွန်တော်တို့တွေက ကိုယ့်ကိုယ်ကို သိဖို့လိုပါတယ်။ ကိုယ်ဘာလုပ်ချင်လဲ။ ဘာဝါသနာပါလဲ။ ကိုယ်လုပ်နိုင်တဲ့ အသက်မွေးဝမ်းကြောင်းက ဘာလဲ။ ကိုယ်လုပ်ချင်တာ ဘာမှန်းမသိရင် ဘယ်သူမှ ကယ်ပေးလို့ ရမှာ မဟုတ်ပါဘူး။ လက်ရှိလုပ်နေတဲ့အလုပ်မှာ ဝါသနာပါလား။ ကိုယ့်အတွက်အကျိုးများအောင် လုပ်နိုင်စွမ်းရှိလား။ ဒါတွေကို သိရမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့စံတန်ဖိုး၊ ကိုယ့်ရဲ့တန်ဖိုးထားမှုကို သိပြီဆိုရင်တော့ ဒုတိယအချက်ကို ဆက်လုပ်လို့ရပါတယ်။

ကိုယ့်ကိုယ်ကိုယ် ဖြည့်ပါ။

ကျွန်တော်တို့လူငယ်တွေဟာ အလှအပအတွက် မှန်ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ပြန်သတဲ့အလုပ်ကို အမြဲလုပ်ကြ ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့အရည်အချင်းတွေကိုရော တသသရှိကြရဲ့လားဆိုတာ ပြန်စဉ်းစားရပါတယ်။ ယနေ့ခေတ် ကြီးမှာ ကျွန်တော်တို့တွေဟာ အလုပ်တစ်ခုရှိနေလို့ “ငါအဆင်ပြေပြီ”ဆိုတဲ့ မလုပ်၊ မရှုပ်၊ မပြုတ်စိတ်ထားမွေးလို့ မရတော့ပါ။ ကိုယ့်အောက်က တက်လာတဲ့လူငယ်တွေက ကိုယ့်ကိုအမီလိုက်လာကြတဲ့အခါ ကိုယ်က ကြီးပေါကြီး ဖြစ်မနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သင့်မှာ လက်ရှိအလုပ်တစ်ခုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကိုယ့်ကိုယ်ကိုယ် ပြန်သ၊ ကိုယ့်ကိုယ်ကိုဖြည့်နေဖို့ လိုအပ်ပါတယ်။ ဒါမှ ကိုယ့်အသက်မွေးဝမ်းကြောင်းအလုပ်က အသက်ရှည်ပါလိမ့်မယ်။ ဒါမှ သင့်လုပ်ငန်းအတွက် လိုအပ်မယ့် သင်တန်းတွေ တက်လို့ရမယ်၊ အကူအညီအချိတ်အဆက်တွေ ရှာလို့ရမယ်။ သင့်ရဲ့ လမ်းကြောင်းတွေကိုလည်း ချဲ့ထွင်နိုင်ပါလိမ့်မယ်။

ပန်းတိုင်ငယ်တွေ သတ်မှတ်ပါ။

အလုပ်တစ်ခုလုပ်တဲ့အခါ ရေရှည်နဲ့ရေတိုကို သိဖို့လိုတယ်။ ကိုယ်လုပ်ချင်တာက ရေရှည်ကာလ သွားမှာလား၊ ရေတိုသွားမှာလား သိဖို့လိုအပ်ပါတယ်။ ရေရှည်ပဲဖြစ်ဖြစ်၊ ရေတိုပဲဖြစ်ဖြစ် သင်ဟာ ပန်းတိုင်ငယ်လေးတွေတော့ ရှိဖို့လိုအပ်ပါတယ်။ ပန်းတိုင်ငယ်က ဘာနဲ့တူသလဲဆိုတော့ သင်ခဏတဖြုတ် အားဖြည့်တဲ့ သင့်ရဲ့အောင်မြေနဲ့ အတူတူပါပဲ။ အောင်မြင်မှုဆီသွားတဲ့ခရီးမှာ သင်က လမ်းအရှည်ကြီးကို တစ်ခါတည်း အရောက်သွားဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ပန်းတိုင်ငယ်လေးတွေက သင့်အောင်မြင်မှုဆီသွားရာလမ်းမှာ မှတ်တိုင်သဖွယ် ဆောင်ကျင်းပေးမှာပါ။

နောက်ပြီး ဘဝဆိုတာကို ဒဿနအမြင်နဲ့ပြောရရင် “ဘဝဆိုတာ ခဏတွေကို စုထားတာဖြစ်တယ်။” ဘဝရဲ့ ခဏချင်းစီကို စုလိုက်တဲ့အခါ ဘဝကြီး ဖြစ်လာတာပဲ။ သင်အထက်တန်းအောင်လာတဲ့ပုံစံကိုပဲ မြင်ယောင်ကြည့်ပါ။ အထက်တန်းအောင်ဖို့ ဆယ်နှစ်ကြာတယ်ပဲ အကြမ်းဖျင်းဆိုပါစို့။ ဆယ်တန်းမှာ ဆယ်နှစ်နေရတာမဟုတ်ပါဘူး။ မူလတန်းမှာလည်း ဆယ်နှစ်နေရတာမဟုတ်ဘူး။ တစ်ရက်ချင်း၊ တစ်လချင်း၊ တစ်နှစ်ချင်းစုပေါင်းပြီး နှစ်များစွာ ဖြစ်လာရတာပါ။ သင့်အောင်မြင်မှုလမ်းခရီးမှာလည်း ပန်းတိုင်ငယ်တွေ စုစည်းပြီး သင့်အိပ်မက်ကို အရောက်သွားပါ။

အောင်မြင်မှုကို ရေရှည်ခရီးအဖြစ်သတ်မှတ်ပါ။

နောက်ထပ်အောင်မြင်မှုဆိုတာ ရေရှည်ခရီးဖြစ်တယ်ဆိုတာ သိသင့်ပါတယ်။ တကယ့်စစ်မှန်တဲ့အောင်မြင်မှုမှာ ဖြတ်လမ်းမရှိပါဘူး။ လိုအပ်တဲ့ကျွမ်းကျင်မှု၊ အတွေ့အကြုံစတာတွေကို စုပေါင်းပြီး ရလာတာပါ။ အောင်မြင်မှုကို ရေတိုနည်းနဲ့အချိန်တိုတွင်းရောက်မယ်လို့လည်း မစဉ်းစားလိုက်ပါနဲ့။ ဒါဟာ ဖြည်းဖြည်းချင်းချီတက်ရမယ့် လမ်းဖြစ်တယ်။ လောစရာလည်း မလိုပါဘူး။ အောင်မြင်မှုဆိုတာကို ရေရှည်ခရီးလို့သတ်မှတ်လိုက်တာနဲ့ သင့်ရဲ့အရောက်လှမ်းချင် စိတ်တွေမှာ လောစရာမလိုတော့ပါဘူး။ နောက်ပြီး အောင်မြင်မှုရလာတဲ့အခါမှာလည်း အဲ့ဒီအောင်မြင်မှုကို ရေရှည်ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ လိုအပ်ပါတယ်။

ပိုက်ဆံရဲ့ထိန်းချုပ်အောက်က လွတ်ကင်းနေပါ။

ကျွန်တော်တို့အလုပ်လုပ်နေတာတွေဟာ ပိုက်ဆံရဖို့ဆိုပေမယ့် ပိုက်ဆံရဲ့ထိန်းချုပ်မှုအောက်ကလည်း လွတ်ကင်းဖို့ လိုအပ်ပြန်ပါတယ်။ သင့်ရဲ့အသက်တာမှာ ပိုက်ဆံရှာဖို့တင် အချိန်ကုန်သွားလို့မဖြစ်ပါဘူး။ ပိုက်ဆံရှာချိန် ရှိဖို့လိုသလို၊ ပျော်ရွှင်ချိန်ရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ပိုက်ဆံရဲ့ထိန်းချုပ်မှုအောက်က ဝေးကွာအောင် လုပ်ရပါမယ်။ သင့်ရဲ့အသက်အရွယ်တစ်ခုမှာ ပိုက်ဆံကို အိပ်နေရင် ဝင်အောင်လုပ်ဖို့ လိုအပ်ပါတယ်။ (ဒါကို စာဖတ်သူတို့အနေနဲ့ Passive Income ဆိုတဲ့ခေါင်းစဉ်နဲ့ လေ့လာကြည့်နိုင်ပါတယ်။)

အလုပ်နဲ့ဘဝ သမမျှတမှုရှိပါ။

အလုပ်နဲ့ဘဝ သမမျှတတယ်ဆိုတာကို အင်္ဂလိပ်လို Work-Life Balance လို့ ပြောရမယ်ထင်တယ်။ ကျွန်တော်တို့ တွေက အလုပ်နဲ့ဘဝကို သမမျှတမှုရှိဖို့ လိုအပ်ပါတယ်။ Work-Life Balance သာရှိရင် သင့်ရဲ့ လုပ်ဆောင်မှုတွေက သွက်လက်နေနိုင်ပါတယ်။ အလုပ်ကိုချည်း ဖိလုပ်နေတဲ့သူနဲ့စာရင် သင်က ပျော်ပျော်ရွှင်ရွှင်နဲ့အလုပ်ကို လုပ်နိုင်တဲ့အပြင် ပိုလည်း လုပ်နိုင်ပါလိမ့်မယ်။ နောက်ပြီး သင့်ရဲ့ ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှစ်ခုစလုံး ကောင်းမွန်ပြည့်စုံ လာပါလိမ့်မယ်။ ဒီအချက်အလက်တွေကို ဖတ်ရှုပြီး သင့်ရဲ့နောက်အစီအစဉ်ကို စဉ်းစားတွေးတောကြည့်ပါ။ နောက်နှစ်မှာ သင်ဖြစ်ချင်တာ ဖြစ်ရဖို့ အခုအစီအစဉ်ချပြီး အနာဂတ်ကို သွားရာလမ်းကြောင်းမှာ ရှင်းပစ်ရမယ့် စူးတွေနဲ့ စိုက်ပျိုးရမယ့် မျိုးစေ့တွေကို သင်သိလောက်ပြီလို့ ယူဆပါတယ်။

 

U Aung Thu

B.Com, M.Com (Mtl Eco)

PG Dip Research Studies (Myw Eco)